Sunday, September 28, 2014

“ဦးဟန်သာမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း”

“ဦးဟန်သာမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဦးရွှေမန်းကို သမ္မတအဖြစ် ဒီချုပ် ထောက်ခံမည်ဟု နိုင်ငံခြားသတင်းဌာန
ရေးသားချက်ကို ငြင်းဆို” ဟုခေါင်းစဉ်တပ်ထားတဲ့သတင်း မျိုးကို
7 Days Journal အပါအ၀င် ဂျာနယ်အတော်များများမှာ အလားတူပုံစံမျိုးကို
ဖတ်လိုက်ရပါတယ်။

ဂျာနယ်တွေထဲမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စု
လွှတ်တော်နာယကသူရဦးရွှေမန်းကိုသမ္မတအဖြစ်ထောက်ခံမည်” ဆိုတဲ့
အချက်ကိုပဲဇောင်းပေးပြီးဖေါ်ပြသလိုဖြစ်နေလို့ [14 Sep 2014 နေ့စွဲပါ]
VOA က NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟန်သာမြင့် ကို
တွေ့ဆုံမေးမြန်း ခဲ့စဉ်တုန်းက ဦးဟန်သာမြင့်ရဲ့ သဘာဝကျတဲ့
သဘောထားနဲ့ သူ့ရဲ့ ချင့်ချင့်ချိန်ချိန်ပြောခဲ့ဘူးတာကို
ဖတ်ခဲ့ဘူးလို့ ပြန်ရှာပြီးတင်ပေးတာပါ။

အဲ့ဒီမှာ ဦးဟန်သာမြင့် ပြောသွားတာက ......
“ဒေါ်အောင်ဆန်းစုကြည် မရှိရင် အစားထိုးနိုင်တဲ့ ခေါင်းဆောင်တွေ
မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ အပြင်မှာလည်း ရှိနိုင်တယ်။
အတွင်းထဲမှာလည်း ရှိနိုင်ပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့
ဒီလို အခုလိုပေါ့ အကုန်လုံးက လှုပ်ရှားနေတဲ့ အချိန်ကာလကြီးမှာ၊
ရွေ့ လျားနေတဲ့ အချိန်ကာလကြီးမှာ ကျနော်တို့က ဘယ်သူက
ဒေါ်အောင်ဆန်းစုကြည်ပြီးရင်၊ ဒုတိယခေါင်းဆောင်က ဘယ်သူ?
တတိယခေါင်းဆောင်က ဘယ်သူ? ဘယ်အလွှာက ဘယ်လိုဆိုတာကို
မပြောတာ ကောင်းတယ်လို့ ထင်ပါတယ်။”

*********************************************************
"တွေ့ဆုံမေးမြန်းခန်း” အပြည့်အစုံ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅
ရွေးကောက်ပွဲအတွက် တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်နိုင်ရေးကို
မဟာမိတ် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြောပါတယ်၊ NLD ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်တဲ့ တိုင်းရင်းသားဆက်ဆံရေးကော်မတီက မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေ ခေါင်းဆောင်တွေနဲ့ လစဉ်ဆွေးနွေးမှုတွေလည်း
လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ဦးဟံသာမြင့်က ပြောပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ
ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့ကိုယ်ပိုင်အမြင်အရ ထိထိရောက်ရောက်
ဖြစ်လာမယ်လို့ မထင်ဘူးလို့ ဆိုပါတယ်၊ ၂၀၁၂ ရွေးကောက်ပွဲ ကတိတွေ
အပေါ် NLD ပါတီရဲ့ ဆောင်ရွက်မှု၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်
မှုတွေကို ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသားညွှန့်ဦး ။ ။ အန်ကယ်ဦးဟန်သာမြင့် အခုလို VOA
လာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးတင်ပါတယ်။ ကျနော် အရင်ဆုံး
မေးချင်ပါတယ်။ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပါတီကို တရားဝင်မှတ်ပုံတင်ခဲ့တယ်။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲလည်း လာပါတော့မယ်။ အဲဒီတော့ ပြီးခဲ့တဲ့ကာလ
ရွေးကောက်ပွဲဝင်ဖို့အတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူထုကို ပြောခဲ့တာတွေရှိတယ်။ ဘာတွေလုပ်မလဲဆိုတာတွေ အဲဒါကို
အန်ကယ် အမြင်နဲ့ NLD အနေနဲ့ ဘယ်လောက်အထိ
လုပ်နိုင်ပြီလို့ သုံးသပ်မိပါသလဲ။
ဦးဟံသာမြင့်။ ။ ၂၀၁၂ ရွေးကောက်ပွဲမှာ ကျနော်တို့ ပြောခဲ့တဲ့ဟာ (၃) ခု
ရှိပါတယ်။ တခုက တရားဥပဒေစိုးမိုးရေး၊ နောက် ငြိမ်းချမ်းရေး အဲဒါတွေက
တတ်နိုင်တဲ့ကိစ္စတွေ အကုန်လုံးကတော့ ကျနော့်အနေနဲ့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်တာလည်းရှိမယ်။ တိုးတက်တာလည်းရှိမယ်။ မတိုးတက်
လာဘဲ ရပ်နေတာလည်းရှိမယ်။ တချို့ ကိစ္စတွေက ဆိုကြပါစို့ ငြိမ်းချမ်းရေး
အတွက် National Reconciliation ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စတွေက
ကျနော်တို့ကနေ စပြီးတော့ ဦးဆောင်ပြီး လုပ်လို့ရတဲ့အလုပ် မဟုတ်ဘူး။
မလုပ်တဲ့အခါကြတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင်တော့ ကျနော်တို့ရဲ့ 
ပါဝင်ဆောင်ရွက်မှုက နည်းသေးတယ်လို့လည်း ပြောလို့ရတယ်။
သို့သော် ဥပဒေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ။ အဲဒီကိစ္စကိုတော့ ကျနော်တို့အနေနဲ့ တော်တော်ကြီးလုပ်ဆောင်နိုင်တယ်လို့ ယူဆတယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ ဖွဲ့စည်းပုံပြင်
ဆင်ရေးကိစ္စဆိုရင် လွှတ်တော်ထဲမှာ လုပ်သလို၊ လွှတ်တော်ပြင်ပမှာလည်း
အခုဆိုရင် လက်မှတ်ထိုးနေတာတွေလည်း လုပ်နေတယ်။ ဒါ ဘယ်လောက်
ထိ သွားနေသလဲ။ ခရီးရောက်နေပြီလို့ ပြောနိုင်လဲ။
ဦးဟံသာမြင့်။ ။ ခရီးရောက်တယ် မရောက်ဘူးဆိုတာတော့ နှစ်ခုရှိတာပေါ့။ တဖက်က ပြည်သူလူထုရဲ့  ဖွဲ့စည်းပုံအခြေခံပေါ်မှာ ရှိနေတဲ့ Awareness
ခေါ်မယ်။ သူတို့ရဲ့  အသိအမြင်ကို ကျနော်တို့ အများကြီး မြှင့်တင်နိုင်ခဲ့တယ်။ လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ကျန်တဲ့ကိစ္စတွေ ဟောပြောပွဲတွေ လုပ်တဲ့ဟာနဲ့ အများကြီး မြှင့်တင်နိုင်ခဲ့တယ်။ ဒါကလည်း ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာမှာ
လူထုရဲ့ အား။ ဒီဖက်မှာ လုပ်နိုင်တယ်။ လွှတ်တော်ဖက်မှာလည်း ကျနော်တို့
အနေနဲ့ အမတ်များက ပါရမယ့်နေရာတွေမှာ ပါခွင့်ရသလောက် ပါခဲ့တယ်။
ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ဆွေးနွေးတာ ဘာတွေဆိုတာကို ထုတ်ဖော်
မပြောပေမဲ့ သူတို့အနေနဲ့ တော်တော်ကို အကြိတ်အနယ် ဆွေးနွေးပြီးတော့
လိုအပ်တဲ့ input ထည့်နိုင်တယ်လို့ ယူဆပါတယ်။
ဦးသားညွှန့်ဦး ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စက ပထမ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲမှာလုပ်ဖို့ ကြိုးပမ်းတာ တွေ့ရပါတယ်။ ဒါပေမဲ့
နောက်ပိုင်းမှာ (၄၃၆) ပြင်ဆင်ရေးဆိုတဲ့ လှုပ်ရှားမှုတွေ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေ ပေါ်လာတော့ ဒါက လွှတ်တော်ထဲမှာ လုပ်လို့မရလို့
အပြင်ထွက်လုပ်ရတဲ့ သဘောလား။
ဦးဟံသာမြင့်။ ။ လွှတ်တော်ထဲမှာ လုပ်လို့မရလို့ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ
လည်း ကျနော်တို့ ဆက်လုပ်မယ်။ အပြင်ကလည်း လုပ်မယ်ဆိုတဲ့ သဘောပါ။
ဒါက အားနှစ်ဖက်လုံးက လုပ်ရမယ်။ ဒီလိုပဲ ပြည်သူလူထုရဲ့  Opinion ဆိုတာ လွှတ်တော်ထဲကိုလည်း သိရမယ်ဆိုတဲ့သဘောနဲ့ လုပ်တာပါ။
အဲဒီတော့ နှစ်ဖက်စလုံးက တပြိုင်တည်းလုပ်တဲ့ကိစ္စက တစ်ခုချင်း ခွဲလုပ်တာ
မဟုတ်ပါဘူး။ တပြိုင်တည်းလုပ်တဲ့ ကိစ္စပါ။
ဦးသားညွှန့်ဦး ။ ။ ပြင်ပမှာလုပ်တဲ့ဟာက လွှတ်တော်ထဲကို ဘယ်လောက်အထိ
ထိရောက်မှု ရှိတယ်လို့ ယူဆပါသလဲ။
ဦးဟံသာမြင့်။ ။ ဒါကလဲ ကျနော်တို့ ပြောလို့မရဘူး။ လွှတ်တော်ကို တင်ထား
တယ်။ လွှတ်တော်ထဲမှာရှိတဲ့ ကော်မတီတွေရှိတယ်။ သူတို့ဆက်ပြီးတော့
ဒီကိစ္စကို ဆက်ဆောင်ရွက်ပါမယ်။ သူတို့ လုပ်ဆောင်ချက်တွေက
လွှတ်တော်ရဲ့  လုပ်ထုံလုပ်နည်းအရ အပြင်ကို မပေါက်ကြားဘူးဆိုတော့
ကျနော်တို့လည်း သိခွင့်မရှိဘူး။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲဆိုရင် နောက်နှစ်ဆို
ရောက်ပါတော့မယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးက တကယ်ပြောမယ်ဆိုရင်
(၁) နှစ်လောက်ပဲ အချိန်ရပါတယ်။ အဲဒီတော့ အလားအလာ ဘယ်လို ရှိပါသလဲ။
ဦးဟံသာမြင့်။ ။ အလားအလာကတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဖြစ်နိုင်
သလောက် လုပ်ဖို့ဟာပဲ ကျနော်တို့မှာ ရှိတယ်။ ကျနော့်ရဲ့  Personal ကိုယ်ပိုင်
အမြင်နဲ့ ကြည့်မယ်ဆိုရင် ကျနော်ကတော့ ဖြစ်လာလိမ့်မယ်၊
ထိထိရောက်ရောက် ဖြစ်လာလိမ့်မယ်လို့တော့ မထင်ဘူး။ သို့သော် ကျနော်တို့အနေနဲ့က ရွေးကောက်ပွဲက ရွေးကောက်ပွဲပဲ။ ဒီဖွဲ့စည်းပုံအခြေခံပြင်ဖို့ ဖြစ်တာမဖြစ်တာဆိုတာက နောက်တပိုင်း။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုကိုတော့
လုပ်ရမယ်လို့တော့ ယူဆတယ်။ ဒါက ကျနော့်ရဲ့  ကိုယ်ပိုင်အမြင်ပါ။
ဦးသားညွှန့်ဦး ။ ။ ကိုယ်ပိုင်အမြင်တခု ထပ်မေးချင်ပါတယ်။ အန်ကယ်အမြင်ပေါ့
NLD အမြင် မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စက လက်ရှိ ဖွဲ့စည်းပုံအရဆိုရင် အကန့်အသတ် အများကြီးရှိတယ်။ ဒါကို ပြင်ဖို့လည်း
ပြောတယ်။ တချို့  အာဏာရ တာဝန်ရှိသူတွေ။ သမ္မတကိုယ်၌ကလည်း
အများလက်ခံရင် ပြိုင်လို့ရပါတယ်ဆိုတဲ့ စကားပြောလာတာရှိတယ်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် တကယ်တမ်း သမ္မတ ယှဉ်ပြိုင်နိုင်မယ့်
အလားအလာလမ်း ပွင့်လာပြီလို့ အန်ကယ် မြင်ပါသလား။
ဦးဟံသာမြင့်။ ။ ဒီကိစ္စကို ပြောရတာခက်တယ်။ ဘာကြောင့်လဲဆိုတော့
ဗမာပြည်မှာ အခုဖြစ်နေတဲ့အတိုင်းဆိုရင် ပြောရင်တော့ လွှတ်တော်မှာ ဘယ်နှစ်ရာခိုင်နှုန်း၊ ပြည်သူလူထု referendum ဘာတို့ ပြောနေပေမဲ့
တကယ့်တကယ်တော့ ဆုံးဖြတ်ချက်ကို တကယ်လုပ်နေတဲ့လူက
နည်းနည်းလေးပါ။ အဲဒီ နည်းနည်းလေးတွေက ဘယ်လို စဉ်းစားမလဲ။
သူတို့ စဉ်းစားပုံက ဘယ်လို ပြောင်းသွားမလဲဆိုတာကို ကျနော်တို့လည်း
မှန်းလို့မရဘူး။
ဦးသားညွှန့်ဦး ။ ။ နည်းနည်းလေးဆိုတာ ဘယ်လို နည်းနည်းလေးလဲ။
ဦးဟံသာမြင့်။ ။ လူအနည်းစုသာ ဖြစ်တယ်ပေါ့။ လက်တစုပ်စာလို့တော့
ကျနော် မပြောပါဘူး။ ဒါပေမဲ့ လုပ်နေတဲ့လူက အနည်းစုပါ။
ဒီ အနည်းစုက ဆုံးဖြတ်နေကြတာပါ။
ဦးသားညွှန့်ဦး ။ ။ ကာလုံကို ဆိုလိုတာလား။
ဦးဟံသာမြင့်။ ။ ကာလုံတင် မကဘူးပေါ့။ အပြင်မှာကော အတွင်းမှာကော
ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းမှာရှိတဲ့လူ၊ ဖွဲ့စည်းပုံအခြေခံအပြင်မှာ
ဘာမှရေးမထားသော်လည်း အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီလူတွေရဲ့  စဉ်းစားတဲ့ပုံက ပြောင်းသွားရင်၊ ရုတ်တရက် ပြောင်းသွားရင် ဒါတွေက အများကြီး ပြောင်းသွားနိုင်ပါတယ်။ ဒါကို ကျနော်တို့က အခု
ပုံသေချပြီးတော့ တွက်လို့မရပါဘူး။
ဦးသားညွှန့်ဦး ။ ။ ဒီလိုမျိုး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊
တိုင်းပြည်အနာဂတ် ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အနေနဲ့ လက်ရှိ အာဏာရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုအားကောင်းလာလား။ အခု ရွေးကောက်ပွဲနီးလာတော့ နောက်ဆုတ်သွား
လား။ ဘယ်လို အခြေအနေ ရှိပါလဲ။
ဦးဟံသာမြင့်။ ။ ပိုပြီးတော့ လှုပ်ရှားမှု များလာတယ်လို့ပဲ ပြောပါရစေ။ ရှေ့ တိုးလား၊ နောက်ဆုတ်လားဆိုတော့ ကျနော်လည်း သိပ်ပြီးတော့ မသိဘူး။
ဦးသားညွှန့်ဦး ။ ။ ကျနော်ဆိုလိုတာက ပူးပေါင်းဆောင်ရွက်မှုပါ။
ဦးဟံသာမြင့်။ ။ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့က ပိုပြီးတော့ လှုပ်ရှားမှု များတယ်
လို့ပဲ ပြောပါရစေ။ Interaction များတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက အမျိုးသားဒီမိုကရေစီပါတီ ကိစ္စပါ။ ပါတီကိစ္စ
ဆိုတော့ တကယ်တမ်း ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြီးဆုံး အတိုက်အခံပါတီလို့ ပြောလို့ရပါတယ်။ ပါတီတည်ဆောက်ရေးနဲ့ ပတ်သက်လို့
အန်ကယ်တို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ဝေဖန်သံတွေလည်း
တချို့ ကြားရလို့ပါ။
ဦးဟံသာမြင့်။ ။ ပါတီ တည်ဆောက်ရေးနဲ့ ပတ်သက်လို့တော့ ၂၀၁၃ ခုနှစ်တုန်းက
ကျနော်တို့ ညီလာခံတစ်ခု လုပ်ခဲ့တယ်။ အဲဒီ ညီလာခံလုပ်တုန်းက ကျနော်တို့ အတွေ့အကြုံကတော့ ညီလာခံလုပ်ရတာ တော်တော်လည်း ခက်ခက်ခဲခဲ ရှိတယ်။
အဲဒီတုန်းက လုပ်ခဲ့ပြီးတော့ အကုန်လုံးကို တတ်နိုင်သမျှ ရွေးကောက်ပွဲပုံစံနဲ့ပဲ
လုပ်ခဲ့တယ်။ တတ်နိုင်သမျှဆိုတာ အကုန်လုံးပါပဲ။ အကုန်လုံးကို ရွေးကောက်တဲ့
ပုံစံနဲ့ မဲပေးတဲ့ပုံစံနဲ့ လုပ်လာပြီးဆိုတော့ ဒီအပေါ်မှာပဲ အခြေခံပြီးတော့
လိုအပ်သလို အားဖြည့်တာတို့၊ ပြုပြင်ပြောင်းလဲတာတို့၊ ဒါလေးတွေပဲ လုပ်ရမယ်။
ဒါကြီးကို အစက ပြန်ဖျက်ပြီးတော့ နောက် အပေါ်ကနေ ဆင်းလာတဲ့ပုံ လုပ်လို့
မဖြစ်တော့ပါဘူး။ အခုတော့ ဒီအတိုင်းပဲ ဆက်လုပ်နေပါတယ်။ အဲဒီတော့
၂၀၁၅ ခုနှစ် မတိုင်ခင်မှာ ကျနော့်အမြင်ပေါ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရရင်
၂၀၁၅ မတိုင်ခင်မှာ ဒီလိုပဲ ပါတီညီလာခံ နောက်ထပ်တခု ထပ်လုပ်လို့ရမလား
ဆိုရင် မလုပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ လုပ်သင့်တာလား၊ မလုပ်သင့်တာလား။
ဦးဟံသာမြင့်။ ။ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ ဘာကြောင့်ပါလဲ။
ဦးဟံသာမြင့်။ ။ ဘာကြောင့် မလုပ်သင့်ဘူးဆိုရင် ကျနော်တို့အနေနဲ့လုပ်ရင်
ရွေးကောက်ပွဲအပေါ်မှာ အားစိုက်ပြီး လုပ်ရမယ့်အချိန်မှာ ကျနော်တို့ပါတီထဲမှာ တခါ ရွေးကောက်ပွဲလုပ်လို့ရှိရင် ဖြစ်လာမယ့် အကျိုးနဲ့အမြတ်နဲ့ ပေးရမယ့်
resource, သုံးရမယ့် ကျနော်တို့ရဲ့  အင်အားနဲ့ဆိုရင် မမျှဘူးလို့
ကျနော်ထင်တယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လတ်တလောအားဖြင့် နိုင်ငံတကာမှာ၊ ပြည်တွင်းမှာ တကယ့်ခေါင်းဆောင်မှု၊ လူအားလုံး ထောက်ခံတယ်၊သိသာထင်ရှားတဲ့ ခေါင်းဆောင်မှုက ဒေါ်အောင်
ဆန်းစုကြည် ဖြစ်နေတယ်။ တချို့ ဝေဖန်သံတွေက ဒေါ်အောင်ဆန်းစုကြည်
အပြင် နောက်ထပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်မှုတွေ မထွက်လာဘူးလားဆိုတဲ့ ဒုတိယတန်းခေါင်းဆောင်၊ တတိတန်းခေါင်းဆောင်
ဒါမျိုးတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ စဉ်းစားချက်
ရှိပါသလား။
ဦးဟံသာမြင့်။ ။ ဒုတိယတန်းခေါင်းဆောင်၊ တတိတန်းခေါင်းဆောင်ဆိုတာ
က နှစ်ခုရှိတယ်။ ကျနေုာ်တို့ အဖွဲ့ချုပ်ရဲ့  ဖွဲ့စည်းပုံအရဆိုရင်တော့ ဒေါ်အောင်ဆန်း
စုကြည်ပြီးရင် CEC ဆိုတာရှိတယ်။ နောက် ဒုတိယတန်းခေါင်းဆောင်ပေါ့။ ဒါက ဖွဲ့စည်းပုံအရ ပြောတာ။ တကယ် သြဇာရှိတာ၊ မရှိတာ။ နိုင်ငံရေးအားဖြင့် သြဇာ
ရှိတာ၊ မရှိတာ။ သက်ရောက်မှု ရှိတာမရှိတာကို ပြောတာမဟုတ်ပါဘူး။
နောက်တခါ ပြောမယ်ဆိုရင် ကျနော်တို့ရဲ့  Movement ကြီးတခုလုံးကို ကြည့်ရအောင်။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် အစားထိုးနိုင်တဲ့ ခေါင်းဆောင်တွေ မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ အပြင်မှာလည်း ရှိနိုင်တယ်။ အတွင်းထဲမှာလည်း
ရှိနိုင်ပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့ ဒီလို အခုလိုပေါ့ အကုန်လုံးက
လှုပ်ရှားနေတဲ့ အချိန်ကာလကြီးမှာ၊ ရွေ့ လျားနေတဲ့ အချိန်ကာလကြီးမှာ
ကျနော်တို့က ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ပြီးရင်၊ ဒုတိယခေါင်းဆောင်က
ဘယ်သူ၊ တတိယခေါင်းဆောင်က ဘယ်သူ၊ ဘယ်အလွှာက ဘယ်လိုဆိုတာကို မပြောတာ ကောင်းတယ်လို့ ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက တိုင်းရင်းသားပါတီတွေနဲ့ ဆက်စပ်မှုပါ။ အရင်
တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ CRPP ဆိုပြီး
တိုင်းရင်းသားပါတီတွေနဲ့ တော်တော်ကို နီးနီးစပ်စပ် တွဲပြီးတော့ လုပ်ခဲ့တာမျိုးတွေ
ရှိပါတယ်။ အခုက တချို့ အမြင်က သီးခြားလို့သက်သက်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က သက်သက်၊ တိုင်းရင်းသားပါတီတွေက သက်သက်လို ဖြစ်နေပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ဆက်ဆံမှု၊ နီးနီးစပ်စပ် ဆက်ဆံမှု၊ မဟာမိတ်ပြုနိုင်မှု အနေအထား ဘယ်လို ရှိပါသလဲ။
ဦးဟံသာမြင့်။ ။ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒါကတော့ မသိလို့ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ ဒါကို လူသိများအောင် မလုပ်ဘူး။ မလုပ်တဲ့အခါကြတော့
ကျနော်တို့က CRPP မှာ ပါလာတဲ့ပုဂ္ဂိုလ်များ၊ အဲဒီခေါင်းဆောင်များ အကုန်လုံး
ကို ဖိတ်ပြီးတော့ တွေ့နေကြပါတယ်။ လတိုင်းလတိုင်း ပထမအပတ် စနေနေ့မှာ
တွေ့နေပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားဆက်ဆံရေး ကော်မတီ
ဆိုတာ ဖွဲ့ထားတာရှိတယ်။ ဆက်ဆံရေးကော်မတီရဲ့ ခေါင်းဆောင်က
ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ အတွင်းရေးမှူးက ဦးထွန်းထွန်းဟိန်၊ ဒေါ်နန်း
ခင်ထွေးမြင့် တို့လို ပုဂ္ဂိုလ်တွေလုပ်တယ်။ ဒီပုဂ္ဂိုလ်တွေကလည်း UNFC က
အစည်းအဝေးခေါ်ရင် သွားကြတယ်၊ လုပ်ကြတယ်။ Peace Center က အစည်းအဝေးခေါ်လည်း သွားတယ်ဆိုတဲ့ သဘောမျိုးနဲ့ တတ်နိုင်သမျှ
တိုင်းရင်းသားများနဲ့ အဆက်မပြတ် ချိတ်ဆက်လုပ်ဆောင်နေပါတယ်။
ဦးသားညွှန့်ဦး ။ ။ လာမယ့် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး
ဆောင်ရွက်ဖို့ အလားအလာ ရှိပါသလား။
ဦးဟံသာမြင့်။ ။ ကျနော်တို့မှာ ချထားတဲ့ ပေါ်လစီတွေ ရှိပါတယ်။
ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ အခုနပြောတဲ့ CRPP ပြောလို့ CRPP က ခေါင်းဆောင်များနဲ့ ပတ်သက်လို့ ပါတီက ရွေးကောက်ပွဲဝင်မယ့် ကိစ္စတွေနဲ့
ပတ်သက်လို့ ကျနော်တို့ ဘာလုပ်ရမလဲဆိုတာကို ချထားတာ ရှိပါတယ်။
ဒါပေမဲ့ ဒါတွေကို ကျနော်တို့ရဲ့  မဟာမိတ်များဖြစ်တဲ့ CRPP က လူတွေတောင်
မပြောသေးလို့ ထုတ်ပြောလို့ မဖြစ်ပါဘူး။
ဦးသားညွှန့်ဦး ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တချို့ အကန့်အသတ် လုပ်လာတာ
ရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲ ကော်မရှင်က ဟိုတလောကဆိုရင် ပါတီစည်းရုံးရေး
တွေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ။ အခု ရွေးကောက်ပွဲ နီးလာတော့ ဒီလို အကန့်အသတ်မျိုးတွေ ကြုံရပါသလား။
ဦးဟံသာမြင့်။ ။ ရွေးကောက်ပွဲ နီးလာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတော့
မဟုတ်ဘူး။ အခုကတော့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုတာ
မရှိတော့ဘူးပေါ့။ မရှိတော့ ဒီမေးခွန်းကို သိပ်ပြောလို့ မရဘူး။ ၂၀၁၅ ရွေးကောက်ပွဲ
ကတော့ နည်းနည်းဝေးသေးတယ်။ အကန့်အသတ်ဆိုတာတော့ ၁၉၉၀ ခုနှစ်
ကလည်း ကြုံခဲ့တာပဲ။ ၂၀၁၂ ရွေးကောက်ပွဲတုန်းကလည်း ကြုံခဲ့တာပဲ။ သို့သော် ဒီအကန့်အသတ်တွေ ကြားထဲကပဲ ကျနော်တို့လည်း ဖြစ်အောင် လုပ်ခဲ့ကြတယ်။
ဒါကတော့ သိပ်ပြီးတော့ ပြောနေရမယ့် ပြဿနာ၊ ကြောက်နေရမယ့် ပြဿနာကြီး
တခုလို့ မယူဆဘူး။
ဦးသားညွှန့်ဦး ။ ။ ရွေးကောက်ပွဲမှာတော့ တကယ်တမ်း လက်ရှိ အာဏာရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက ယှဉ်ပြိုင်ရမှာပေါ့။ သူတို့ကတော့ နေရာပေါင်းစုံပြိုင်မယ်။
တဖက်မှာ တိုင်းရင်းသားနယ်မြေတွေ။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာမျိုးတွေမှာဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာဆို အာဏာရ
ပါတီတောင် မနိုင်ပါဘူး။ သူတို့ တိုင်းရင်းသားပါတီတွေ နိုင်ကြပါတယ်။ နိုင်ကြတော့ အန်ကယ်တို့အနေနဲ့ တိုင်းရင်းသားပါတီတွေကို ပြိုင်ဖက်လို မြင်လား၊
ပူးပေါင်းဆောင်ရွက်မလား။ ဘယ်လို သဘောထားပါသလဲ။
ဦးဟံသာမြင့်။ ။ အခုန မေးသွားတဲ့မေးခွန်းနဲ့ တဆက်တည်းပါပဲ။ ကျနော်တို့က
အရင်ဆုံး ကျနော်တို့နဲ့ မဟာမိတ်အမြဲတမ်း လုပ်လာခဲ့တဲ့ တိုင်းရင်းသားပါတီတွေကို အရင်စဉ်းစားမယ်။ သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ဘယ်လို လုပ်ကြမလဲဆိုတာကို ပေါ်လစီ ချထားပြီးသာ ရှိပါတယ်။ အဲဒါပြီးမှ အခုနပြောတဲ့ တခြားတိုင်းရင်းသားပါတီများနဲ့ ပတ်သက်ပြီး ဆက်ပြီးစဉ်းစားပါမယ်။
ဦးသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံး မေးခွန်းမေးချင်ပါတယ်။ အန်ကယ့်အမြင်ပါပဲ။ အကယ်၍များ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရပါတီက မဲမသမာမူတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အကယ်၍ မဲမသမာမူတွေ ဖြစ်လာခဲ့ရင် NLD ဘာလုပ်မလဲ။
ဦးဟံသာမြင့်။ ။ ဒါတွေက ပြောရတာ ခက်တော့ခက်တာပေါ့။ ဖြစ်လာမယ်၊ ဘာဖြစ်မလဲဆိုတာ ပြည်သူလူထုက ရွေးကော်ပွဲပေါ် ဘယ်လို မြင်သလဲဆိုတာ ပိုအရေးကြီးတယ်။ မသမာမူ တကယ်လုပ်သလား။ လုပ်တာကို အကုန်လုံး ပြည်သူ
လူထုက ကွင်းကွင်းကြီး မြင်နေရင်တော့ အခြေအနေ တမျိုးဖြစ်မှာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူလူထုမြင်တာ မဟုတ်ဘဲနဲ့ တခြားနည်းနဲ့လုပ်သွားနိုင်ရင်
လည်း ပြည်သူလူထုရဲ့  ခံယူချက်က ဒါက တရားတယ်လို့ ယူဆရင်တော့
ကျနော်တို့က ဒါကို လက်ခံရမယ့်သဘောရှိတယ်။
ဦးသားညွှန့်ဦး ။ ။ လူထုရဲ့  အဆုံးအဖြတ်ပေါ့။ ကျေးဇူးအများကြီး တင်ပါတယ်။

PS .... “ဆက်စပ်ပြီး တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

credit to ..... burmese.voanews & 7daydaily

No comments:

Post a Comment