Sunday, September 7, 2014

"ဘဝ အခွင့်အရေး"


 
"ဘဝ အခွင့်အရေး"
။။။။။။။။။။။။။။။။။။။။။။။

လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။
နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်
ကျရောက်နိုင်ကြောင်း၊သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါ
တွေ ကြီးမြင့်နိုင်တဲ့၊လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်
အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ
သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။
ဒါပေမယ့် နှစ်လရာသီတွေသာပြောင်းသွားတယ်။
သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း
တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။
နတ်မင်းကြီးကိုတွေ့တာနဲ့ သူက
"နတ်မင်းကြီး.... အရှင်ပြောတော့ကျွန်တော်သူဌေးဖြစ်မယ်ဆို၊
ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို
အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ
ဘာမှလည်းမရခဲ့ဘူး" လို့ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက
"အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။
ဒါပေမယ့်ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်"
လို့ ပြောတော့ လူငယ်က
"အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး"
လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့
တယ်မဟုတ်လား?
ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီးအသင်
သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့
သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က
အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။"

"နောက်တစ်ခုရှိသေးတယ်....အသင်မှတ်မိရဲ့လား!
မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းကအိမ်တော်တော်များများ
ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။
လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့်
အသင်သွားမကူညီခဲ့ဘူး။
အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊
လုယက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို
အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း
အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊
အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်
လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့
မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား?
အဲဒီကောင်မလေးက အသင့်ကို
အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။
သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့
ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။
ဖွင့်ပြောရင်လည်း အသင်ကိုသူချစ်လာနိုင်မှာမဟုတ်ဘူး။
လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး
အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။
အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ်
အသင်ဖြတ်ကျော်စေခဲ့တာပဲမဟုတ်လား !"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့
ဝန်ခံနေခဲ့တယ်။
သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။
ဘဝတစ်ခုကိုပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး
အသင်မှာရှိပေမယ့်
အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့
လည်ပတ်နေပါတယ်။

အဲဒီအခွင့်အရေးတွေထဲမှာ
အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ
ပါနိုင်ပါတယ်။

ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့
ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး
အခွင့်အရေးကိုလက်လွတ်လိုက်တတ်ကြတယ်။

*** “အငြင်းဆန်ခံရမှာကိုကြောက်ပြီး
လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။

အလှောင်ခံရမှာကိုကြောက်ပြီး
လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။

ဆုံးရှုံးရမှာကိုကြောက်ပြီး
တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။

မအောင်မြင်မှာကိုကြောက်ပြီး
မစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ ….
အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ
တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။”

(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

credit to .... Siriyatanar Dhamma Center

No comments:

Post a Comment