Wednesday, July 30, 2014

TRUE IMAGES (208)


"(ငါတို့အတွက်) အားမာန်သစ်"



"(ငါတို့အတွက်) အားမာန်သစ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပန်းဖူးနွယ်ညွှန့်

မလွန့်သာအောင်

ကျောက်တောင်နှင့်ဖိ

သတ်လေဘိလည်း

ဘူမိမြေမှ

အမြစ်ကြွ၍

မိုးဝတိုင်ရောက်

တိုးဝင်ဖောက်သည်

အို . . . ကျောက်တောင်ကြီး

သင်သာရှက်ဖွယ်လိလိတည်း။ ။

( ဒေါင်းနွယ်ဆွေ )

a flower growing out of the concrete ….
She is our hero, “Aung San Suu Kyi”

credit to ..... ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု

Tuesday, July 29, 2014

TRUE IMAGES (207)

"ဟန်ပြ ..... (နေရာတကာ)"

"စကားတို့၏အစွမ်း"


 
စကားတို့၏အစွမ်း
။။။။။။။။။။။။။။။။။။။။။။

သိတိုင်းလဲ မပြောနဲ့။
မြင်တိုင်းလဲ မပြောနဲ့။
ကြားတိုင်းလဲ မပြောနဲ့။
နိုင်တိုင်းလဲ မပြောနဲ့။

ပုဂ္ဂိုလ်ကိုကြည့်ပြော။
အချိန်ကာလကို ကြည့်ပြော။

ဒေါသနဲ့မပြောနဲ့။
မာန်မာနတွေနဲ့ မပြောနဲ့။

(သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ)
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ -
ဟောကြားသော"စကားတို့၏အစွမ်း"
တရားတော်မှကောက်နုတ်ချက် ....

credit to ..... ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏
ဓမ္မစာစုများ

Monday, July 28, 2014

TRUE IMAGES (206)


"လိပ်တစ်ကောင်ထံမှ သင်ခန်းစာ"



"လိပ်တစ်ကောင်ထံမှ သင်ခန်းစာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူငယ်တစ်ဦးဟာ စင်းချောလိပ်အဖြစ် လူသိများတဲ့
လိပ်ငယ်တစ်မျိုးကို တွေ့ခဲ့ပါတယ်။
သူဟာ အဲဒီလိပ်ကို စတင်စစ်ဆေး ကြည့်ရူ့ပါတယ်။
ဒါပေမယ့် လိပ်ဟာ သူ့ရဲ့ဦးခေါင်းကို ပြုတ်တူကဲ့သို့
ကိုယ်ထည်အခွံထဲကွယ်ဝှက်ထားပါတယ်။
လူငယ်လေးဟာ စိတ်မကောင်းဖြစ်သွားရင်း အဲဒီလိပ်ကို
တုတ်တစ်ချောင်းနဲ့ ဖွင့်ကြည့်ဖို့ကြိုးစားပါတယ်။

သူလုပ်နေတာတွေကို ဦးလေးဖြစ်သူက တွေ့မြင်သွားပြီး
နောက်မှတ်ချပြု ပြောဆိုလိုက်ပါတယ်။
"မဟုတ်သေးဘူးဟ။ အဲဒီလိုလုပ်တာနည်းမှန်မဟုတ်ဘူး။
တကယ်တော့ မင်းကြောင့် လိပ်သေချင်သေသွားနိုင်တယ်။
တုတ်တစ်ချောင်းနဲ့ လိပ်ကို ဘယ်တော့မှ ဖွင့်ကြည့်လို့
ရမှာမဟုတ်ပါဘူး။"

ဦးလေးဖြစ်သူဟာ လိပ်ကို အိမ်ထဲယူသွားပြီး မီးဖိုအနီးမှာ
ထားလိုက်ပါတယ်။ လိပ်ဟာ ခေါင်းပြူ ထွက်မလာ
ပေမယ့်လည်း မိနစ်အနည်းငယ်အကြာမှာနွေးထွေးမှုကို
စတင်ခံစားလာရတယ်။
အဲဒီနောက် လိပ်ဟာ သူ့ဦးခေါင်းကိုထုတ်၊
ခြေလက်များကိုဆန့်တန့်ကာ စတင်ရွေ့လျားပါတော့တယ်။
ဦးလေးက ပြောပါတယ်။

*** "လူတွေဟာလည်း အဲဒီလိပ်လိုပဲကွ။
သူတို့ကို ဘယ်အရာမှ ဖိအားပေးလို့ မရနိုင်ပါဘူး။
ဒါပေမယ့် မင်းဟာသူတို့ကို ဖြစ်နိုင်သမျှထက်ပိုပြီး
ကြင်နာမှုအချို့နဲ့ နွေးထွေးအောင်ပြုလုပ်လိုက်မယ်
ဆိုရင်တော့ သူတို့ဟာ မင်းစေခိုင်းသမျှ
လုပ်ပေးပါလိမ့်မယ်။" ***

(နေလင်းအောင်)
Ref; Lesson from a Terrapin

credit to ...... naylinaung1

Sunday, July 27, 2014

TRUE IMAGES (205)


"လူတွေရဲ့ အမှား"


 
"လူတွေရဲ့ အမှား"
။။။။။။။။။။။။။။။။။။။။။။

လူတို့သည် သူတပါး အမှားမှ သင်ခန်းစာမယူဘဲ၊
မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာ ယူတတ်လေ့ရှိသည်။
ထို့ကြောင့်ပင် ......
သမိုင်းတွင် အကြိမ်ကြိမ် အမှားကျုးလွန် နေကြခြင်းဖြစ်သည်။

“People seldom learn from the mistakes of others
— not because they deny the value of the past,
but because they are faced with new problems.”
(Ilya Ehrenburg)

credit to ..... Rich Marme Education & izquotes

TRUE IMAGES (204)


"စဉ်းစဉ်းစားစားလေး လုပ်ကြပါ"



"စဉ်းစဉ်းစားစားလေး လုပ်ကြပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** သူတို့ ဆိုစကားများမှ ကောက်နုတ်ချက်များ ***

@ ရွေးကောက်ပွဲမှာ ကိုယ့်ပါတီက ရသည့် ထောက်ခံမဲ ရာခိုင်နှုန်း
အလိုက် လွှတ်တော်ထဲမှာ ထိုင်ခုံအရေ အတွက် ခွဲတမ်းရသည့်
စနစ်ကို ပီအာရ်ဟု ဆိုရပေမည်။ ဆိုကြပါစို့။ လာမည့် ၂၀၁၅
ရွေးကောက်ပွဲမှာ တူ မောရိုး ပါတီက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း
ရခဲ့သော် လွှတ်တော်ထဲမှာ ရှိသည့် ကိုယ်စားလှယ် အရေအတွက်
၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) ကို ရမည် ဖြစ်သည်။ လွှတ်တော်
ကိုယ်စားလှယ် အရေအတွက် ၃၀၀ ဆိုလျှင် တူမောရိုးပါတီက
ကိုယ်စားလှယ် ၇၅ နေရာ ရပေမည်။

သည်နေရာမှာ မေးစရာ ရှိလာသည်။ တူမောရိုးပါတီ အနေနှင့်
တာမွေမြို့နယ်မှာ ဝင်ပြိုင်ပြိုင်၊ မင်းဘူးမြို့ နယ် မှာ ဝင်ပြိုင်ပြိုင်၊
အနိုင်အရှုံး အရေးမပါတော့ဘူးလား။ မဲအရေအတွက်ကိုသာ အဓိက
ထားသဖြင့် နိုင်တာရှုံးတာ ဘာမှ မလိုတော့ပါဘူး။ ဒါဆို မဲပေးရတဲ့
ပြည်သူတွေက မဲအနိုင်အရှုံးစာရင်း နားထောင်ပြီး ရင်မခုန်ကြရတော့။
ဘယ်သူတွေနိုင်ပြီး လွှတ်တော်ထဲ ဘယ်သူတွေ ဘယ်ရောက်ကုန်မယ်
ဆိုတာတောင် သိရ မှာ မဟုတ်တော့ချေ။ ကိုယ့်မြို့နယ်၏ ကိုယ်စားလှယ်
က ဘယ်သူဘယ်ဝါတောင် သိရဖို့ မလွယ်တော့။
(ဇာဂနာ)

@ ပီအာစနစ်ဟာ ကနေ့မြန်မာပြည်မှာ လုံးဝသင့်တော်ခြင်းမရှိကြောင်း
တင်ပြပါရစေ။
Proportional representation (PR) အချိုးကျကိုယ်စားလှယ်ရတဲ့
စနစ်ဟာ ရုပ်ထွေးတဲ့ စနစ်တခုဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူတွေကနေ
တယောက်တမဲနဲ့ မဲပေးရွေးချယ်တဲ့ ကိုယ်စားလှယ်စနစ်မဟုတ်ဘဲ
မဲပုံးတိုင်းကနေရတဲ့ မဲစုစုပေါင်းကို ပုံသေနည်းနဲ့တွက်ပြီး လွှတ်တော်
ထဲတက်ဘို့ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ရတယ်ဆိုတဲ့စနစ်
ဖြစ်ပါတယ်။ ဒါအကြမ်းဖျဉ်းပြောတာပါ။ အများကြီး ရှိပါအုံးမယ်။

မဲပေးနည်း + လူရွေးနည်းဟာ ရှုတ်ထွေးလွန်းတာကြောင့် မြန်မာပြည်ရဲ့
ကနေ့ မဲပေးပိုင်ခွင့်ရှိသူတွေကို စိတ်ရှုတ်ထွေးစေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မဲပေးနည်း (၃) နည်းကို ကျင့်သုံးခဲ့ပြီးပြီလို့ ယေဘုယျ
ဆိုနိုင်ပါတယ်။
(၁) ဖဆပလခေတ်မှာတော့ အရောင်တွေနဲ့ထားတဲ့မဲပုံးတွေထဲကို
ကိုယ့်မဲ့ပြား ထည့်ရတဲ့စနစ် သုံးခဲ့တယ်။
(၂) အဖြူရောင်မဲပုံး ဒါမှမဟုတ် အမဲရောင်မဲပုံးထဲ ကိုယ်ကြိုက်ရာ မဲပြား
(မဲစာရွက်) ထည့်ရတဲ့စနစ်ကို မဆလ ခေတ်မှာ ကျင့်သုံးခဲ့ဘူးတယ်။
(၃) မဲစာရွက်ပေါ်က ကိုယ်ကြိုက်တဲ့လူရဲ့ ဘေးမှာ ကြက်ခြေခတ်ရတဲ့စနစ်ကို
၁၉၉ဝ နဲ့ ၂ဝ၁ဝ-၁၂ မှာ လုပ်ဘူးတယ်။
အဲလို ခပ်ရှင်းရှင်း မဲပေးနည်းတွေမှာတောင်မှ မဲမပေးတတ်သူတွေ မနည်း၊
ပယ်မဲတွေ အတော်အသင့်ရှိပြီး၊ မဲခိုးဘို့လဲ လွယ်ကူစေခဲ့ပါတယ်။ ပီအာလိုရှုတ်ထွေးတာကို နိုင်ငံရေးထဲ အနှစ် ၂ဝ လောက် လုပ်နေသူတွေတောင်မှ ခေါင်းစားပါတယ်။ လူထုကို စိတ်ညစ်အောင်
မလုပ်သင့်ကြပါ။
(ဒေါက်တာတင့်ဆွေ)

@ PR စနစ်ကို အမျိုးသားလွှတ် တော်တွင် ကျင့်သုံးမည်ဆိုပါက အမျိုး သား
လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာအတွက်ဆန္ဒမဲ ပေး
ပိုင်ခွင့်ရှိသူခန့်မှန်း ၃၅ သန်းကို အချိုးချရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်
စားလှယ်တစ်ဦးအနေဖြင့် မဲအရေအ တွက် နှစ်သိန်းရရှိနိုင်မှသာ လွှတ်တော်
တွင် ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို သို့ အချိုးချရွေးချယ်မည်ဆိုပါက
တိုင်း ရင်းသား အများစုလွှတ်တော်တွင်း ဝင်ရောက်ရန်ခက်ခဲနိုင်ပါတယ်။
(NBF အဖွဲ့ဝင်ပါတီများ)

@ အခုတော့ လွှတ်တော်ထဲမှာ သည်ဝေပုံကျစနစ်ကို ဆွေးနွေးဖို့အထိ နေရာ
ယူလာခဲ့ချေပြီ။ ပထမတစ်ခုနှင့်တောင် အသားမကျသေးသည့်
ကျွန်တော်တို့နိုင်ငံကို တောင်စမ်းမြောက်စမ်း မလုပ်စေချင်။ ကျွန်တော်တို့
ငယ်ငယ်က ခဏခဏ ပြောင်းပြောင်းပြီး စမ်းသပ်ခဲ့သည့် ပညာရေးစနစ်ကြောင့်
ကျွန်တော်တို့ တိုင်းပြည်၏ ပညာရေး ဘယ်လောက် နိမ့်ကျခဲ့ပြီ ဆိုတာကို
သတိတရား ရကြစေချင်သည်။ ဘာမှ နေသားမကျသေးသော တိုင်းပြည်ကို
ဓာတ်ခွဲခန်းထဲ ထည့်ပြီး စမ်းသပ်နေဖို့ မသင့်တော်ပါ။
(ဇာဂနာ)

credit to ..... The Voice / Dr. Tint Swe & Yangon Media Group

Friday, July 25, 2014

TRUE IMAGES (203)


“ရမ်းကု”


“ရမ်းကု”
။။။။။။။။။။

ကိုလိုနီခေတ် အသည်းနာ၊
ဆတ်ဆတ်တုန်ဗျာ။

ပျောက်ချင်ပါရဲ့ သည်အနာ၊
ဂျပန်ဆရာ ခေါ်ကာပင့်၊
ထပ်ဆင့်အသည်းနာ။

ဒါနဲ့ပါ မြန်မာဆရာ၊
ယုံမှတ်ကာ ပုံအပ်ပါမှ၊
လူနာရှင် ကံကဆိုး၊
ရမ်းကုနဲ့ တိုး။

(သကျရဟန်းပျို)

credit to .... mcec-information

Thursday, July 24, 2014

TRUE IMAGES (202)


"ပီအာ ... ပီအာ ... ပီအာ..."

"လူ"



လူ
။။။

ခေါ်ပုံကိုပဲကြည့် …..
ဟိတ်ကောင်တောသား ... တဲ့လေ။
အထင်သေးတဲ့ ဟန်လည်းပါတယ်၊
စော်ကားတဲ့ ဟန်လည်းပါတယ်၊
နှိမ့်ချတဲ့ ဟန်လည်းပါတယ်၊
မလေးစားတဲ့ ဟန်လည်းပါတယ်။

ဒီမှာသူငယ်ချင်း ……
ငါက တောမှာမွေးလို့တောသားဖြစ်ပြီး
မင်းက မြို့မှာမွေးလို့ မြို့သားဖြစ်တာ
ဒါ ဘာထူးဆန်းသလဲ၊

ငါ ညံ့လို့ တောသားဖြစ်သွားတာ
မဟုတ်သလို
မင်း တော်လို့လည်း မြို့သားဖြစ်သွားတာမှ
မဟုတ်တာ။

မြို့နဲ့တွေ့မှ ရွာက တောဖြစ်သွားတာပါ။
မြိုနယ်နဲ့တွေ့ရင်လည်း မြို့က
တောဖြစ်သွားဦးမှာပဲ၊
တိုင်းနဲ့တွေ့ရင်လည်း မြို့နယ်က
တောဖြစ်သွားဦးမှာပဲ၊
နိုင်ငံနဲ့တွေ့ရင်လည်း တိုင်းက
တောဖြစ်သွားဦးမှာပဲ၊
ကမ္ဘာနဲ့တွေ့ရင်လည်း နိုင်ငံက
တောဖြစ်သွားဦးမှာပဲ၊
စကြာဝဠာနဲ့တွေ့ရင်လည်း ကမ္ဘာက
တောဖြစ်သွားဦးမှာပဲ၊
……… နဲ့တွေ့ရင်လည်း စကြာဝဠာက
တောဖြစ်သွားဦးမှာပဲ၊

ကဲ ပြောပါဦး ဘယ်မှာလဲ မြို့ဆိုတာ…..။
ကြီးလို့ရသလောက်တော့ ကိုယ့်ကိုယ်ကို ကြီး ..
ကြီးနေကြပြီး…….
ကိုယ့်ထက်ကြီးတာနဲ့တွေ့မှ
အလိုလို …….သေး
သေး သွားတတ်ကြတာ။

တောသားလည်း လူ
မြို့သားလည်း လူ
ဆင်းရဲသူလည်း လူ
ချမ်းသာသူလည်း လူ
ဂုဏ်ရှိသူလည်း လူ
ဂုဏ်မဲ့သူလည်း လူ
……………… လူ
အားလုံးဟာ လူ။

လူကို လူထင် လူလိုမြင်ပြီး
လူစိတ်တွေမွေး လူလိုတွေးမှ
လူသားအစစ် အမှန်ဖြစ်တာမို့
တောသားပဲဖြစ်ဖြစ်
မြို့သားပဲ ဖြစ်ဖြစ်
မင်း …….
လူစစ်ဖို့ပဲ အရေးကြီးတယ်။

မောင်အေးကို(ပေါင်းတလည်)

credit to ...... ပြည့်စုံစေ

Wednesday, July 23, 2014

TRUE IMAGES (201)

"တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ....."

"အဖြေမှန်"



"အဖြေမှန်"
။။။။။။။။။။။။။

သစ်ပင်ပေါ်မှာငှက်တစ်အုပ်ရှိနေတယ် …
အဲဒီငှက်အုပ်ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခါ
ငှက်တွေလန့် ပြီး ထပျံသွားတယ် …
ငှက်ဘယ်နှစ်ကောင် သစ်ပင်ပေါ်မှာ ကျန်နေခဲ့မလဲ
ဆိုတဲ့ မေးခွန်းကိုဖြေမယ်ဆိုရင် အဖြေ ဘယ်လိုရမလဲ
ဖြေကြည့်ရအောင်ပါ …

၁ ။ တစ်ကောင်မှ မကျန်ပါဘူး …
၂ ။ တစ်ကောင် ကျန်နေခဲ့ပါတယ် …
၃ ။ နှစ်ကောင် ကျန်နေခဲ့ပါတယ် …
၎ ။ ငှက်တစ်အုပ်လုံး ကျန်ပါတယ် ….

ဘယ်အဖြေမှန်မလဲ မေးရင် အဖြေအားလုံးမှန်တယ်လို့
ဆိုပါတယ် … ဘာလို့မှန်သလဲဆိုရင် အောက်
မှာ အဖြေကိုကြည့်ပါ …

၁ ။ တစ်ကောင်မှ မကျန်ပါဘူး …
ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံကြောင့်ငှက်တွေအားလုံး
ထပျံသွားလို့ပါ …

၂ ။ တစ်ကောင် ကျန်နေခဲ့ပါတယ် …
သေနတ်မှန်ပြီး သေသွားလို့ပါ …ခြေထောက်က ကုတ်ထား
တော့ ပြုတ်ကျမသွားပါ …

၃ ။ နှစ်ကောင် ကျန်နေခဲ့ပါတယ် …
သမီးရည်းစား ငှက်နှစ်ကောင် ချစ်စကားတွေပြောနေလို့
ဘေးက ဘာဖြစ်နေတယ် သူတို့မသိဘဲ
လောကကြီးကိုမေ့နေလို့ပါ …

၎ ။ ငှက်တစ်အုပ်လုံး ကျန်ပါတယ် …
တစ်ကောင်မှ ထမပျံပါဘူး …
ဘာလို့လဲဆိုတော့ သေနတ်
ကျည်ဆန် မထွက်လို့ပါ …..

*** အဖြေအားလုံး မှန်ရတဲ့အကြောင်းက အဖြေတစ်ခုချင်းစီမှာ
ကာလဒေသ အခြေအနေတွေ ပါရှိနေလို့ပါ …
အဖြစ်အပျက် အကြောင်းအရာ တစ်ခုဟာ အခြေအနေတစ်ခုပေါ်မှာ
အဖြေမှန်တစ်ခုစီရှိပါတယ် …

တရားသေ ဒီအဖြေပဲဆိုပြီး မှတ်ထင် ယူဆထားလို့ မရပါဘူး …
ဘယ်လို Stutation ပေါ်မှာ ဘယ်လိုအဖြေရှိတယ်
ဆိုတာတွေ့ရမှာ ဖြစ်ပါတယ် …
ဒါကို Conditional Math လို့ခေါ်ပါတယ် …
ဒီသဘောဟာ သင်္ချာသက်သက်ပဲမဟုတ်ပါဘူး …
စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး ကိစ္စတွေမှာပါ
လေ့လာအသုံးချနိုင်ပါတယ် … ***

(ဒေါက်တာကျော်သိန်း)
ဒေါက်တာကျော်သိန်း ၏ ငှက်ကလေးပုံပြင်

credit to ..... Zawlay1979

Tuesday, July 22, 2014

TRUE IMAGES (200)


"ကိုယ့်တာဝန်"


 
"ကိုယ့်တာဝန်"
။။။။။။။။။။။။။။။။။

“ဘာသာတရားကိုးကွယ်ခြင်းဆိုတာ …..
မည်သည့်ဘာသာဝင်ပဲလို့
အမည်ခံရုံသက်သက်မဟုတ်ပဲ
ကိုယ့်ဘ၀ ကိုယ့်လမ်း ကိုယ်ရှင်းပြီး
ကိုယ့်လမ်းကို မှန်အောင်လျှောက်တတ်မှပါ၊

ဗုဒ္ဓသာသနာတော် လမ်းကြောင်းကြီးဆိုတာ ကတော့
သွားတတ်သူအတွက် ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းပြီး
ဘေးရန်ကင်းကွာ အေးချမ်းစေနိုင်တဲ့
သေချာပေါက် လမ်းမှန်ကြီးတခုပါ၊

လမ်းတွေ့တုန်း တွင်အောင်သွားဖို့သာ
ကိုယ့်တာဝန်ဖြစ်ပါတယ်။”

( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယော-ဆရာတော် )

credit to ..... "ရတနာဝါသ ဘုရားကျောင်း"

Monday, July 21, 2014

TRUE IMAGES (199)


"ခရုခွံလေးတွေ"


"ခရုခွံလေးတွေ"
။။။။။။။။။။။။။။။။။။။

ကျွန်မ တစ်ခါကဖတ်ဖူးခဲ့တဲ့ ဆော့ခရစ်တီး ပြောခဲ့တဲ့
စကားလေးတခွန်းလိုပေါ့။
"ကမ်းခြေတလျှောက်၊ခရုခွံတွေက ပိုပိုလှလာတယ်" တဲ့။

တကယ်တော့ ကျွန်မတို့လက်ထဲမှာ ပိုင်ဆိုင်ခွင့်ရတဲ့
ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ပျော်ရွှင်ခြင်း၊အောင်မြင်ခြင်း
တွေဟာလည်း ဘဝခရီးလမ်းကမ်းခြေတလျှောက် ကြုံကြိုက်
တိုက်ဆိုင်စွာ ကောက်ရတဲ့ ခရုခွံလေးတွေပါပဲ။

ကျွန်မတို့တွေက တစ်ခါတစ်လေဟော.....သိပ်လှတဲ့ ခရုခွံလေးပဲ
ဆိုပြီး ကောက်လို့ရတာနဲ့ နောက်ထပ်အဲလောက်လှတဲ့
ခရုခွံလေးတစ်ခုထပ်မတွေ့နိုင်တော့ဘူးလို့
ထင်တတ်ကြတယ်။

အဲဒီလိုပဲ ကိုယ့်ဘဝမှာ ရရှိထားတဲ့ အရာဝတ္တုတွေဖြစ်စေ၊
ကျေနပ်စရာအဖြစ်အပျက်တွေဖြစ်စေ အဲဒီထက်ပိုပြီး
ထပ်မရနိုင်တော့ဘူးလို့ ထင်တတ်ကြတယ်။

အဲဒီစိတ်ကြောင့်ပဲ လက်ထဲက ပိုင်ဆိုင်ခွင့်ရတဲ့ အရာတွေ
ပျက်စီးဆုံးရှုံးသွားရတိုင်း ပူဆွေးဝမ်းနည်းတတ်ကြတယ်။

တကယ်တော့ မဟုတ်ပါဘူး။

*** "ကိုယ့်လက်ထဲက ခရုခွံလေးတစ်ခု
ပျက်စီးသွားသည်ဖြစ်စေ ပျောက်ဆုံးသွားသည်ဖြစ်စေ
ကမ်းခြေတစ်လျှောက် အရှည်ကြီးပဲ။
ကိုယ်လျှောက်သ၍ အရောင်အသွေးမျိုးစုံနဲ့ ပိုပိုလှတဲ့
ခရုခွံလေးတွေ ဟောတစ်ခု ဟောတစ်ခု
ကမ်းခြေတစ်လျှောက်မှာ အများကြီး
ကျန်နေပါသေးတယ်။
အဲဒါကို ယုံကြည်ထားဖို့တော့ လိုတယ်။
နောက်ပြီးဆက်လျှောက်နေဖို့လဲ လိုတယ်။" ***

မေ ၏ (ဆက်လျှောက်ပါ)
အတွေးအမြင် မဂ္ဂဇင်း

credit to ..... Fire Fly

Saturday, July 19, 2014

TRUE IMAGES (198)


"အာဇာနည် ၉ ဦးနှင့် နတ်ဆိုး ၉ ကောင် "



"အာဇာနည် ၉ ဦးနှင့် နတ်ဆိုး ၉ ကောင် "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗိုလ်ချုပ် အောင်ဆန်း (ခ) ဗိုလ်တေဇ (၁၉၁၅ - ၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်၊
မြန်မာ့ အမျိုးသားရေး လှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊
ဘုရင်ခံ အမှုဆောင် ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်
လက်တွေ့အားဖြင့် လွတ်လပ်ရေး မရမီ ဝန်ကြီး အဖွဲ့၏ ဝန်ကြီးချုပ်၊
၎င်းအပြင် ထိုအစိုးရ အဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီး၊
ကျည်ဆန် ၁၃ ချက် သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင်
ပွဲချင်းပြီး ကွယ်လွန် ခဲ့ရသည်။

ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဒီးဒုတ်ဦးဘချို (၅၄) နှစ်၊
စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊
ပြန်ကြားရေး ဝန်ကြီး၊ သူ့ အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော
ကျည်ဆန် အပါအဝင် ကျည်ဆန် ၅ ချက် ရရှိသည့်တိုင် နေ့လယ်ပိုင်း အထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးပြီး၊
ညဘက်တွင် ကွယ်လွန်သွားသည်။

သခင်မြ (၁၈၉၇ - ၁၉၄၇)
သခင်မြ (၄၉) နှစ်၊
လူငယ် ခေါင်းဆောင်များကြားတွင် အသက်အရွယ် ကြီးရင့်သော နိုင်ငံ
ခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော
သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။

ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
ဦးအဗ္ဗဒူ ရာဇတ် (၄၉) နှစ်၊
မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသား စီမံကိန်း
ဝန်ကြီး၊ ဒဏ်ရာ ၆ ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
ဦးဘဝင်း (၄၆) နှစ်၊
ဦးအောင်ဆန်း၏ အကို၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး
ဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး
ကွယ်လွန်ခဲ့သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
မန်းဘခိုင် (၄၃) နှစ်၊
ဟင်္သာတမှ ကရင် အမျိုးသား တဦးဖြစ်ပြီး ဂျပန် သိမ်းပိုက်ထားစဉ်က
ပြန်လည် ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှု ဌာနနှင့်
အလုပ်သမား ဌာနဝန်ကြီး၊ ကျည်ဆန် ၁၅ ချက် ထိမှန်ခဲ့သည်။
နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။

မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
စပ်စံထွန်း (၄ဝ) နှစ်၊ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသ
ဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ ၂ ချက် ရရှိပြီး
၂ဝ ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ ဆေးရုံကြီး၌
ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ဦးအုန်းမောင် (၃၄) နှစ်၊
သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဌာန၊ ဒုတိယ
အတွင်းဝန် (ICS)၊ အစီရင်ခံစာ တခုကို လာရောက် တင်သွင်းနေစဉ်
လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်း ခံရသည်။
နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
ကိုထွေး (၁၈) နှစ်၊
ဦးရာဇတ်၏ သက်တော်စောင့်၊ မန္တလေးမြို့အနီးရှိ တောင်ပြင် သိပ္ပံရပ်မှ
မူဆလင် လူငယ်တဦး ဖြစ်သည်။ အစည်းအဝေး ခန်းမတွင်းမှ
သေနတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းမှ ပြေးထွက်လာစဉ်
ဆုတ်ခွာ ပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို
ခံရသည်။ ဒဏ်ရာ ၄ ချက်ရရှိပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

@ လူသတ်သမားများ (ဝါ) နတ်ဆိုးများ

ဦးစော၊ ဂဠုန်၊ ၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့်
လက်ျာ နိုင်ငံရေးသမား ဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိက ပြိုင်ဘက်
ဖြစ်သည်။ သူရိယ သတင်းစာကို စတင် ထူထောင်သူနှင့် မျိုးချစ်ပါတီ
ခေါင်းဆောင် ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊
ဇန်နဝါရီလ အထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင်
အထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ချုပ်ဆိုသော
အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူ ဖြစ်၍
ဦးအောင်ဆန်းနှင့် သူ့ အမှုဆောင် ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား
သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အဖမ်းခံရလျက်၊
စွဲဆိုထားသည့် အတိုင်း ပြစ်မှု ထင်ရှားသဖြင့် အပြစ်ပေးခံရပြီး၊
၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။

ဒုတိယကမ္ဘာစစ် အပြီး ဗြိတိန်၏ ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး၊ လေဘာ ပါတီ ခေါင်းဆောင် 'ကလီးမင့် အက်တလီ'
(Clement Atlee၊ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး မြန်မာနိုင်ငံအား
တနှစ်အတွင်း လွတ်လပ်ရေး ပေးမည်ဟု အာမခံခဲ့သူ) က ၁၉၄၇ ခု၊
ဇန်နဝါရီလ အတွင်း ကျင်းပခဲ့သည့် လန်ဒန် ဆွေးနွေးပွဲတွင် အဖွဲ့ဝင်တဦး
အဖြစ် ပါဝင်ခဲ့သူ ဂဠုန်ဦးစော အပေါ် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

"လူနည်းစု ပါတီရဲ့ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစောက လွဲလို့ သူတို့ အားလုံးဟာ နှစ်လိုဖွယ်ရာ ကောင်းလှပါတယ်။ စစ်ကြီး မပြီးခင်က
ကျနော် ဦးစောကို တွေ့ခဲ့ဖူးပါတယ်။ သူဟာ 'ပြုံးပြုံးကလေးနှင့်
မိုက်တဲ့သူ' ဆိုတဲ့ လူစားမျိုးလို့ ကျနော် သူ့ကို အကဲခတ်ပြီး
အသိအမှတ် ပြုခဲ့ပါတယ်။"

@ သေနတ် ခလုတ်နှိပ်ရလျှင် ပျော်နေကြသည့် နောက်လိုက်
နတ်ဆိုးများ

မောင်စိုး၊ သေနတ်သမား၊ မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး
ဦးစော၏အနီးကပ် နောက်လိုက်ဖြစ်၍ဦးစော ခြံအတွင်း၌ စောစီးစွာ
ကပင် နေထိုင်ခဲ့သူ ဖြစ်သည်။ သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊
မေလ ၈ ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ် အစီရင်ခံရသည်။

သက်နှင်း၊ သေနတ်သမား၊ ကျိုက်လတ်မြို့မှ ဂဠုန် တပ်ဖွဲ့ဝင်ဟောင်း
ဖြစ်ပြီး ယင်းမြို့ မျိုးချစ် ပါတီ၏ အတွင်းရေးမှူး ဖြစ်သည်။ ဦးစောကို
အထူးကြည်ညိုပြီး လုံးဝဥဿုံ ယုံကြည် ကိုးစားသူ ဖြစ်သည်။ သေဒဏ်
ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ပင် အင်းစိန်ထောင်၌
သေဒဏ် အစီရင်ခံရသည်။

မောင်စိန်၊ သေနတ်သမား၊ ကြို့ပင်ကောက်မြို့မှ ဖြစ်၍ စစ်အတွင်းက
ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့ တပ်မတော်သား ဖြစ်ခဲ့ပြီးနောက် ပြည်သူ့
ရဲဘော် အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့မိဘများမှာ မျိုးချစ် ပါတီကို
လိုလား နှစ်သက်သူများ ဖြစ်၍ သူ့ကို ဦးစော၏ နောက်လိုက်ဖြစ်ရန်
သိမ်းသွင်း ဆွဲဆောင်ခဲ့ကြသည်။ သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊
မေလ ၈ ရက်နေ့တွင် ရန်ကုန် အကျဉ်းထောင်၌ သေဒဏ်
အစီရင်ခံရသည်။

ရန်ကြီးအောင်၊ အသက် (၁၈) နှစ်သာ ရှိ၏။ အသက် အငယ်ဆုံး
သေနတ်သမား ဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏ သားဖြစ်သည်။
စတုတ္ထမြောက် သေနတ်သမား လိုအပ်လာသည့် နောက်ဆုံး
အချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ တဇောက်ကန်း အကျင့်ကြောင့် သေနတ်သမား အဖြစ် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။
သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ရန်ကုန်
အကျဉ်းထောင်၌ သေဒဏ် အစီရင်ခံရသည်။

သုခ၊ လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့်
မောင်းပို့ ပေးခဲ့သူ ဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရ အထက်တန်းကျောင်းမှ
၉ တန်း အောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလ
အဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦး ဖြစ်သည်။ သက်နှင်းက သူ့ကို
ဦးစောနှင့် မိတ်ဆက် ပေးခဲ့သည့် အပြင် မျိုးချစ်ပါတီ တွဲဖက်
အတွင်းရေးမှူး အဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့
လုပ်ကြံမှု မတိုင်မီ နောက်ဆုံး ရောက်ရှိလာသူ ဖြစ်သည်။ သေဒဏ် ပေးခံ
ရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ
အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂ဝ သို့ လျှော့ချခြင်း ခံရသည်။

ခင်မောင်ရင်၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေးအဖွဲ့ စီးသော ဖို့ဒ်ဆန် ထရပ်ကားကို မောင်းသူ ဖြစ်သည်။ ဦးစော ဇနီးသည်၏ တူတော်သည်။
ဝန်ကြီးအဖွဲ့ အစည်းအဝေး ထိုင်နေကြောင်း လျှို့ဝှက် သင်္ကေတဖြင့်
သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။
သေဒဏ် အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့်
ထောင်ဒဏ် အနှစ် ၂ဝ သို့ လျှော့ချခြင်း ခံရသည်။
လူသတ်သမားနှင့် ကြံရာပါ အဖွဲ့ထဲတွင် ဝါကြီးသူ တယောက်ဖြစ်သည့် ခင်မောင်ရင်၏ ဖြောင့်ချက်တွင် အတိတ်ကာလက ဖြစ်ရပ်များကို
တင်ပြရာတွင် ဦးစော၏ အသက်ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင်
ရန်ရှာခဲ့သည့် အကြောင်းမှ ဆက်၍ အံ့သြဖွယ်ကောင်းသော ဖြစ်ပုံ တစုံ ထုတ်ဖော် ပြောပြခဲ့သည်မှာ ဦးစောက အမိန့်ပေးပြီး လုပ်ခိုင်းသည့်
တာဝန်အရ "စစ်ဦးစီး ဗိုလ်ချုပ်၏ ပြည်လမ်းနေအိမ် ညပိုင်း ဧည့်ခံပွဲတွင်
ဦးအောင်ဆန်းအား ပစ်ခတ်ရန် စေလွှတ်ခဲ့ရာ ဦးအောင်ဆန်း ကားဖြင့် ရောက်လာသည်ကို မြင်သော်လည်း သူပြန်လာကာ ဦးစောအား
ဦးအောင်ဆန်း ထိုပွဲသို့ တက်ရောက်ခြင်း မရှိဟူ၍ လိမ်ပြောလိုက်ကြောင်း"
သူပြောတာ မှန်တယ်လို့ ယုံကြည်ရလျှင် ဦးစော လန်ဒန်မြို့မှ ၁၉၄၆ ခု၊ ဖေဖော်ဝါရီလတွင် ပြန်ရောက်လာပြီး မကြာမီလောက်က ဖြစ်လိမ့်မည်။

မောင်နီ၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့နှင့် လိုက်ပါ သွားခဲ့သည်။
လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီ ပေးရေးအတွက် ခြောက်လုံးပြူး သေနတ် တလက်ဖြင့်
အတွင်းဝန်များရုံး အထွက် ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်
အပေးခံရသော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂ဝ သို့
လျှော့ချခြင်း ခံရပြီး ယင်းသတင်းကို သုခနှင့် တပြိင်နက်တည်း
အသိပေးခံခဲ့ရသည်။

မှုန်ကြီး၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့နှင့် လိုက်ပါ သွားခဲ့သည်။
အုတ်ဖို့မြို့ အနီးမှ ကျေးရွာသား ဖြစ်ပြီး အလုပ်ကြမ်းသမား တဦး ဖြစ်သည်။
ဦးစောက သူ့ကို အစေခံ တဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့
စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။
သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်
အင်းစိန်ထောင်၌ သေဒဏ် အစီရင်ခံရသည်။

ဘညွန့်၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့တွင် ပါဝင်သည်။
ဦးစော၏ လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင် ဖြစ်ပြီး
သူတဦးသာ ဦးစော၏ အိမ်အတွင်း နေထိုင်ခွင့်ရသည်။
ဘညွန့်သည် ဦးစော၏ မျိုးချစ် ပါတီဝင် ဖြစ်လာပြီး နောက်
လက်နက်များ၊ ခဲယမ်းမီးကျောက်များ စုဆောင်းရန်နှင့် ရန်ပုံငွေ
ရှာရန် တာဝန် ၃ ရပ် သူ့ကို အပေးခံခဲ့ရသည်။ ဇွန်လ ၂၄ ရက်နေ့တွင်
ဗိုလ်တထောင်ပင်မ စစ်လက်နက် ပစ္စည်းတိုက်မှ ဘရင်းဂန်း အလက်
၂ဝဝ ထုတ်ယူသွားသူမှာ သူဖြစ်ကြောင်း ဘညွန့်က ထုတ်ဖော်
လိုက်သည်။ ထိုလက်နက်များကို သုံးတန်တင် လော်ရီကားဖြင့်
တကြိမ်တည်း တင်ပြီး ဦးစော၏ အေဒီလမ်း နေအိမ်သို့
သူမောင်းပို့ခဲ့ကြောင်း သူက ပြောဆိုလိုက်သည်။
နောက်တကြိမ်တွင်လည်း ပြည်လမ်းပေါ်ရှိ အခြား လက်နက်
သိုလှောင်ရုံ တခုမှ ဒဿမ (၃ဝ၃) ကျည်ဆံ အတောင့် တသိန်းတိတိကို
သူသွားရောက် ယူဆောင်ခဲ့ရကြောင်း ဝန်ခံသည်။
သူသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းတွင်
ပညာသင်လာသူ ဖြစ်၍ ဦးစော၏ သေနတ်သမားများထဲ၌ ပညာ
အတတ်ဆုံး ဖြစ်လေသည်။ ထို့အပြင် အသိဉာဏ် ရှိ၍ အိုးသည်ကုန်း
တရားရုံးတွင် စာရေး ဖြစ်ခဲ့သည်။ သခင်နုအား သတ်ရန် တာဝန်
အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်း
ထွက်ဆိုရန် သဘောတူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အခြေအနေ အရ
သူ့အား အပြစ်မှ ခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့်
ပြင်းထန်သော ထောင်ဒဏ် ၁ဝ နှစ်နှင့် ၆ လ ချမှတ် ခံခဲ့ရသည်။

@ အထူးခုံရုံးဖွဲ့ အမှု စစ်ဆေး စီရင်ခြင်း

ထိုစဉ်က ဘုရင်ခံဖြစ်သူ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) သည်
ထိုအမှုကို စစ်ဆေး ဆုံးဖြတ်ရန် ၁၉၄၇ ခု၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင်
တရားသူကြီး ၃ ဦးပါ "အထူးခုံရုံး" ကို ဖွဲ့စည်းခဲ့သည်။ ခုံရုံး သဘာပတိ
အဖြစ် တရားလွှတ်တော် တရားသူကြီး ဦးကျော်မြင့်အား တာဝန် ပေးအပ်ခဲ့ပြီး၊
ခုံရုံး အဖွဲ့ဝင်များ အဖြစ် သမ္ဘာရင့် စက်ရှင် တရားသူကြီးများ ဖြစ်ကြသော
ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ကို တရားဝင် ခန့်အပ် တာဝန်ပေးခဲ့သည်။
တရားဆိုင်ခြင်းကို အင်းစိန်ရှိ အထူးခုံရုံးတော်၌ ထိုနှစ် အောက်တိုဘာလ
၁၅ ရက်နေ့တွင် စတင် ပြုလုပ်သော အခါ ၎င်းတရားဆိုင်ခြင်းသည်
ဗြိတိသျှ ဘုရင်နှင့် ဦးစော (အဖွဲ့ ခေါင်းဆောင် အဖြစ် စွပ်စွဲခံရသူ)၊
မောင်စိုး (လူသတ်သမား အဖြစ် စွပ်စွဲခံရသူ)၊ သက်နှင်း (လူသတ်သမား
အဖြစ် စွပ်စွဲခံရသူ)၊ မောင်စိန် (ခေါ်) စိန်ကြီး (ခေါ်) လှအောင် (လူသတ်သမား
အဖြစ် စွပ်စွဲခံရသူ)၊ ရန်ကြီးအောင် (ခေါ်) လှထွန်း (လူသတ်သမား အဖြစ်
စွပ်စွဲခံရသူ)၊ သုခ (အတွင်းဝန်ရုံးသို့ လူသတ်သမားများအား ကားဖြင့်
ပို့ဆောင်ပေးခဲ့ရသူ ကားဒရိုင်ဘာ အဖြစ် စွပ်စွဲခံရသူ)၊ ခင်မောင်ရင် (ကြံရာပါ
ကူညီသူ အဖြစ် စွပ်စွဲခံရသူ)၊ မှုန်ကြီး (ခေါ်) မောင်မှုန် (ကြံရာပါ ကူညီသူ
အဖြစ် စွပ်စွဲခံရသူ) တို့၏ အမှု ဖြစ်လာခဲ့သည်။ တရားဥပဒေ စကားရပ်မှာ၊
"တူညီသော ရည် ရွယ်ချက် အကျိုးစီးပွား အလို့ငှာ လူသတ်ရန်
တာဝန်ပေး စေခိုင်းမှု" စသည့် ခေါင်းစဉ် စွဲချက်များဖြင့် ရုံးတင် စစ်ဆေး
တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည့် ဝမ်းနည်း တုန်လှုပ်ဖွယ်ရာ အဖြစ်ဆိုးကြီးထဲတွင်
အာဇာနည် ၉ ဦး ပေါ်ထွက်လာရပြီး၊ ၎င်းတို့အား သတ်မှုဖြင့် အစွပ်စွဲခံရသူ
တရားခံမှာလည်း ၉ ဦး ထွက်ပေါ်လာခဲ့ရသည်။

ထိုသို့ တရားဆိုင်ခြင်းကို နောက်ဆုံး ဒီဇင်ဘာလ ၃ဝ ရက်နေ့ အထိ ဆက်လက် ပြုလုပ်ခဲ့ကြပြီးနောက် စုစည်းရရှိထားသော ထင်ရှားသက်သေ
အစုလိုက် အပြုံလိုက်ကို ဆန်းစစ် သုံးသပ်ပြီးနောက် အထူးခုံရုံးတော်
အနေဖြင့် စကားလုံးရေ (၅၂,ဝဝဝ) ဖြင့် ရေးသားထားသော စီရင်ချက်ကို
ချမှတ်နိုင်ခဲ့တော့သည်။ ထိုနေ့က တရားခွင်ကို ဖွင့်ပေးခဲ့သဖြင့် ဥပဒေ
ပညာရှင်များ၊ သတင်းစာ ဆရာများ စသဖြင့် စုရုံး ရောက်ရှိလာလျက်
ယင်းလူအုပ်ထဲတွင် မြန်မာ ဝတ်လုံတော်ရမင်းလည်း ဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သော ဒေါက်တာမောင်မောင်လည်း ပါရှိခဲ့ပါသည်။ ဒေါက်တာမောင်မောင်က ဤသို့ မှတ်တမ်းတင်ခဲ့သည်။

"စီရင်ချက်ကို ဖတ်ချိန်မှာ တနာရီကျော် ကြာလေသည်။ ပထမဆုံး
တရားဆိုင်သည့် နေ့က ကဲ့သို့ပင် တရားခွင် ခန်းမမှာ လူများဖြင့် ပြည့်ကျပ်
လျက် ရှိနေပြန်သည်။ တရားခံများ အားလုံး ရောက်ရှိ နေကြသည်။
၈ ယောက်မှာ တရားခံများအား ထားသော ခြံ အတွင်းရှိ ကြပြီး ဦးစောမှာမူ
သူ၏ ဥပဒေ အကြံပေး ဝတ်လုံတော်ရမင်း ဘေးရှိ ကုလားထိုင်တွင်
ထိုင်လျက် ရှိသည်။

စီရင်ချက်ကို ဆက်လက် ဖတ်လျက်ရှိပြီး မဆုံးနိုင်သည်နှင့် အမျှ
သတင်းထောက်များမှာ ဂနာမငြိမ်ဖြစ်ကာ စိတ်မရှည်နိုင်အောင်
ဖြစ်နေကြသည်။ အမှုတွဲ တခုလုံးကို ပြန်လည် အကျဉ်းချုပ် ပြနေ
သည်ကို နားထောင် နေရသည်မှာ ကျနော့် အတွက် စိတ်ဝင်စားဖွယ်
ရာ ဖြစ်တော့သည်။

ဖတ်နေသော အသံမှာ ပျော့ပျောင်းသည်။ အမှားအယွင်း မရှိ။
ပုဂ္ဂလဓိဋ္ဌာန်မှ လွတ်ကင်းသည်။ အသံမှာ အနီးမှ လာသော်လည်း
အဝေးမှ လာနေ သကဲ့သို့ပင်။ တရားခံများသည် ထိုင်လျက်
နားထောင် နေကြသည်။ မည်သို့သော ခံစားမျိုးကိုမှ မပြသကြ။ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနေသဖြင့် သူတို့ အများစုမှာ
နားမလည်ကြချေ။ အမှုမှာ နောက်ဆုံး ပြီးစီးသွားပြီ ဖြစ်သဖြင့်
သူတို့အားလုံး စိတ်သက်သာရာ ရကောင်း ရသွားကြပေလိမ့်မည်။"

သေနတ်သမား ၄ ဦး ဖြစ်သော မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်နှင့်
မောင်စိန်တို့အား လူသတ်မှုဖြင့် လည်းကောင်း၊ ဦးစော၊ သုခ၊ မောင်နီ၊
မှုန်ကြီးနှင့် ခင်မောင်ရင် တို့မှာ လူသတ်မှုကို အားပေး ကူညီမှုဖြင့်
လည်းကောင်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူတို့
အားလုံးကို သေဒဏ် အပြစ်ပေး လိုက်လေသည်။

ထိုအခါ ဦးစောနှင့် အခြားပြစ်ဒဏ် ကျခံရသူများသည် အယူခံလွှာကို
တရားလွှတ်တော်သို့ သတ်မှတ်ချက်များနှင့် အညီ တင်သွင်းခဲ့သော်၊
တရားလွှတ်တော်၏ ပယ်ချခြင်းကို ခံခဲ့ရသည်။
"တရားခံ တဦးစီသည် ဤလျှို့ဝှက် ပူးပေါင်း ကြံစည်မှုကြီးတွင်
အသက်သွေးကြောပမာ အရေးကြီးသော အစိတ်အပိုင်း တရပ်စီ
အဖြစ် ပါဝင်ခဲ့ကြသည်" ဟု တရားလွှတ်တော်က ထုတ်ပြန် ကြေညာခဲ့သည်။
ဤစီရင်ချက် ချမှတ်မှုကို ဝင်ရောက် တားဆီး စွက်ဖက်ရန် တရားဥပဒေ
အကြောင်းအရ မည်သို့သော အကြောင်းအချက်ကိုမျှ မတွေ့ရှိခဲ့ရချေ။
ထိုကြောင့် ပြစ်ဒဏ် ချခံရသူများက တရား လွှတ်တော်ချုပ်သို့
ဆက်လက် အသနားခံလွှာ တင်သွင်းခဲကြပြန်သည်။
လန်ဒန်ရှိ 'ပရီဗီကောင်စီ' က ပြဋ္ဌာန်းထားခဲ့သော ယခင် စည်းမျဉ်း
ဥပဒေများမှ လမ်းညွှန်မှုများကို ရယူကာ တရားလွှတ်တော်ချုပ်က ယင်းအသနားခံလွှာများကို သေချာစာ စဉ်းစားလျက် နောက်ဆုံးတွင်
ပယ်ချလိုက်လေသည်။

သို့ဖြစ်လေရာ ပြစ်ဒဏ်ချခံရသူ ၉ ဦး အတွက် လမ်းတလမ်းသာ
ကျန်တော့သည်။ ၎င်းနောက်ဆုံး မျှော်လင့်ချက်မှာ နိုင်ငံတော် သမ္မတထံမှ သက်ညှာထောက်ထား ကရုဏာပွားမှုကို တောင်းခံရန်သာ ဖြစ်လေသည်။ သမ္မတ နိုင်ငံတော်သစ်၏ ဂုဏ်ကျက်သရေ မြင့်မားလှသော သမ္မတကြီးမှာ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွား 'စပ်ရွှေသိုက်' ဖြစ်သည်။

ထိုနောက်ဆုံးချိန်တွင်ကျမှ ၃ ဦးသာလျှင် တသက်တက္ဆွန်း ထောင်ဒဏ်၊
တနည်းအားဖြင့် အနှစ် ၂ဝ ထောင်ဒဏ်သို့ အပြစ်ဒဏ် လျှော့ပေါ့ခြင်း
ခံကြရသည်။ ၎င်းတို့မှာ ဂျစ်ကားမောင်းသူ သုခ၊ လူသတ်သမားများ အတွင်းဝန်ရုံးသို့ ရောက်မလာမီ ကြိုတင် ထောက်လှမ်းရသူ ခင်မောင်ရင်နှင့်
လူသတ်သမားများ ထွက်ပြေး လွတ်မြောက်ရာလမ်းကို ခြောက်လုံးပြူး တလက်ဖြင့် စောင်ကြပ်ခဲ့ရသူ မောင်နီတို့ ဖြစ်ကြသည်။
ကျန်သောသူ အားလုံးမှာ ကြိုးပေး ခံရသည်။

ထိုသို့ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့ အထူးခုံရုံးတော်က
စီရင်ချက်ကို ဖတ်ကြားသည့် အချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီခန်းမ၌ နိုင်ငံတော် ဈာပန အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်
အခြား လုပ်ကြံခြင်း ခံရသူများ၏ ရုပ်အလောင်းများမှာ
လဲလျောင်းလျက် ရှိနေဆဲပင် .............။

ထုတ်နှုတ် ကူးယူဖော်ပြခဲ့သည့် စာအုပ် .....
( အောင်ခင်)
"ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ"
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ
ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်

credit to ...... nldla

TRUE IMAGES (197)


"ဦးအောင်ဆန်း၏ နောက်ဆုံးနေ့"


"ဦးအောင်ဆန်း၏ နောက်ဆုံးနေ့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လွှတ်တော်ရုံး ၀င်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ
ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး
အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည် ။ သခင်နု
ရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ ။
သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်း
ပုတ်ကြီးလည်း ဆွဲ၍ထားသည် ။ ရုံးစေနှစ်ယောက်မှာ
နံရံကိုမှီကာ ရပ်နေကြသည် ။ ခါတိုင်းလို စကားပြောမနေကြ ။
သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေကြ သည်ဟု
အောက်မေ့လိုက်သည် ။

ကျွန်တော်က ငိုင်တိုင်တိုင် နေသော ရုံးစေတစ်ဦးအား “ဦးသိန်းဟန်
ရှိသလား” ဟုမေးသည် ။ “ရှိပါတယ်ခင်ဗျ” ဟု ခပ်တိုးတိုး
သာသာ အေးအေးဖြေသည် ။ သည်တော့မှ မျက်နှာပျက်နေကြောင်း
အသေအချာ သိလိုက် တော့သည် ။ စိတ်ထဲတွင်ကား မရှင်း ။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ
တံခါးဝတွင်ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍
အထဲမှာ အစည်းအဝေးလုပ်နေသလား” ဟု မေးရသည် ။
ရုံးစေသည် ဘာမှမပြောဘဲ အသာအယာစေ့ထားသော
တံခါးကို ဖွင့်ပေးသည် ။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင်
ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့
ဝင်လိုက်သည် ။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက် ။ စေ့ထားသော ပြတင်း
တံခါးမှ ပြာစိမ်းစိမ်း မှန်ရောင် ရိုက်ဟပ်သဖြင့် အခန်းသည်
စိမ်းစိမ်းပြာပြာ ဖြစ်နေသည် ။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား
တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ
ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည် ။ ဇော်ဂျီသည် ကျွန်တော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်
စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကို သာ လက်ဖြင့်ညွှန်ပြသည် ။
သူသည် ငေးငိုင်၍ နေသည် ။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည် ။
ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော
အတွင်းဝန်များရုံးသည် ဘာကြောင့်ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်၊
ဆိတ် ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည် ။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ “အားလုံးတော့ ဒုက္ခ ဖြစ်ကုန်ပြီ ”
ဟု ဇော်ဂျီက တိုးတိုးညည်းလေသည် ။ ကျွန်တော်ကား ဘာမှန်း
မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာ
လက်ပြ၍ အပြင်သို့ ခေါ်ခဲ့ သည် ။ ကျွန်တော်သည်
ထိတ်ခနဲ ဖြစ်သွားသည် ။
“ လက်ဖက်ရည်ဆိုင် သွားရအောင်”
မိုးဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ် ရောက်မှ
ကျွန်တော်က မနေနိုင်၍ “ ဘာဖြစ်လို့လဲဆရာ” ဟု မေးမိသည် ။
“မင်းမကြားသေးဘူးလား” ဟုဇော်ဂျီက အံ့သြနေသည် ။
“ ဟင့်အင်း … ကျွန်တော်အခုဘဲ ဘတ်စကားပေါ်က ဆင်းပြီး
ရုံးကိုတန်းလာတာ” သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည် ။
ခြင်္သေ့တပ် စစ်ယူနီဖေါင်းကို ၀တ်ဆင်ထားသော လက်နက် ကိုင်
လူ ၄ ယောက်သည် အလယ်ဆင်ဝင်အောက်မှ တက်လာကာ
ဦးအောင်ဆန်း ရုံးခန်းတွင်းသို့ အတင်းတွန်းဝင်၍ အစည်း
အဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့်
ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး
လွတ်မြောက်သွားသည် ။ ကျွန်တော် မရောက်မီ ၁ နာရီ ကျော်ကျော်
ခန့်က ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့်
တုန်လှုပ်၍ သွားသည် ။ အသားများ တဆတ်ဆတ် တုန်လာသည် ။
အတွင်းဝန်ရုံး လဘက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီစသော
ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်
နေကြသည် ။ တစ်စားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန်
ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ် ဆက်လိုက်သည် ။ သူသည်
ခပ်အေးအေးခပ်တွေတွေပင် လဘက်ရည်ကို သောက်နေသည် ။

“အင်မတန် နှမြောဘို့ကောင်းတယ်ဗျာ ၊ သိပ်ပြီးရက်စက်ကြမ်းကြုတ်တဲ့
နိုင်ငံရေး လုပ်ကြံမှုဘဲ” စသည်ဖြင့် လူတစ်ချို့သည် ညည်းတွားလျက်
ရှိကြသည် ။

ဇော်ဂျီက “အမျိုးသားပျက်စီးခြင်း တရပ်ဘဲ” ဟု တသသ ပြောသည် ။
“ကျွန်တော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။
ဒါပေမဲ့ ကျွန်တော်ဝင်လာတာ မတားကြပါဘူး ၊ ဆင်ဝင်အောက်မှာတောင် အသိစာရေးတစ်ယောက်နဲ့ တွေ့သားဘဲ ။ သူကလဲ ဘာမှမပြောဘူး”
“လူတွေဟာ မပြောရက်ကြဘူး” ဟု ဇော်ဂျီက ဆိုလေသည် ။
လဘက်ရည်သောက်နေစဉ် ခုတင်ဘဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး
အပါးကပ်လာ၍ “ဘယ့်နဲ့လဲ“ ဟု ကျွန်တော်တို့က ၀ိုင်း၍ မေးမြန်းကြသည်။
သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံးဆုံးရှာပြီဟု ပြောသည် ။
သူ၏ အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည် ။
“ဗိုလ်ချုပ်ကော” ဟု တယောက်က တိုးတိုးမေးသည် ။
“မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်”

ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း တံခါးပေါက်မှ
ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့ သည် ။ မိုးသည် တစိမ့်စိမ့်ရွာလျက်
ပင် ။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍ ၊ အချို့ ထီးမပါဘဲ ၊
အချို့ ပလက် ဖေါင်းပေါ်တွင် ရပ်ကာ အတွန်းဝန်ရုံးဘက်သို့
မျှော်ကြည့်နေကြသည် ။ ကုလားနှင့် တရုတ်လည်းပါသည် ။

လူတယောက်က ကျွန်တော်၏ လက်မောင်းကို ဆွဲကိုင်၍ “ဒီမယ်…
ခုနက ၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ် ၊ ဟုတ်သလား
ခင်ဗျာ ” ဟုမေးသည် ။ သူကားအကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည် ။
“ဟုတ်ကဲ့ …” ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီး လိုက်သည် ။
ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည် ။

ကားထဲတွင် လူမနည်းလှပေ ။ ခရီးသည်အားလုံး မျက်စိမျက်နှာ
မကောင်းကြ ။ ခပ်ရွယ်ရွယ် မိန်းမပျိုတစ်ဦးက
“ဖြစ်မှ ဖြစ်ရဘေနော် ၊ ဖြစ်မှဖြစ်ရလေ” ဟု မြည်တမ်းလျက်ရှိသည် ။
ဈေးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား
“ဗိုလ်ချုပ် အသက်ရှင်ပါစေတော်” ဟု ဆုတောင်း၍ နေကြသည် ။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို “မပြောကြနဲ့ ၊
မပြောကြနဲ့”ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်ကြသည် ။
သူတို့သည် မပြောရက်ကြ ။

သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦးက “အားကီးရက်စက်တာဘဲ” ဟု ကျွန်တော်ဘက်သို့လှည်၍ ရေရွတ်လျက်ရှိသည် ။ မျက်နှာထား တင်းတင်းနှင့်ဘတ်စကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည် ။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ ။
ဈေးဆိုင်များ ပိတ်ထားလေပြီ ။ သတင်း သည် တမဟုတ်ချင်း ပျံ့နှံ့၍
သွားလေပြီ ။ မော်တော်ကား ၊ လန်ချားတို့ကား ခပ်မြန်မြန်
သွားလာနေကြသည် ။

ကားပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်သောအခါ အိမ်ဝတွင် လူတို့သည်
မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည် ။ လူတို့သည်
အငြိမ် မနေနိုင်ကြ ။မိုးသည် မစဲဘဲ ရွာလျက်ပင် ။

လူတို့သည် “ ဖြစ်မှဖြစ်ရလေ ၊ ဖြစ်မှဖြစ်ရလေ” ဟု တတွတ်တွတ်
မြည်တမ်းရင်းပင် ညနေစောင်းလာတော့ သည် ။ ဗိုလ်ချုပ်ဆုံးကြောင်းကား
ညနေထုတ် သတင်းစာများမှ ကြားရလေပြီ ။ မည်သူ့မျက်နှာကြည့်ကြည့်
မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့် ။ လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏
မိန်းမ ပါးစပ်မှ “ကျုပ်တို့တော့ ထမင်းလဲမချက်တော့ဘူး ၊ စားချင်စိတ်လဲ
မရှိတော့ပါဘူး ရှင်” ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည် ။

နေ၀င်မီးညိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ
မှောင်လှသည် ။ အိမ်သားများဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ
ပြောကြသည် ။ ရှိုက်သံ ၊ တမ်းတသံ ၊ ညဉ်းညူသံ ၊ တသသံ ။

တိတ်ဆိတ်မှောင်မဲသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း
အိပ်မပျော်နိုင်ကြ ။ နေ့ခင်းကဟာ အိပ်မက်ဘဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည် ။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ ၊ လူးလွန့်သံတို့သည် ဆက်၍ နေသည် ။ ရှဲကနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည် ။
တရေးနိုးဆုံလျှင် “ ဘယ်တော့များမှ မေ့ပျောက်ပါ မလဲနော် ” ဟု
အိပ်ချင်သံနှင့် ဆိုကြသည် ။ တရေးနိုးတိုင်း သတိရလျက်ရှိသည် ။
မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ ၊ တသသ နှင့်
ထိုညကို လွန်မြောက်ရသည် ။

(ဒဂုန်တာရာ)

PS ....... "ထိုနေ့မှစ၍ … မြန်မာပြည် ၏ ကံကြမ္မာသည် …............."

၁၉၄၇ သြဂုတ်လ တာရာမဂ္ဂဇင်း

*************************************************************
*** (ပစ္စုပ္ပန်) ***

"အာဇာနည်နေ့"
။။။။။။။။။။။။။။။။။။။

ဒီနေ့မှာ…..
ငါမျက်နှာမသစ်၊သွားမတိုက်ဘူး
နံနက်စာမစားဘူး
အိပ်ရာကနိုးနိုးချင်း
သုံးမိနစ် ငြိမ်သက်နေလိုက်တယ်
ဝမ်းနည်းခြင်းအထိမ်းအမှတ်ပေါ့…..

လက်ကြားက ငါးဆယ်တန်အနွမ်းတရွက်နဲ့
အဲဒီအာဇာနည် ဗိမ္မာန်ကိုလည်း
ငါမရောက်ခဲ့ဘူး ......

ဆေးလိပ်တို တလိပ်ကို
အံကြိတ်ခဲပြီး
ကျဆုံးလေပြီးတဲ့
အာဇာနည်သူရဲကောင်းတွေအတွက်
ငါဝမ်းနည်း
ငါကိုယ်ငါ အတွက်လည်း
ငါဝမ်းနည်း
လူငယ်တွေအတွက်လည်း
ငါဝမ်းနည်း

“တိုက်တိုက်ဆိုင်ဆိုင်
ဗိုလ်ချုပ်ဟာ
အာဇာနည်နေ့မှာမှ သေရတယ်လို့”
အဲသလို….
စကားတခွန်း
လူငယ်တယောက်ဆီက
ငါကြားလိုက်မိတဲ့အခါ
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ
ခေါင်းထဲမှာ ရှော့(shock) ဖြစ်သွားတယ်

ငါ့အတွက်တော့
အမှတ်တရ အာဇာနည်နေ့ ဖြစ်ခဲ့လေတော့တယ်…….

ကျတော်နဲ့အတူဘယ်သူတွေ
အလေးပြုနေမှာလဲ…….

(laminpaing)

*** "ဗိုလ်ချုပ်ပြောခဲ့/မှာခဲ့သော စကားများကို
နှလုံးသွင်းရင်း အာဇာနည်နေ့ကို ဂုဏ်ပြုကြပါစို့ ......" ***

credit to ..... ex-absdf & poemscorner

Thursday, July 17, 2014

TRUE IMAGES (196)

"ဩော်...."

"ဗိုလ်ချုပ် ပြောတဲ့ တပ်မတော်"


"ဗိုလ်ချုပ် ပြောတဲ့ တပ်မတော်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက်
တည်ထောင်ထားတာ မဟုတ်။
တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။
ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက်
တည်ထောင်ထား တာမဟုတ်။
တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။” ***

*** “ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။
ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။
အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။
ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့်
ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ
ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။
အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ
ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။
ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။
တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင်
ဘယ့်နှယ့်လုပ်မလဲ။
ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့
အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။
အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။” ***

*** “စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက်
အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့
လူတွေလည်း ရှိတာပဲ။
အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့စိတ်ဓါတ်ကို
ပြောင်းကြရမယ်။
ငါတို့ ဟာ
လက်နက်ကိုင်တွေဖြစ်ကြသော်လည်း
မတရားမလုပ်၊ နိုင်ငံရဲ့ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်“ ***

(ဗိုလ်ချုပ်အောင်ဆန်း)
၁၉၄၄ -ခု မတ်လ ၁၃ - မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွင်
ပြောကြားသော မိန့်ခွန်းမှ ......

credit to ..... paungdalemaungayeko

TRUE IMAGES (195)


"ဗိုလ်ချုပ် ပြောတဲ့ ဒီမိုကရေစီ"


"ဗိုလ်ချုပ် ပြောတဲ့ ဒီမိုကရေစီ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ပဲ
တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး
မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့
စံနစ်ဆိုးမျိုး ရှိနေရင်
အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့
ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့
ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။
ဒီဝါဒမျိုးတွေ ပေါ်လာရင်
တိုင်းသူပြည်သားတွေဟာ
လွပ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။” ***

*** “တကယ့် ဒီမိုကရေစီ ဆိုတာ …
နိုင်ငံရေး သဘောတရားအရ
ပြည်သူတွေရဲ့  အကျိုးအတွက်
ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့  အစိုးရ
ဖြစ်ရုံနဲ့ မပြီးသေးဘူး။
အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ 
လက်ငင်း စီးပွားရေး အဆင့်အတန်းကို
အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအနေထိ မြှင့်တင်နိုင်အောင်
ဆောင်ရွက်ပေးမှ
တကယ့် ဒီမိုကရေစီ အထိ တက်လှမ်းနိုင်မယ်။” ***

(ဗိုလ်ချုပ်အောင်ဆန်း)
၁၉၄၅ ခုနှစ် သြဂုတ်လ
၁၉၄၇ ခု၊ မေလ ၁၉
မိန့်ခွန်းများ မှ …..

credit to ...... Dobama Asiayone &
Vansangva Library

Tuesday, July 15, 2014

TRUE IMAGES (194)


"ဗိုလ်ချုပ် ပြောတဲ့ နိုင်ငံရေး"


"ဗိုလ်ချုပ် ပြောတဲ့ နိုင်ငံရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွဲ
ရှိကြောင်း အငြင်းမထွက်ဘဲလျက် သဲသဲမဲမဲ ရှေးကအတွေး
အဆ ရှိသူများ ရှိကြပေသေး၏။ အချို့ သောသူများသည်
ယခုထက်ထိပင် ယုတ်မာ ညစ်ထေး ရှေးကနိုင်ငံရေးမျိုးကို
သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်နှင့်ဖြစ်စေ၊ လိုက်စားလျက်
ရှိကြသေး၏။

*** နိုင်ငံရေးမည်သည် ယုတ်မာ ညစ်ထေးသည်ဟု ဆိုရမည်
လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေး သည်
မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင်
ယုတ်မာခြင်းသာ ဖြစ်ပေ၏။ ***

နိုင်ငံရေး ဆိုတာ ဘာလဲ ဟု မေးဘွယ်ရာ ရှိပြန်၏။

@ ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေးကို
မလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့်မတန်မရာ၊ လေးမြတ်စွာ မျှော် ရှုရန်သာလျှင်
ရှိသည်ဟူ၍ ဆိုရမည်လော။

@ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့ သော လူညာလူလိမ်
တို့က တောအုံကနား ကျေးတောသား လူရိုးလူအတို့ကို အတိတ်၊
တပေါင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီး ဟော ပြော၍
ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍ အငိုက်ကို ဖမ်းပြီးနောက်
စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည် လော။

@ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်
ဖွယ်သော အန္တရာယ်များစွာ ရှိသောအ ရေးကိစ္စ ဖြစ်သောကြောင့်
ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။

@ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကျွန်ုပ်တို့ပြောလေ့ပြောထ
ရှိသည့်အတိုင်း၊ အမျိုး - ဘာသာ - သာသနာရေးဟူ၍ပင်
ဆိုရဦးမည်လော။

နိုင်ငံရေးသဘောအမှန်မှာ -

ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊
နိမ့်ကျလွန်း သည်မဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရပ် လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရ ခရီးလည်း
မဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော
အရေးကိစ္စလည်းမဟုတ်၊

ကျွန်ုပ် တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော
အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အ ရေးကိစ္စ
သာလျှင် ဖြစ်ပေ၏။အတိုချုပ်ဆိုရလျှင် .....

*** နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင်
တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုသော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေ
မည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု
အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ***

ကျွန်ုပ်တို့သည် နိုင် ငံရေးကို မဆင်မခြင် မတွေးတောမိစေကာမူ
နိုင်ငံရေးသည် ကျွနု်ပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌
ပေါ် ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ
နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သ မားသည်
အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမား
သည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စားရေးစာချီ အမှုထမ်း
သည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်၊ ပွဲစား
စသည်တို့သည် အသီး သီး ၀င်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင်ဖြစ်၏။ အလုပ်သမားသည်
အခကြေး ငွေကို တိုးတက်၍ ရပြီးလျှင်စားသာသောက် သာသောအခြေအနေကိုရလို၏။ တောင်သူ လယ်သမားသည်
မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိ
လို၏။ စားရေး စာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တ ကုတ်ကုတ်
လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်
လည်လည် ရှိသောအခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်
ပွဲစားတို့လည်း လွယ်လွယ်ကူကူတိုးချဲ့ ကူးသန်းရောင်းဝယ်
လိုကြ၏။ ***ဤကဲ့သို့ လူတိုင်း လူတိုင်း မိမိတို့၏အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။ ***

ကျွနုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှု
သည် ပြောင်းလဲလျက် ရှိသည့်အား လျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့
အားလုံး သက်သက်သာသာ ချောင်ချောင် ချိချိ လူတန်းစေ့အောင်
နေနိုင်ရန်အတွက် အခွင့်အရေးများပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည်
လွတ်လပ်ရေး ကို တောင့်တကြပေသည်။

လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊
လူတဦးတယောက် အနေနှင့်၎င်း ၊ တစ်မျိုးလုံးအနေနှင့်၎င်း
တိုးတက်ရေးကြီးပွားရေး စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊
ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ္တ အဆင့်အတန်း တိုးမြှင့်အောင်
ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေ သည်။
ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်
ရကား နိုင်ငံရေးသည် လူမှု လူရေးမျှသာ ဖြစ်၏။

နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာအကြောင်း မရှိချေ။
သို့ပါလျက်နှင့် အချို့ သော သူများသည် နိုင်ငံ ရေးသည် ကိုးကွယ်ရာ ဘာသာတရားပင် ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူအဆ
တို့မှာ အလွဲလွဲ အမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။

*** “နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ပြောဆိုကြသော
သူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ
ပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့်
ပြည်သူတို့၏ စိတ်ကိုရှုတ်ထွေးစေ၍ အကြောင်းအကျိုး
အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင်
လုပ်ခြင်းမျှသာ ဖြစ်ပေ၏ ….
အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ် ….
မိမိတို့အကောက်ဥာဏ်ကို သုံး၍ မိမိတို့ကြီးပွားရေး
တနပ်စား နိုင်ငံရေးပင် ဖြစ်ပေ၏။” ***

(ဗိုလ်ချုပ်အောင်ဆန်း)

၁၉၄၆ ခု ဇန်န၀ါရီလ ၂၀
အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းမှ .....

credit to ..... တို့ဗမာအစည်းအရုံး

Monday, July 14, 2014

TRUE IMAGES (193)


"ဗိုလ်ချုပ် ပြောတဲ့ ညီညွတ်ရေး"


"ဗိုလ်ချုပ် ပြောတဲ့ ညီညွတ်ရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “ပြောတိုင်းရ သလား … မဟုတ်ဘူး ။
ပြောတိုင်း ရအောင် လုပ်တဲ့နည်းတွေရှိတယ်။
အဲဒါ ကျွန်တော်တို့ အင်အားရှိဖို့ဘဲ ….
တိုင်းသူ ပြည်သား အင်အားက ကျကျနန ကြီးမားရင်
ပြောတဲ့ကိစ္စကို ဖြစ်အောင် တကယ်လုပ်နိုင်တယ်။” ***

*** “ဗမာကတမျိုး၊ ကရင်ကတဖုံ၊
ရှမ်း ကချင် ချင်း ကယား တို့ ကတခြား၊
ကွဲကွဲပြားပြား လုပ်နေရင် အကျိုးရှိမှာမဟုတ်ဘူး၊
စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊
လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်၊” ***

*** “လွတ်လပ်ရေး လုပ်တဲ့ကိစ္စမှာ တစ်တိုင်းတစ်ပြည်လုံး
သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ ၊
ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူးဆိုလို့ရှိရင်
တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးဟာ
ကျကျနန မဖြစ်နိုင်ဘူး ။” ***

(ဗိုလ်ချုပ် အောင်ဆန်း)

ဗိုလ်ချုပ် ၏
၁၉၄၇ ခု၊ ဖေဖေါ်ဝါရီလ ၂၈
၁၉၄၇ ခု၊ဖေဖေါ်ဝါရီ ၁၁
၁၉၄၆ ခု၊ ဇန်န၀ါရီလ၂၃
မိန့်ခွန်းများ မှ …..

credit to .... Humanresourceprogram & yeyintnge

Sunday, July 13, 2014

TRUE IMAGES (192)

*** မတူဘူးလေ ***

"ဗိုလ်ချုပ် ပြောတဲ့ အမျိုးသားရေးဝါဒ"



"ဗိုလ်ချုပ် ပြောတဲ့ အမျိုးသားရေးဝါဒ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “ကျွန်တော်သည်အမျိုးသားရေးဝါဒ၏ ကောင်ကျိုးကို
ချစ်မြတ်နိုးပြီး ၄င်း၏ဆိုးကျိုးများကြောင့်လည်း
အခြားဘာကိုမျှ မမြင်နိုင်သော
မျက်ကန်းသဖွယ် ဖြစ်သွားမည့်သူ မဟုတ်။” ***

*** “အမျိုးသားရေးဝါဒသည် ကိုယ့်လူမျိုး နှင့်
အခြားလူမျိုးများအားချစ်မြတ်နိုးရေးကို အားပေးသမျှ၊
(တစ်နည်းအားဖြင့်) အခြားလူမျိုးများအားမုန်းတီးစိတ်မထားရန်
အားပေးသမျှ၊ကျွန်တော်သည်လုံးဝအမျိုးသားရေးဝါဒသမား
တစ်ယောက် ဖြစ်ပါသည်။” ***

*** “ပြည်တွင်းမှာဖြစ်စေ၊ ကမ္ဘာမှာဖြစ်စေ
ဖိနှိပ်ချုပ်ချယ်သည်ဆိုသော စနစ်ကို
ဆန့်ကျင်တိုက်ခိုက်ရန်တောင်းဆိုနေသမျှ ၊
ကျွန်တော်သည် လုံးဝ အမျိုးသားရေးဝါဒသမားတစ်ယောက်
ဖြစ်ပါသည်။ ကျွန်တော်သည် နယ်ချဲ့စနစ်ဆိုလျှင်
ဗြိတိသျှနယ်ချဲ့စနစ်ကိုဖြစ်စေ၊ဂျပန်နယ်ချဲ့စနစ်ကိုဖြစ်စေ ၊
ဗမာနယ်ချဲ့စနစ်ကိုဖြစ်စေ မုန်းတီးပါသည်။” ***

(ဗိုလ်ချုပ်အောင်ဆန်း)
၁၉၄၆ခုနှစ် ဒီဇင်ဘာလ ၈ ရက်
ရန်ကုန်မြို့တော်ခန်းမ
"ဗိုလ်ချုပ်အောင်ဆန်း၏ ဘားမားချဲလင်းခ်ျ စာအုပ်မှ"

credit to ...... Ko Ko Gyi (The 88 Generation Students)

Saturday, July 12, 2014

TRUE IMAGES (191)


"(၇)ရက် သာ လိုတော့သည်"



"(၇)ရက် သာ လိုတော့သည်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှု့ ပြီးဆုံးရန်
(၇)ရက် သာ လိုပါတော့သည် …..” ***

*** "လက်မှတ်မထိုးရသေးလို့Online မှာ ၄၃၆ ပြင်ဆင်ရေး
ဆန္ဒပြုလိုလျှင် ....." ***
http://www.436campaign.com/
 


********************************************************

“ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးပွဲပြီးရင် ပြည်သူရဲ့ဆန္ဒဟာ ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒကို
ဘယ်သူတွေဟာ အလေးထားလဲဆိုတာ ရှင်းရှင်းလင်းလင်း
ပေါ်လာမှာပါ။"

"ပြည်သူ့ဆန္ဒဘာလဲဆို တာသိရက်နဲ့ ဆန့်ကျင်တယ်ဆိုရင်
ဒါဟာဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာ မဟုတ်ဘူး
ဆိုတာ ရှင်းရှင်းပြတာပဲ”

(ဒေါ်အောင်ဆန်းစုကြည်)

*******************************************************

အောင်ဆန်းစုကြည် (၂)
။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ
နင်
သူ
သူမ
ကျွန်တော်
ကျွန်ပ်
တစ်ပါး
ကျွန်မ
မိန်းမ
ယောက်ကျား
ရှင်
ကျုပ်
ရှင်မ
ရဲဘော်
အားလုံး အားလုံး
လမ်းရဲ့ သယ်ဆောင်ရာ
ဟိုအဝေး ……
ဟိုအဝေးကို ……..

(ရွှေကြယ်မိုး)

PS ... *** လမ်းရဲ့ သယ်ဆောင်ရာ သို့
ရဲရဲ ၀ံဝံ လျှောက်လှမ်းကြပါစို့ ......***

credit to ...... poemscorner & Eleven Media Group

Friday, July 11, 2014

TRUE IMAGES (190)


"လမြတ်ဝါဆို"


"လမြတ်ဝါဆို"
။။။။။။။။။။။။။။။။။

ဝါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာအများ
ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့
ဝါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်း
ကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟို
ဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ
အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ လွဲနေတဲ့ ရှေးအယူအဆ
တွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်
လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှု
တွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်း
မှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင်
စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ
ဖြစ်ပါတယ်။

ဝါတွင်းဆိုလို့ တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲ
ဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်း
ဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့
အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ
ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေ
အထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ
အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ
ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာ
ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု
ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာ
သက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့
သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့်
- ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊
- အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တော
ထွက်သွားတဲ့နေ့ရယ်၊
- အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့)
ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက်ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်
ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။

ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့်
ဝါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့အတူတူပဲ
ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆို
လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့
ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့
နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို
လမြတ်ဝါဆိုလို့ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာ
တော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို
"ဓမ္မစက္က ပ၀တ္တနသုတ်"လို့ အမည်ပေးပါတယ်။

တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး
လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း
ဟောကြားတော်မူတဲ့ အတွက်ကြောင့် "ဓမ္မစက္ကပ၀တ္တန" လို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်
ကူကူပဲဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့
ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့
လို့အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို
ဝါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို
ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်
အကျွေးပြုခဲ့ကြတဲ့ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို
နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို
စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို
ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်
ပါတယ်။ ဒီတရားဦးဒေသနာမှာမြတ်စွာဘုရားရှင်က
ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါး
တတ်တဲ့ ကာမသုခလ္လိကာနုယောဂအကျင့်နဲ့
မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့
အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး
အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို
ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ
တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆို
ရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်
အတွက်
*** မှန်ကန်တဲ့အမြင် - သမ္မာဒိဋ္ဌိ
*** မှန်ကန်တဲ့အတွေး - သမ္မာသင်္ကပ္ပ
*** မှန်ကန်တဲ့စကား - သမ္မာဝါစာ
*** မှန်ကန်တဲ့အလုပ် - သမ္မာကမ္မန္တ
*** မှန်ကန်တဲ့အသက်မွေးမှု - သမ္မာအာဇီဝ
*** မှန်ကန်တဲ့ကြိုးစားအားထုတ်မှု - သမ္မာဝါယမ
*** မှန်ကန်တဲ့သတိရှိမှု - သမ္မာသတိ
*** မှန်ကန်တဲ့သမာဓိရှိမှု -သမ္မာသမာဓိ ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို
လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်
အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ဒီလို အလယ်အလတ်
လမ်းစဉ်ကို သွားနိုင်ရေးအတွက်အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို
*** မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး
မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။***

*** နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့တွယ်တာမှုတဏှာလို့
ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို
ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။***

ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့
အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း
ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့
လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။တရားဦးဒေသနာ
တော် မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး
ဖြစ်စေတတ်တဲ့ အကျင့်တွေကိုရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်
အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ
ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲ
လုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစား
အားထုတ်ရမှာ ဖြစ်ပါတယ်။

ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။လမြတ်
ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံး
ဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ်ပြည့်ဝစေပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

credit to ...... Popular Journal

Friday, July 4, 2014

"အေးချမ်းကြပါစေ"


"အေးချမ်းကြပါစေ"
။။။။။။။။။။။။။။။။။။။။။။

“လူ(နတ်)သတ္တ၀ါတွေအားလုံး
စိတ်ကောင်းထားလို့
စာနာထောက်ထား
သနားညှာတာတတ်ကြပါစေ၊
မေတ္တာတရား ရှိကြပါစေ၊
ဘယ်သူမဆို သတ္တ၀ါအားလုံး
ကောင်းတာ တွေ့ကြပါစေ။

ဘေးရန်ကင်းကြပါစေ၊
ကြောင့်ကြကင်းကြပါစေ၊
ဆင်းရဲကင်းကြပါစေ၊
ကျန်းမာကြပါစေ၊
ချမ်းသာကြပါစေ၊

အဆိုးကင်းကြပါစေ၊
အကောင်းပြည့်စုံကြပါစေ၊
အဆိုးနိုင်ကြပါစေ၊
အကောင်းပိုင်ကြပါစေ၊၊”

ကျေးဇူးတော်ရှင် (ယော)ဆရာတော်ဘုရားကြီး
(အရှင်သိရိန္ဒာဘိဝံသ)

credit to ..... Young Buddhist's Association

TRUE IMAGES (189)


"မျက်ကန်းမျိုးချစ် .... သို့"


 
မျက်ကန်းမျိုးချစ် .... သို့
။။။။။။။။။။။။။။။။။။။။။။။။။။။

အို . . . မျက်ကန်း မျိုးချစ်တို့ နိုးလော့ ထလော့ . . .
သင့် ချစ်ခြင်းဖြင့် တစ်ပါးသူအား မထိခိုက်စေနှင့် . . .
သင့် ချစ်ခြင်းဖြင့် နိုင်ငံအား အကျိုးပြုလော့ .....

တိုင်းသူပြည်သားတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးကို
ချစ်မြတ်နိုးစိတ် တွေကပဲ နိုင်ငံတော်ကို တည်ဆောက်နိုင်
မှာဖြစ်တယ်။

တိုင်းပြည်နဲ့ လူမျိုးက်ု ချစ်မြတ်နိုးစိတ်ကို
အရင်းတည်ပြီး အသက်ကို ပေးပြီး တိုက်ပွဲဝင်သူတွေ၊ ကိုယ်ကျိုးစွန့်ပြီး နိုင်ငံအကျိုးထမ်းရွက်သူတွေကို
သူရဲကောင်း အဖြစ်သတ်မှတ်ကြတယ်။

လူရယ်လို့ဖြစ်လာတဲ့အခါမှာ
မိမိ အတွက်၊
မိမိ မိသားစု အတွက်၊
မိမိ သာသနာအတွက် ရယ် ပြီးနောက်
မိမိ တိုင်းပြည် အတွက် အော်နေ ရုံနဲ့ ပြီးမြောက်ပြီရယ်လို့
မဟုတ်ဘူး။ မိမိ ဒေသတွင်း နိုင်ငံတွေ၊ မိမိ နေထိုင်ရာ
ကမ္ဘာမြေ အတွက် လည်း ကြည့်ရဦးမယ်။

အို . . . မျက်ကန်းမျိုးချစ် . . .
သင့် နိုင်ငံကို ကမ္ဘာ အလည်မှာ
ဝင့်ထည်စွာမြင်ရဖို့ ဝိုင်းဝန်း ကြိုးပမ်းနေကြ
ချိန်ဖြစ်တယ်။ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး
သူတပါး ဘာသာ ကို အစိမ်းလိုက်စော်ကားနေခြင်းက
ကုလားတွေ ဝင်ရောက်မှုကို ရပ်တန့်သွားစေ နိုင်မယ့်
အဖြေ မဟုတ်။ ဒါအပြင် နိုင်ငံတကာ ရဲ့ အမြင်မှာ နိုင်ငံရဲ့
လုံခြုံမှု၊ နိုင်ငံအပေါ် ယုံကြည်မှုတွေ လျှော့ကျသွားစေတယ်။

အို . . . မျက်ကန်း မျိုးချစ် ထလော့ နိုးလော့ .....
တိုင်းပြည် တိုးတက်ဖို့၊ အမျိုးသာသနာ ကို စောင့်ရှောက်ဖို့
သင်လွန်စွာ တက်ကြွလွန်းလှလျှင်

*** မှန်ကန်သော နည်းလမ်းများကို အသုံးပြု ***
*** မှန်ကန်သော နည်းလမ်းများကို အသုံးပြု ***
*** မှန်ကန်သော နည်းလမ်းများကို အသုံးပြု ***

နိုင်ငံကို အကျိုးပြုရန် ကြိုးစားလော့။

(သူရိယနေဝန်း)

credit to ...... သူရိယနေဝန်း

Wednesday, July 2, 2014

TRUE IMAGES (188)


"လမ်းမသိသော ယင်ကောင်"


လမ်းမသိသော ယင်ကောင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"မီလ် ခရော့(ဖ)" စားသောက်ဆိုင်၏ တတ်ဆိတ်ငြိမ်
သက်သော အခန်းတစ်ခုထဲမှာကျွန်တော်ထိုင်နေသည်။
စားသောက်ဆိုင်က တိုရွန်တို့မြို့ ဘက် တစ်နာရီခြား
ခရီးလောက်မှာ ရှိနေသည်။ ထင်းရှုးပင် များကြားမှာ ပုန်းလျှိုး
တည်ရှိသည့် ငြိမ်းချမ်းသော နေရာကလေး။

သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ
သေရေးရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်နေသံ
တစ်ခု ကျွန်တော်ကြားနေရသည်။

ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကို ဖောက်ထွက်နိုင်
ရန်အသည်းအသန်ကြိုးစားနေခြင်းပင်။ သူ့ ခန္ဓာကိုယ်၌ အကြွင်း
ကျန်သမျှ စွမ်းအားကိုဖြစ်နိုင်စရာ မရှိသည့် သည်အရေးကိစ္စကြီး
အတွက် သူဖြုန်းတီးနေသည်။

ညံသထက်ညံလာသည့် တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်း
လှသည်။ ယင်ကောင်၏လုပ်ငန်းစဉ်ကို ဖော်ပြနေသည်။ ကြိုးစား၊
မအောင်မြင်လျှင် သည့်ထက် သည့်ထက်ပိုကြိုးစား၊ ဟူသော လုံ့လ
ဝါဒ လမ်းစဉ်။ သို့သော် လောလောဆယ် သည်လမ်းစဉ်က
အလုပ်မဖြစ်ပေ။

အသည်း အသန် ကမူးရှူးထိုးကြိုးစားနေခြင်းကြောင့် သူ့အတွက်
လွတ်လမ်းပေါ်မလာ။ ရှင်သန်မည့် အလားလာလည်း စိုးစဉ်းမျှ
မမြင်ရ။ စင်စစ်မစဉ်းမစား အားထုတ်ရုန်းကန်သော်လည်း ပြတင်း
မှန်ချပ်ကိုကားဖောက်ထွက်လာနိုင်စရာ အကြောင်းမရှိ။

မည်သို့ပင်ဖြစ်စေ ၊ ယင်ကောင်လေးကတော့ သူ့ ရည်မှန်းချက်ပန်း
တိုင်သို့ရောက်ရှိရေးအတွက် အသက်ပင်သေသေ ဟူသော
စိတ်ဓာတ်မျိုးဖြင့် ကျားကုတ်ကျားခဲအားထုတ်ရုန်းကန်သွားရန်
စိတ်ဓာတ်ခိုင်မာလျက် ရှိနေသည်။

ဝမ်းနည်းစရာပင် ယင်ကောင်၏ ဘ၀နိဂုံးကို သိမြင်နေရသည်။
သူသည် သည်ပြတင်းပေါက် ဘောင်ပေါ်၌ ပင် သေပွဲဝင်ရမှာ သေ
ချာလျက်ရှိသည်။

စင်စစ်၊ အခန်း၏ တစ်ဖက်ခြမ်း သည်မှန်ပြတင်းမှ ခြေဆယ်လှမ်းခန့်
အကွာ၌တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျက်ရှိသည်။ သုံးလေးစက္ကန့်
ပျံသန်းရုံဖြင့်ယင်ကောင်ငယ်သည် သူမျှော်လင့်တောင့်တသည့် ပြင်ပ
ကမ္ဘာသို့ လှစ်ကနဲရောက်ရှိသွားနိုင်၏ ။

သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကိုခဏလေးနား
ကာ ဘေးဘီသို့ အသာလှည့်ကြည့် ရုံမျှဖြင့် မိမိဘာသာထည့်သွင်း
ထားသည့် လှောင်ချိုင့် အတွင်းမှ သူလွတ်မြောက်သွားနိုင်၏။

မှန်နံရံကို ဖောက်ထွက်နိုင်သော အခွင့်အလမ်း သို့မဟုတ် သည်အခန်း
တွင်းမှလွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးနားလေး
မှာပင်ရှိ၏။ သိသူအတွက်ကားလွယ်ကူလှဘိသည်။

ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ်မျိုး
ပြောင်း၍ ကြိုးစားရကောင်းမှန်း မသိခဲ့ပါသနည်း။ သူရွေးချယ်ခဲ့သည့်
တစ်ခုတည်းသောနည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲ
စွဲနေရသနည်း။ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲ လုပ်ခြင်း
သည်သာ အောင်မြင်မှု ရရန်အသေချာဆုံးဖြစ်သည်ဟု အဘယ်ကြောင့်
သည်မျှ စွဲလမ်းယုံကြည်နေရသနည်း။

သေချင်သေပစေ သည်နည်းလမ်းအတိုင်းပဲစွဲစွဲမြဲမြဲ အားထုတ်သွားမည်
ဟူသောစိတ်သည်ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးမှပေါ်ပေါက်ခဲ့
သနည်း။

ယင်ကောင်အနေနှင့် တော့ သူ၏ လုပ်ငန်းလမ်းစဉ် သည်ပင်
ကျိုးကြောင်းအသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်။ သို့သော်
ဝမ်းနည်းဖွယ်ကောင်းသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်သည်
အသက်ဆုံးရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး
လုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။

*** ကြိုးစား ၊ မအောင်မြင်လျှင် သည့်ထက် သည့်ထက် ပိုကြိုးစား၊
ဟူသော နည်းသည်အမြဲသင့်တော်မှန်ကန်သည့် အဖြေ နည်းလမ်း
မဟုတ်ပါ။ သည်ဝါဒတစ်ခုတည်းကို အားကိုးပြုထားရုံဖြင့် သင်၏ဘ၀ ရည်မှန်းချက်တွေထမြောက်အောင်မြင်လမ့်မည်ဟုစိတ်ချယုံကြည်၍
မရ ပါ ။ စင်စစ် သည်လမ်းစဉ်ကို တရားသေကိုင်စွဲခြင်းကြောင့်ပင်
ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါသည်။

*** နည်းလမ်းကို ပြန်လှန်သုံးသပ်မှူု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း
မကြိုးစား၊ ၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင် ရှိသမျှ အတားအဆီး ကို
ဖောက်ထွက် ကျော်လွှားနိုင်ရမည် ဟူသောအစွဲဖြင့် လုပ်ကိုင်သွားမည်
ဆိုကမအောင်မြင်ရုံမက အောင်မြင်သည့် အခွင့်လမ်းများစွာ ကိုပင်
မိမိဘာသာ ဖျက်ဆီးပစ်မိနိုင်ပေသည်။

*** ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့် အခါတိုင်း
ယင်ကောင် ကို သတိရပါ ။ ***

မူရင်း ။ ။ Price Pritchett ၏ Try Something Different

(ရွှေအိမ်စည်)

credit to .... Shwe Eaim Si

Tuesday, July 1, 2014

TRUE IMAGES (187)


"တစ်ကြိမ်ပိုရင်..."



"တစ်ကြိမ်ပိုရင်..."
။။။။။။။။။။။။။။။။။။။။။
လူ့ဘဝက တစ်ခါတလေ လမ်းမှားတတ်တယ် ...
တစ်ခါတလေ လဲကျတတ်တယ်......
လူတိုင်း အမှား မကင်းပါဘူး...
လမ်းမှားတာ၊ လဲကျတာ ကိစ္စမရှိပါဘူး.....
နောက်ထပ်တစ်ဖန် ထရပ်ဖို့ မမေ့ဖို့ပဲ လိုတယ်....
ဒါတွေဟာ ရှေ့ဆက်လျှောက်မယ့် လမ်းအတွက်
အာဟာရမြေသြဇာတွေဖြစ်တယ်.....
"ထရပ်တဲ့အကြိမ်အရေအတွက်က
လဲကျတဲ့အကြိမ်အရေအတွက်ထက်
တစ်ကြိမ်ပိုရင် သင်အောင်မြင်ပါပြီ...."
(Nine Nine Sanay)
***************************************
“Success consists of
getting up just one more time
than you fall.”
(Oliver Goldsmith)
****************************************
"Fall down seven times,
get up eight."
(Japanese Proverb)

credit to .... Nine Nine Sanay / quotationspage
& rainbeforerainbows