Tuesday, June 30, 2015

"NLD ကို မဲပေးကြပါစို့ "

"ရေးချင်မိတဲ့ စာ(၉)"

"NLD ကို မဲပေးကြပါစို့ "
။။။။။။။။။။။။။။။။။။။။။။။။။။။


@ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
- အမျိုးသမီးကြီးတစ်ယောက်ကိုကြောက်လို့
- လိုရာဆွဲ၊ လိုရာအသုံးချနိုင်ဖို့ 
စနစ်တကျ ရေးဆွဲခဲ့တဲ့
ဖိနှိပ်ရေးဥပဒေတစ်ရပ်သာ ဖြစ်ပါတယ်။

@ ဇွန်လ ၂၅ ရက်နေ့က ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
မဲခွဲဆုံးဖြတ်မှု" ရဲ့ ကျေးဇူးတော်ကြောင့်
(အများ)ပြည်သူရဲ့ ဆန္ဒကိုမျက်ကွယ်ပြုတဲ့
တပ်မတော်ရဲ့ သဘောထားအမှန်ကို
ကျမတို့ မျက်ဝါးထင်ထင်
တွေ့ မြင်လိုက်ရပါပြီ။

@ ဖွဲစည်းပုံအခြေခံဥပဒေမှာ
“နိုင်ငံတော် အချုပ်အချာအာဏာ၏
မူလပိုင်ရှင်သည်
ပြည်သူဖြစ်သည်” ဟု
အတိအလင်း ပြဌာန်းထားပါတယ်။

@ နောင်အခါများမှာ
နိုင်ငံတော် အချုပ်အချာအာဏာရဲ့
မူလပိုင်ရှင်ဖြစ်တဲ့
ကျမတို့ ပြည်သူတွေရဲ့ ဆန္ဒတွေ
အဟောသိကံ မဖြစ်ဖို့ရာ ...

(အများ)ပြည်သူ ဆန္ဒကိုသာ
အမြဲဦးစားပေးတဲ့
လူထုခေါင်းဆောင်
အမေစုရဲ့ ပါတီ NLD ကိုရွေးချယ်မှသာ ...

ကျမတို့ရဲ့ စစ်မှန်တဲ့ ဆန္ဒတွေ
ဘယ်လမ်းကြောင်း၊ ဘယ်နေရာမှ မပိတ်ပဲ
တသွင်သွင် စီးဆင်းနိုင်မယ်ဆိုတာ
တင်ပြရင်း ....

@ “ပြည်သူ့ဆန္ဒအမှန် စီးဆင်းဖို့ -
NLD ကို မဲပေးကြပါစို့ …”

(mhp)

refer to ...  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)
& original news agencies

Monday, June 29, 2015

TRUE IMAGES (425)

"အညီအမျှသာ ယူတော်မူကြပါကုန်လော ...."

Sunday, June 28, 2015

"ရှင်းသွားတဲ့ အဖြေ"

"ရှင်းသွားတဲ့ အဖြေ"
။။။။။။။။။။။။။။။။။။။။။။။  

“လူတစ်စု တစ်ဖွဲ့ကနေပြီးတော့
အများပြည်သူထက် ပိုပြီးတော့
ဒီနိုင်ငံအတွက် ဘာသင့်တော်တယ် ဆိုတာ
သိတယ်ဆိုတဲ့ အမြင်ကိုက
ဒီမိုကရေစီအမြင် မဟုတ်ဘူး။”

“ဒီတစ်စုတစ်ဖွဲ့က ဒီနိုင်ငံအတွက်
အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေကို
လုပ်ပိုင်ခွင့် ရှိတယ်ဆိုကတည်းက
ဘယ်မှာလဲ ဒီမိုကရေစီ?
ဒီမိုကရေစီစကားရဲ့ အဓိပ္ပာယ်နဲ့ကို
ဆန့်ကျင်နေပြီ။

ဒါကြောင့် …
ပြည်သူ့ဆန္ဒ ဘာလဲဆိုတာသိရက်နဲ့
ဆန့်ကျင်တယ်ဆိုရင်
ဒါဟာ ...
ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာ
မဟုတ်ဘူးဆိုတာ
ရှင်းရှင်းပြတာပဲ။”

(ဒေါ်အောင်ဆန်းစုကြည် )

credit to ...  Eleven Media Group

Saturday, June 27, 2015

TRUE IMAGES (423)

"ပျားရည်နဲ့တော့ ၀မ်းချနေကျ ...... "

‘‘အဖေ့ နေရာ’’

‘‘အဖေ့ နေရာ’’
။။။။။။။။။။။။။။။။။


@ မေတ္တာကန့်လန့်ကာ နောက်ကွယ်က
အဖေ။
သားသမီးတွေ ကကြိုးဆင်၊ အလှ တိုးစေချင်တဲ့
အဖေ။
ရုန်းကန်လှုပ်ရှား အပြင်မှာ အနေများတဲ့
အဖေ။
အိမ်ပြန်မိုးချုပ် အစဉ်သာ အလုပ်ရှုပ်တဲ့
အဖေ။

@ စီးပွားအသပြာတိုးစေဖို့
သားသမီးတွေ မနိုးခင်
ဘုရားပင် မရှိခိုးနိုင်ဘူး ...
အရုဏ်ကို အဖော်လုပ်
အားထုတ်တဲ့ အဖေ။

@ ဂုဏ်တော်ကိုးပါး ဦးထိပ်ထားလို့
သွားရင်း ရွတ်ဖတ်

"အရဟံ-သမ္မာ-သမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္တော-သုဂတော"

ဟော...အကြီးကောင် ဖိနပ်ဖိုး၊
တိုးလာတဲ့ ဈေးနှုန်း
ဖြုန်းတတ်တဲ့ အလတ်မ၊
လှချင်တဲ့ အငယ်ကောင်
ယောင်တောင်တောင် အထွေးဆုံး
အတွေးလုံးတွေ ဝင်ဆောင့်

အောင့်သွားတဲ့ ရင်အစုံကြောင့်
ကိုးပါးဂုဏ်တော် တစ်ခါမှ မပြည့်စုံဘူး ...

တစ်ခါတလေ
သုဂတောမှာ ဆုံးလို့ဆုံး ...

ရှုံးမဲ့ကုန်အရေးတွေးကာပူ
လောကဝိဒူမှာ ရပ်လို့ရပ် ...

သတ္တာဒေဝ-မနုဿာ     နံ-
ရှေ့ဆက်ရန် အစပျောက် ...

ဘဂဝါထိ မရောက်နိုင်တဲ့
အဖေ ..... ။

@ စီးပွားရေးသဘော၊
လိမ်ပြောညာပြော

ဟုတ်တာလည်းပြော၊
မဟုတ်တာလည်းပြော

ရိတာလည်း ရှိ၊
ငြိတာလည်း ရှိ

မူးတာလည်းပါ၊
မြူးတာလည်းပါ

ပါဏာတိအစ၊ သူရာမေအဆုံး
လုံးလုံးသီလမရှိတဲ့ အဖေ

ညစာကိုအောင့် ဇရပ်ထောင့်မှာ
ဥပုသ်မစောင့်ဘူးတဲ့
အဖေ ..... ။

@ မိသားစုအရေး ကုသိုလ်ဝေးပြီး
အလုပ်မှာ နစ်မျော
ဇောခုနစ်တန် အဖန်ဖန်ပတ်ရစ် ...

လူ့ဘုံနွံညစ်မှာ
ကိုယ်နစ်တော့ ... ခြေကန်
ခြေမဟန်တော့ ... လက်ယက်
လက်ပျက်တော့ ... ခေါင်းကူ

မငြူမစူ စိတ်မဆိုး
တာဝန်တွေ ကုန်းပိုးပြီး
ဟိုးကမ်းခြေကပ်တဲ့အထိ
ကူးခပ်တဲ့ ...
အဖေ ... ။

@ ဟော ... အတောင်အတက် ...
အဆောင်အခတ်ရယ် စုံလင်ပါ တော့

တဒင်္ဂအမြင် အတွေးအထင်တွေနဲ့
သားသမီးတွေကို မကြင်နာ

အပြင်မှာ ခင်စရာရှာတဲ့ အဖေတဲ့ ...

မိဘဂုဏ်အင် ဝတ်ငါးအင်
မစုံလင်တဲ့ အဖေတဲ့လေ ... ။

@ သားသမီးအရေးကြောင့်
ကုသိုလ် ဝေးရတဲ့အထဲ ...
ပဉ္စနန္ဒြိယ ကံမိုက် သားသမီးတွေ ထိုက်မှာစိုးလို့

ငါးပါးသီလဂုဏ် မပြည့်စုံလည်း

"ကုသိုလ်ပွားများ(ရင်)
အပါယ်မလားပါဘူးကွယ် ...
မိဘပြစ်မှား ပြောဆိုငြားလည်း
မိဘခွင့်လွှတ်(ရင်)
အပြစ်လွတ်ပါတယ်ကွယ်။"

အမြဲမှားခဲ့တဲ့ အဖြေ
တလွဲထားခဲ့ အမွေ

သြော်...ငရဲလားမယ့် ...
အဖေ ......... ။

(ဒါရိုက်တာ စိုးသိမ်းထွဋ်)

****************************

--------------
ရွှေသီးရေ...မင်းတော့ ဘယ်လိုနေလဲမသိဘူး။
ငါတော့ ဒီကဗျာကို ဖတ်နေရင်း ငါ့အဖေကို ပြန်ပြီး မြင်လာတယ်။

စိတ်ထားဖြူရင် ကုသိုလ်ရပါတယ်ကွာဆိုပြီး
အခါ ကြီးရက်ကြီးတောင် အလုပ်မနား နိုင်ဘဲ
သွားရတဲ့ အဖေ။

မိသားစု အတွက် စီးပွားရှာရင်း ရိုးသားမှု ကနေ
ခဏခဏခွာရတဲ့ အဖေ ပေါ့။

အဲဒီရလာတဲ့ ငွေကြေးက သူတစ်ယောက်တည်း သုံးစွဲဖို့ မဟုတ်ဘူး။ သူ့အိမ်အပြန်လာကို စောင့်နေကြတဲ့
မိသားစုအတွက်ပဲလေ .................. ။

(မောင်နံ့သာ)

ဆောင်းပါးရှင် "မောင်နံ့သာ" ၏
"ငရဲလားမယ့် အဖေ"  ဆောင်းပါးမှ ...

credit to ...  7daydaily

Thursday, June 25, 2015

TRUE IMAGES (424)

"ကလိမ် ကကျစ်"

"ဦးဝင်းမြင့်၏ ဆွေးနွေးချက်"

"ဦးဝင်းမြင့်၏ ဆွေးနွေးချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဇွန်လ ၂၃ ရက်နေ့က ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း” ကို ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်မှ ပါဝင် ဆွေးနွေးချက် -
  
ကျွန်တော့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးကို
သဘောတူပါတယ်။ ဒါပေမယ့် ပြောင်းလဲပုံပြောင်းလဲနည်းနဲ့ပတ်သက်၍
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားနဲ့ ကွဲလွဲ နေပါတယ်ဆိုတာကို ဦးစွာ လေးစားစွာတင်ပြအပ်ပါတယ်။

*** ပုဒ်မ ၅၉(စ)***

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄(က)တွင် -
မိမိကိုယ်တိုင်နှင့် မိမိ၏မိဘနှစ်ပါးသည် နိုင်ငံတော် အတွင်း
မွေးဖွားသော နိုင်ငံသားဖြစ်ပြီး ပါလီမန်အမတ်အဖြစ်
ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့်အရည်အချင်းနှင့်ပြည့်စုံလျှင်
နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်တင်မြှောက်ခံနိုင်ခွင့်ရှိကြောင်း အတိအလင်းပြဋ္ဌာန်းထားပါတယ်။

၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
ပုဒ်မ ၆၄မှာ -
ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားတယ်။
ပုဒ်မ ၆၅ မှာ -
နိုင်ငံတော် ကောင်စီဝင်များသည် မိမိတို့ထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို ရွေးချယ် တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားခြင်း၊
ပုဒ်မ ၆၆ မှာ -
နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတ ဖြစ်ရမည်လို့
ပြဋ္ဌာန်းထားခြင်းတို့ကိုတွေ့ရှိရပါတယ်။
ယင်းပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းများနှင့်ပြည့်စုံလျှင် လုံလောက်ကြောင်းထင်ရှားနေပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျင့်သုံးခဲ့တဲ့
အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ
နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့စပ်လျဉ်းပြီး
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင်ပါရှိသော
ပြဋ္ဌာန်းချက်မျိုး လုံးဝမတွေ့ရှိရပါ။

ကျွန်တော်လေ့လာမိသမျှ
ကမ္ဘာ့နိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း
ဤကဲ့သို့ပြဋ္ဌာန်းချက်မျိုး လုံးဝမရှိပါ။

ဥပမာအားဖြင့် -
ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော အမေရိကန်နိုင်ငံတွင်
သမ္မတဖြစ်ရန် အနည်းဆုံး အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ အမေရိကန်နိုင်ငံတွင် မွေးဖွားသူဖြစ်ရမည်။
၁၄ နှစ်ကြာ နေထိုင်သူဖြစ်ရမည်ဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်ပဲရှိကြောင်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ မှာလည်း
သမ္မတဖြစ်ရန် အသက် ၃၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်။
အောက်လွှတ်တော် ရွေးကောက်ပွဲ အတွက် အရည်အချင်းပြည့်သူဖြစ်ရမည်။ အစိုးရရုံးတွင်ဖြစ်စေ၊ အစိုးရလက်အောက်ခံရုံးတွင်ဖြစ်စေ
တာဝန်ထမ်းဆောင်သူ မဖြစ်စေရဆိုတဲ့ အရည်အချင်းပဲသတ်မှတ်ထားကြောင့် လေ့လာတွေ့ရှိရပါတယ်။

ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမှာ
၂၅ ရာခိုင်နှုန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို
ပုံတူကူးယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဖွဲ့စည်းပုံမှာဆိုရင်လည်း - သမ္မတဖြစ်ရန် နိုင်ငံသားဖြစ်သူ၊ ၃၅ နှစ်ထက် မငယ်သူ၊
လာဘ်စားမှု၊ ရာဇဝတ်မှုများ မကျူးလွန်ထားသူ၊ နိုင်ငံအတွင်းနေထိုင်သူ၊ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မိမိ၏ပိုင်ဆိုင်မှုများ သတင်းပို့ပြီးသူ၊ တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့် အကြွေးမယူထားသူ၊
လွတ်လပ်ရေးကြေညာစာတမ်းကို သစ္စာစောင့်သိသူ၊
အနည်းဆုံးအခြေခံပညာ အထက်တန်းအောင်မြင် ပြီးသူ၊
သမ္မတရုံးကိုအုပ်ချုပ်ရန် အမြင်ရှိသူ စသည်ဖြင့် အသေးစိတ်ပါရှိသော်လည်း
ပုဒ်မ ၅၉(စ)မှာပါတဲ့ အချက်မျိုး
"ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ဖက်သတ် သတ်မှတ်ထားခြင်းမျိုး" မတွေ့ရပါ။

***ပုဒ်မ ၄၃၆(က)***

ပုဒ်မ ၄၃၆(က)မှာ ပါရှိတဲ့ပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ တင်းကျပ်စွာသတ်မှတ်ထားပါတယ်။

ဒါဟာ "ကမ္ဘာမှာပြင်ဆင်ရန်အခက်ခဲဆုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း" ပေါ်လွင်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အခြေအနေ၊အချိန်အခါနဲ့အညီ
ပြောင်းလဲပြင်ဆင်ရပါတယ်။
လိုအပ်လို့ အချိန်နဲ့တပြေးညီ မပြောင်းလဲ မပြင်ဆင် နိုင်ပါက
တိုင်းပြည်မှာ မလိုလားအပ်တဲ့ပြဿ      နာများ၊ ပဋိပက္ခများ၊ ဆိုးကျိုးများ
ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်သမ္မတဟောင်း ရုစဘဲ့က
"အခြေခံဥပဒေဟူသည် ပြည်သူတို့၏ စရိုက် လက္ခဏာများ၊ လိုလားချက်ဆန္ဒများနဲ့ကိုက်ညီအောင် အစဉ်ရှင်သန်နေသောအရာဖြစ်သည်" လို့ အဆိုအမိန့် ရှိပါတယ်။

၄၃၆(က)ရဲ့ ပြဋ္ဌာန်းချက်အတိုင်းဆိုပါက
"ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များက ဘယ်လိုပဲ ပြင်ဆင်စေချင်ကာမူ
တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံမှု မရှိပါက ဘယ်လိုမှမပြင်ဆင်နိုင်ကြောင်း" တွေ့ရှိရပါတယ်။

ဒါဟာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီမှု မရှိကြောင်းဖြစ်နေပါတယ်။
*** ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ယင်းဥပဒေကိုပြန်လည်ဖျက်ဆီးမယ့်
မျိုးဥများ မပါရှိစေရ၊၊*** ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များရဲ့ သုံးသပ်ချက်ကိုလည်း အထူးသတိပြုသင့် ကြပါတယ်။

ယခုပြင်ဆင်ထားတဲ့ ....
"၇၀ ရာခိုင်နှုန်း အောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက
ပြင်ဆင်ရန် သဘောတူလက်ခံခြင်းဆိုတဲ့ ပြင်ဆင်ချက်ဟာလည်း
လုံလောက်မှုမရှိသေးပါ။
ဒါဟာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမပါဘဲ
ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်ချည်းဖြင့်သာ
တွက်ကြည့်ရင် ၉၄ ရာခိုင်နှုန်းရမှ ပြင်ဆင်ခွင့်ရှိသလို ဖြစ်နေပါတယ်။"

ဒါဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အထက်မှာတင်ပြခဲ့တဲ့နိုင်ငံတွေထက် ဒီမိုကရေစီယဉ်ကျေးမှု ခေါင်းပါးနေပြီလား၊
ဒီမိုကရေစီရေချိန်ကျနေပြီလား၊
ဉာဏ်ရည်မမီတော့ဘူးလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

"ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး
ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ သတ်မှတ်ထားခြင်းဟာ တရားမျှတသလို
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ စံချိန်စံညွှန်းနဲ့လည်း ညီညွတ်သဖြင့် ဒါကိုတော့ ထောက်ခံပါတယ်။"

လေးစားအပ်တဲ့ နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။
ယခုကာလကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ပြောကြပါတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့လည်း ကြွေးကြော် နေကြပါတယ်။ အမျိုးသားပြန်လည်ညီညွတ်ရေး ခိုင်မာစေရန်ဆိုပြီး
နိုင်ငံရေးဦးတည်ချက်တစ်ခုလည်း ချမှတ်ထားပါတယ်။

ဒါဆိုရင် ...
"ဒီပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ခြင်း၊ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ခြင်းမရှိသမျှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မဟုတ်သေးကြောင်း၊
ဒီမိုကရေစီနိုင်ငံတော် မတည်ဆောက်သေးကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကို ဦးမတည်နိုင်သေးကြောင်းတို့ကို အလိုလိုပေါ်လွင်ပြီးသား ဖြစ်ပါတယ်။"

credit to ... 7daydaily

Tuesday, June 23, 2015

TRUE IMAGES (422)

“ဈေးကွဲချိန် ရောက်တော့မည်။”

"ခံစားမှု သည်သာ အခရာ"

"ခံစားမှု သည်သာ အခရာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“အောင်မြင်တာ ရှုံးနိမ့်တာကို
ရုပ်ဝတ္ထု ကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့။
ကိုယ်ဘယ်လို ခံစားရတယ် ဆိုတာနဲ့သာ
တိုင်းတာပါ။
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို
ကိုယ့်ခံစားချက်များကသာ ပြဌာန်းတယ်။”    

"Don’t measure success or failure
by material wealth,
but by how you feel;
our feeling determine the richness of our lives."

(Nancye Sims)

credit to ... Ko Luthank

Sunday, June 21, 2015

TRUE IMAGES (421)

“မျက်လှည့်ဆြာကြီးတွေ ပေါလို့ပါ …”

Saturday, June 20, 2015

TRUE IMAGES (420)

"တာဝန်ကို အာဏာလို့ ထင်နေသမျှ "

"ငြိမ်းချမ်းရေး"

"ငြိမ်းချမ်းရေး"
။။။။။။။။။။။။။။။။


@ တုတ်ကြီးကြီး ကိုင်ထားသူက
ငြိမ်ဝပ်ရေး လိုချင်တယ်။
တုတ်ချင်းယှဉ်နိုင်ပြီ ထင်သူက
လွတ်မြောက်ရေး လိုချင်တယ်။
လက်ထဲမှာ တုတ်မပါသူတွေက
ငြိမ်းချမ်းရေးလိုချင်တယ်။

@ ဒီကဗျာ
မြေဇာပင်များအကြောင်း
မျက်ရည်ခံမထိုးပါ ...
သင် သဘောမတူခွင့်ရှိသော
အတွေးတစ်ခုပါ။

@ ငြိမ်းချမ်းရေးဆိုတာ
တိုက်ယူလို့မရဘူး
“ရော့” ဆို ပေးလို့လည်းမရဘူး။

@ လမ်းလျောက်ရုံနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ၊
စကားတွေနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ၊
အားကြီးရုံနဲ့မရဘူး
ငြိမ်းချမ်းရေးဆိုတာ။

@ ငြိမ်းချမ်းရေးဆိုတာ
လွယ်လွယ်ကူကူမဟုတ်ပေမယ့် ...
သိပ်လည်း ခက်ခဲမနေပါ၊
သိပ်လည်းရှားပါးမနေပါ။

@ ညီညွတ်ခြင်းပါ …
ငြိမ်းချမ်းရေးဆိုတာ
မျှတခြင်းပါ …
ငြိမ်းချမ်းရေး ဆိုတာ
ချစ်ကြည်ခြင်းပါ …
ငြိမ်းချမ်းရေးဆိုတာ
……………………….
……………………….
ငြိမ်းချမ်းရေးဆိုတာ
ဆုံးဖြတ်ချက် နှစ်ခုမျှသာ … ။

(မော်နီ)

credit to ... poemscorner

Thursday, June 18, 2015

"အမေ့ အတွက် လက်ဆောင်"

"အမေ့စကား"
။။။။။။။။။။။။။။။။


“ကျမက အာဏာလိုချင်တယ်။
နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ
ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို
နိုင်ငံအတွက် လုပ်ပေးနိုင်မှာ …”

“အဲ့တော့ ကျမရှင်းရှင်းလင်းလင်းပြောပါရစေ။
ပြည်သူလူထုအတွက် လုပ်နိုင်ဖို့
ကျမ အာဏာကို လိုချင်ပါတယ်လို့ပြောပါရစေ။"

(ဒေါ်အောင်ဆန်းစုကြည်)

*****************************************

"ကျွန်မသမ္မတကြီးဖြစ်ချင်တယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


@ ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလိုပြင်ထားတယ်။
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလိုပြင်ထားတယ်။
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုး မြွေအစွယ်ကျိုးလိုလည်း
ပြင်ထားတယ်။

@ ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလိုပြင်ထားတယ်။
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာ ညီလာခံကြီးလိုပြင်ထားတယ်။
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓါးပေါက်ခံဖို့ရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်။

@ ကျွန်မကိုယ် ကျွန်မ မြေမြုပ်မိုင်းတွေ
မွှစာကျဲနေတဲ့အရပ်မှာပေါက်နေတဲ့
ရွက်ကျပင်ပေါက်တွေလိုသဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ညမှားအိပ်နေရတဲ့
မီးပြတိုက်တစ်ခုလိုလည်းကျင့်ထားတယ်။

@ ရှင်တို့ ရှို့လိုက်တဲ့မီး
ကျွန်မ မြားရဲ့နောက်မြီးအဖျားမှာ
ဟုန်းဟုန်းတောက် လောင်နေပါစေ၊
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့မီးစတွေလို
အဲ့ဒါဟာ ကျွန်မကိုပိုပြီးခွန်အားဖြစ်စေခဲ့။

@ ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့စရမယ်လို့ ရှင်တို့ထင်နေသလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့က ချိုင့်ခွက်ထူ လူသွားလမ်းလေးကို
ကျောင်းဆင်းရင်ပြင်ကြစို့ဒါနဲ့ စမယ်။

@ ကျွန်မကိုယ် ကျွန်မ မာသာထရီဇာလိုပြင်ထားပြီး ဒိုင်ယာနာမင်းသမီးလိုလည်းဆင်ထားတယ်။

@ ကျွန်မတို့အိမ်မှာ ဘာတွေလိုသလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ?
သူတို့ ဘာကြောင့် ယဉ်ကျေးကြသလဲ?
သူတို့ရဲ့ဦးခေါင်းတွေဖွင့်ကြည့်ဖို့
သူတို့ရဲ့ပျော်ရွှင်မှုတွေကိုသုတေသနလုပ်ဖို့။
သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲကတောင်
သူတို့
ဘာလို့အင်္ဂါဂြိုဟ်သွား လက်မှတ်တွေ အလုအယက်
ဝယ်နေကြတာလဲ?
ကျွန်မ မဟာမိတ်ဖွဲ့ရမယ်
ကျွန်မတို့ အိမ်အတွက် လိုတိုး ပိုလျှော့လုပ်ဖို့်
ကျွန်မလမ်းလျှောက်ထွက်ရမယ်။
စကြာဝဠာထဲကနေ ကမ္ဘာကိုပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့ မြန်မာကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရတယ်။

*** ကျွန်မ ကျောသားရင်သားမခွဲပေမယ့်
အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။***

*** ပုလင်းထဲက လာတဲ့ ဥပဒေနဲ့
ပါးစပ်ထဲက အန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ကျမတို့
ဘယ်လောက်ညစ်ပေ နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာ
ကျွန်မကိုယ်တိုင်သိခဲ့ရတာပဲ။ ***

@ ကျွန်မကိုယ် ကျွန်မ သတင်းဆာနေသူ ရှင်တို့အတွက်
သတင်းအမှန်ရဖို့
သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။
ကျွန်မ အလုပ်တွေများပါတယ် ...

ကျွန်မမှာ ကာလီမ မယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿ      ဂီရိလို ခေါင်းတွေလည်းအများကြီးမရှိတော့
ရှင်တို့နဲ့ကျွန်မအများကြီး အကြာကြီးမတွေ့နိုင်ဘူးပေါ့။

ရှင်တို့သိပါတယ်၊
ကျွန်မကတစ်ယောက်တည်း
မျက်နှာချင်းဆိုင်မှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်နေရတာမှာလည်းတစ်ယောက်တည်း ....
ကျွန်မက တစ်ယောက်တည်းရှင့်

ကျွန်မ ကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ်
စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ထိုင်ချင်တယ်
စာတော့မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။

@ ကြယ်တွေမရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေမရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလိုပြင်ထားတယ်။

ကျွန်မကိုယ် ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ပြင်ထားတယ်၊
တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါခါသေဘူးတဲ့လူတစ်ယောက်
ငရဲကိုတော့ နားလည်ရတော့မှာပေါ့။

@ "ကျွန်မ အာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။
 အဲ့ဒီ အာဏာနဲ့အချိန်မရွေး
ကျွန်မကိုလည်း ဖြုတ်ချချင် ဖြုတ်ချနိုင်အောင်လို့။"

@ ဒါကြောင့်ကျွန်မ မှော်ဆရာ မဖြစ်ချင်ဘူး၊
သမ္မတကြီးပဲဖြစ်ချင်တယ်။
မှော်ဆရာတွေကိုမွေးပြီး
မှော်ဆန်တဲ့နိုင်ငံကြီးတည်ဆောက်လိုက်ချင်လို့။။

(ခရမ်းပြာထက်လူ)

***********************************************

"အမေ့ အတွက် လက်ဆောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အမေ့ရဲ့ နှစ် (၇၀) မြောက် မွေးနေ့မှာ …
“ပြည်သူတွေအတွက် အမေဖြစ်လိုတဲ့
သမ္မတကြီး ဖြစ်ပါစေလို့ ဆုတောင်းရင်း …
ရင်ထဲကမဲတစ်ပြားကို
ပြည်သူကိုချစ်တဲ့ အမေ့အတွက်
မပျက်မကွက် လက်ဆောင်အဖြစ်ပေးဖို့
သံဓိဋ္ဌာန်ချထားပါတယ် အမေ …”

(mhp)

credit to .... news collection &
poemscorner

Saturday, June 13, 2015

TRUE IMAGES (419)

"မိုက်တွင်းနက်တာလား?
ငရဲမကြောက်တာလား?"

"မငြိမ်းသင့်တဲ့ အလင်း"

"မငြိမ်းသင့်တဲ့ အလင်း"
။။။။။။။။။။။။။။။။။။။။။။။။။။


အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးတိုင်
ထွန်းလင်းနေကြတယ်။
သူတို့ဟာ ဘယ်သူမှမကြားနိုင်တဲ့လေသံနဲ့
တစ်ယောက်ကိုတစ်ယောက် စကားတွေပြောလို့ ...
ပထမ ဖယောင်းတိုင်ရဲ့နာမည်က "ငြိမ်းချမ်းရေး" တဲ့ ...။

သူက အခြားဖယောင်းတိုင်တွေကို စပြောတယ်။
"ဘယ်သူမှ ငါ့ကိုမထိန်းသိမ်းကြတော့လဲ ...
ငါ ပျောက်ကွယ်ရတော့မှာပဲလေ ..."
သူက ပြောရင်းဆိုရင်းပဲ ... လုံးဝငြိမ်းသွားတယ် ...။

အဲဒီ့အချိန်မှာပဲ "ယုံကြည်မှု" လို့အမည်ရတဲ့
ဖယောင်းတိုင်လေးက ဆက်ပြောတယ်။
"ငြိမ်းချမ်းခြင်းမရှိတော့တဲ့နောက်မှာ
ငါလဲဘယ်သူ့ကိုမှမျှဝေပေးနိုင်ခြင်းမရှိပဲ
ဆက်လက်ထွန်းလင်းနေရတာ
အဓိပ္ပါယ်မရှိတော့ဘူးလို့ထင်လာပြီ ..."
သူ့စကားမဆုံးသေးခင်မှာပဲ
ညင်သာတဲ့လေညင်းလေးက
သူကိုတိုက်ခတ်ငြှိမ်းသတ်သွားတယ်။

တတိယဖယောင်းတိုက်လေးကတော့
"ချစ်ခြင်းမေတ္တာ" ဖြစ်တယ်။
သူကလဲ ၀မ်းပမ်းတနည်းနဲ့ ...
"ငါလဲ ဆက်လက်ထွန်းလင်းဖို့အတွက်
အားအင်တွေခြောက်ခမ်းကုန်ပြီ ...
လူတွေက ငါရဲ့အရေးပါမှုကိုမသိကြပဲ
ငါ့ကိုဘေးဖယ်ထားကြတယ်။
သူတို့ရဲ့ အနီးဆုံးမှာရှိကြတဲ့သူတွေကိုတောင်
ချစ်ခြင်းမေတ္တာတွေပေးကြဖို့
သူတို့မေ့နေကြပြီ"
သူလဲ အဲဒီ့စကားရဲ့အဆုံးမှာပဲ
ထွန်းလင်းမှုတွေရပ်သွားခဲ့တယ်။

အဲဒီ့အချိန်မှာပဲ ကောင်လေးတစ်ယောက်
အခန်းထဲကိုဝင်လာတယ် ။

ဖယောင်းတိုင်လေးချောင်းမှာ သုံးချောင်းက ငြိမ်းပြီး
တစ်ချောင်းတည်း ထွန်းလင်းနေသေးတာကိုသူတွေ့လိုက်ပြီး
စိတ်ညစ်သွားတယ်။

အဲဒီ့အချိန်မှာပဲ နောက်ဆုံးထွန်းလင်းနေသေးတဲ့ ဖယောင်းတိုင်လေးက ကောင်လေးကြားအောင်
လေသံကိုမြှင့်ပြီး ပြောလိုက်တယ်။
"စိတ်မညစ်ပါနဲ့ ကလေးရယ် ...
ငါထွန်းလင်းနေသေးသရွေ့ မင်း သူတို့ကို ပြန်ပြီး
ထွန်းညှိပေးလို့ ရပါသေးတယ်။"

အဲဒီ့စကားသံကိုကြားတော့ ကောင်လေးလဲ
ကျန်နေသေးတဲ့ ဖယောင်းတိုင်လေးတစ်ချောင်းကိုယူပြီး
ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို
လိုက်ပြီးမီးညှိလိုက်တယ်။

အခုတော့ အခန်းလေးထဲမှာ
ဖယောင်းတိုင်လေးတိုင်လုံးထွန်းလင်းနေကြပါပြီ ။
အဲ ... နောက်ဆုံးကျန်တဲ့ဖယောင်းတိုင်လေးရဲ့
နာမည်က "မျှော်လင့်ချက်" တဲ့ ...။

(NayPhoneLatt)

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

PS ....
အထက်က ဆောင်းပါးတိုလေးကိုဖတ်ပြီး
ဆောင်းပါးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့်
"မျှော်လင့်ချက်" နဲ့ ပတ်သက်တဲ့
အတွေးတစ်ခုဝင်လာပါတယ်။

ကျမတို့နိုင်ငံရဲ့ …
ဝိုးတ၀ါး မသဲမကွဲဖြစ်နေတဲ့ "ငြိမ်းချမ်းရေး" တွေ
မှေးမှိန် ပျောက်ကွယ်လာတဲ့  "ယုံကြည်မှု" တွေ
ဆိတ်သုန်း မဲမှောင်လာတဲ့ "ချစ်ခြင်းမေတ္တာ" တွေ

ဒါတွေအားလုံးကို ပြန်လည် မီးညှိ
ထွန်းလင်းပေးနိုင်မယ့်
တစ်ခုတည်းသော
"မျှော်လင့်ချက်" ဖယောင်းတိုင်လေးဟာ
“အမေစု” ပါပဲလို့
ကိုယ့်အတွေးနဲ့ကိုယ် တွေးနေမိပါတော့တယ် …။

(Amay Su Is Our Hope …)

(mhp)

Friday, June 12, 2015

TRUE IMAGES (418)

“အလုပ်မပါတဲ့ အပြောတွေနဲ့ ဝေလေလေ”

"အပေါင်းအသင်း ပတ်ဝန်းကျင်"

"အပေါင်းအသင်း ပတ်ဝန်းကျင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


လူဆိုတာ ပတ်ဝန်းကျင် တစ်ခုထဲ မှာတော့
အမြဲရောက်နေ ကြရတာပဲ မဟုတ်လား။
ဒီတော့-

(၁) “အပေါင်းအသင်း ပတ်ဝန်းကျင်ဟာ သိပ်အရေး ကြီးတယ်”
ဆိုတာကို အခိုင်အမာ လက်ခံထား သင့် ပါတယ်။

(၂) မိမိ ပတ်ဝန်းကျင်ကို မကြာခဏ နိုးနိုးကြားကြား
စစ်ဆေးနေ သင့်ပါတယ်။

(၃) မကောင်းတဲ့ ပတ်ဝန်းကျင် ကို စွဲလမ်း တွယ်တာ မိနေပြီ ဆိုရင်
"ငါ့ဘ၀ နစ်မွန်းဖို့ သေချာနေပြီ" ရယ်လို့
ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ သတ်မှတ်သင့်ပါတယ်။

(၄) မကောင်းတဲ့အစွဲ မကောင်းတဲ့ ပတ်ဝန်းကျင်ကို
ကောင်းတဲ့ အစွဲ ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့
အစားထိုးပြီး ဖြတ်ဖို့ နိုးနိုးကြားကြား ကြိုးစား သင့်ပါတယ်။

(အောင်သင်း)

ဆောင်းပါးရှင် ဆရာ"အောင်သင်း" ၏
"အပေါင်းအသင်း ပတ်ဝန်းကျင်"  ဆောင်းပါးမှ

credit to ... myanmarinsingapore

Wednesday, June 10, 2015

TRUE IMAGES (417)

“သူတို့က နိုင်ငံကြီးတွေလေ …”

“ကံချည်းပဲလို့ မအောက်မေ့လိုက်နဲ့”

“ကံချည်းပဲလို့ မအောက်မေ့လိုက်နဲ့”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“လူတွေဟာ
ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက်
ကံချည်းပဲ အောက်မေ့လိုက်ကြတာပဲ။

ဘုရားရဲ့ ..
ဉာဏ်၊ ၀ီရိယနဲ့ ပြုပြင်မှု
ကြိုးစားမှုကို အသားပေးဝါဒ ရှိပါလျက်
ကံချည်းချထားတော့
သာသနာလည်း နာ၊
လူမျိုးလည်း နာတာပေါ့။”

(မဟာဂန္ဓာရုံဆရာတော်)

credit to ... ရနံ့စံအိမ်

Tuesday, June 9, 2015

TRUE IMAGES (416)

"လိုသလို သုံးဖို့"

"ပွင့်သောပန်းတိုင်း လှစေချင်"

"ပွင့်သောပန်းတိုင်း လှစေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကလေးတွေကို ချစ်တယ်ဆိုပြီး မနှစ် ပစ်လိုက်ပါနဲ့။
တခါတခါ မိဘတွေရဲ့ ရူးရူးမိုက်မိုက်အချစ်ကြောင့်
ပေါ့ပေါ့နေ ပေါ့ပေါ့စား “ နစ် ” သွားရတဲ့ကလေးတွေ
အများကြီးရှိပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေကို
လိုချင်တဲ့ပုံစံကို ပုံသွင်းယူခြင်းဖြင့်
အနာဂါတ်အတွက်
လှပတဲ့ ပန်းကလေးများဖြစ်လာစေဖို့ရာ ....

@ ကလေးတွေကို ဘာတွေးရမယ်ဆိုတာထက်
ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ။

@ ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထက်
ငွေရဲ့အသုံးဝင်ပုံနဲ့ တန်ဖိုးကို သာသင်ပေးပါ။

@ ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက်တာထက်
အရာဝထ္ထုတွေရဲ့ တန်ဖိုးကိုသာ သင်ပေးပါ။

@ ကလေးတွေကို အမှားတစ်ခုလုပ်မိတဲ့အခါ
ရိုက်နှက်ဆုံးမတာထက်
အဲ့ဒီအမှားရဲ့ နောက်ဆက်တွဲအကျိုးတွေကို
သေချာရှင်းပြပေးပါ။

@ ကလေးတွေကို မျက်ရည် မကျပါစေနဲ့။
သဘာဝတရားရဲ့ လှပမှုကို
ချစ်တတ်အောင်သာ သင်ပေးပါ။

@ ကလေးတွေကို
ကလဲ့စားချေခြင်းနဲ့အမုန်းတရားတွေထက်
ခွင့်လွှတ်သည်းခံခြင်းနဲ့ ချစ်ခြင်းမေတ္တာကိုသာ သင်ပေးပါ။

@ ကလေးတွေကို အတန်းပညာတွေထက်
အသိပညာ နဲ့ ဆင်ခြင်တုံတရားကို သင်ပေးပါ။

@ ကလေးတွေကို
အဆင်ပြေချောမွေ့ခြင်းတွေချည်းပဲ မပေးပါနဲ့။
လောကဓံရဲ့ ခက်ထန်ကြမ်းတမ်းမှုကိုနားလည်အောင်
ထိတွေ့ပေးပါ။

@ ကလေးတွေရဲ့ အလိုကို လိုက်ခြင်းထက်
သူတို့ လိုချင်တာဟာ တန်ဖိုးရှိမရှိဆိုတာကိုသာ သင်ပေးပါ။

(သက်တန့်ချို )

ဆောင်းပါးရှင် "သက်တန့်ချို" ၏
"မိဘတွေဖတ်ဖို့"  ဆောင်းပါးမှ

credit to .... Myanmaalinn


PS ....

စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

Monday, June 8, 2015

TRUE IMAGES (415)

"(alias) ပုလင်းတူ ဗူးဆို့ "

"အမြဲတမ်း ပျော်နိုင်ဖို့"

"အမြဲတမ်း ပျော်နိုင်ဖို့"
။။။။။။။။။။။။။။။။။။။။။။။။။


“ကိုယ့်ပျော်ရွှင်မှုကို
သူတပါးလက်ထဲ
ထည့်မထားပါနဲ့။
ကိုယ့်လက်ထဲမှာပဲ ထား။
ဒါမှ ...
အမြဲတမ်း ကိုယ်လက်လှမ်းမီနေမှာ။”

Don’t let anyone hold your happiness
in their hands;
hold it in yours,
so it will always be within your reach.

(Nancye Sims)

credit to ... koluthank

Sunday, June 7, 2015

TRUE IMAGES (414)

"လေလုံးတွေပါ ..."

"ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်"

"ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


@ (တချို့တွေက တွေးတယ် ...
အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့ ...
လွဲနေတဲ့ အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့ အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး ... ။

@ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးစင်စစ်
ဘုရင်ရူး ရူးနေတဲ့
အာဏာရှင် ရူးတွေကြောင့်
ပျက်သုန်းခဲ့ရတဲ့ ဘဝတွေ
ကြမ်းတမ်းခဲ့ရတဲ့ ဘဝတွေ
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ ဘဝတွေ
တစ်နေကုန် ကြုံးရုန်းလုပ်
ဆန်အိုးထဲ ဆန်မရှိတဲ့ ဘဝတွေ
ရင်နာနာနဲ့
ကျုပ်တို့ချစ်တဲ့ တိုင်းပြည်
ကျုပ်တို့ချစ်တဲ့ လူမျိုး
စွန့်ခွာခဲ့ရ ...။

@ ရောက်ရာအရပ် ရောက်ရာနေရာ
ကျရာအလုပ် ကျရာတာဝန်
ရိုးသားစွာရှာဖွေ
ရသမျှအသပြာငွေဖြူကို
မြန်မာငွေမည်းနဲ့ လဲလှယ်လို့
အမေ့ရဲ့ဆန်အိုးထဲဆန်ရှိဖို့
အဖေ့ရဲ့ ကျန်းမာရေးဆေးဝယ်ဖို့
တစ်နေကုန်ကြုံးရုန်းလုပ်
ပေးပို့နေရတဲ့ဘဝ
ဒါတရားတဲ့ အလုပ်ပါ။

@ တိုင်းတပါးမှာ
ကျုပ်တို့ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့ ...
ကျုပ်တို့မြေ ကျုပ်တို့ရေ မဟုတ်ပေမဲ့ ...
တရားဥပဒေဟာ ကျုပ်တို့အောက်မှာရှိတယ်
ကျုပ်ဘိုးဘွားအိမ် ကျုပ်တစ်ညပြန်အိပ်ဖို့
ဧည့်စာရင်းတိုင်စရာ မလိုဘူး
ဘာညာ သာဓကာတွေအတွက်
အန်းဒါတေဘယ်ပေးစရာ မလိုဘူး
ညအိပ် ညနေ ဘယ်သွားသွားလာလာ
ယူနီဖောင်းဝတ် ခေတ်သစ်ဓမြ
ကြောက်စရာမလိုဘူး။

@ ဒီလိုမလိုခြင်းတရားတွေ
ပြီးပြည့်စုံတဲ့ တစ်နေ့
ကျုပ်တို့ရဲ့ အမိမြေ
သယံဇာတတွေ ကုန်ကုန်
တောင်တွေဂတုံးဘဲ ဖြစ်ဖြစ်
မြစ်ကြီးတွေ ချောင်းငယ်ဖြစ်သွားသွား
ဆူနာမီနာဂစ်မြေငလျှင်တွေ လှုပ်လှုပ်

နေပူတာ ခြေပူခံနိုင်တယ်
အာဏာရှင်ပူတာ ရင်ပူမခံနိုင်ဘူး
တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်

တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်
ကျုပ်တို့နိုင်ငံ
ကျုပ်တို့ပြန်မလာရင်
ကျုပ်တို့ကိုပြော။

နိုင်ဦးညို (ဖိုးဇီးရိုး)

credit to ... MoeMaKa

Saturday, June 6, 2015

TRUE IMAGES (413)

"ဆယ်တဲ့သူတွေ အထဲရောက်သွားလို့ .... ။"

"စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့ဆိုရင်"

"စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့ဆိုရင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 
“ပြည်တွင်း ငြိမ်းချမ်းရေး
အမှန်တကယ် လိုလားသူတွေဟာ
ငြိမ်းချမ်းရေးရဲ့ အကြီးဆုံးရန်သူဖြစ်တဲ့
မိမိတို့ 'အတွင်းအမုန်းစိတ်' ကို
တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။

မျက်နှာထားချိုတာ၊
စကားချိုတာက အပေါ်ယံမျှသာပါ။

နှလုံးသားထဲကပါ ချို မှ ...
အမုန်းတရားရဲ့ အကျိုးဆက်တွေကို
မေတ္တာ၊ ကရုဏာနဲ့ ပြန်ချေနိုင်မှ ...
စစ်မှန်တဲ့၊ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို
ကျမတို့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... nldaustralia

Friday, June 5, 2015

TRUE IMAGES (412)

“အဖြေ ရှာမှာလား?
တရားခံ ရှာမှာလား?
(သို့) အလုပ်မဖြစ်တဲ့ အဖြေရှာနည်း”

"မပါဝင်စေနဲ့"

"မပါဝင်စေနဲ့"
။။။။။။။။။။။။။။။။


"ကိုယ်က ဗုဒ္ဓဘာသာဝင်လို့
ပြောနေပေမယ့် …
ဗုဒ္ဓဘာသာနဲ့ မကိုက်ညီတဲ့
အကျင့်၊ဝါဒတွေကို ကျင့်သုံးနေရင်
သာသနာတော်ကြီးကို
ကွယ်ပျောက်အောင်
ပြုလုပ်နေသူများစာရင်းထဲမှာ
မိမိပါဝင်နေတာကို သတိပြုသင့်တယ်။"

ဓမ္မဒါယာဒ အရှင်နန္ဒသာရ ( မဇ္ဈိမဒေသ )

credit to ... Words of Buddha

PS

ကိုယ် …
ပြောနေတဲ့ စကားတွေ၊
လုပ်နေတဲ့ အလုပ်တွေ၊
ကျင့်နေတဲ့ အကျင့်တွေကို
ဗုဒ္ဓရှင်တော်မြတ်
သက်တော်ထင်ရှား ရှိနေခဲ့သော်
လက်ခံပါ့မလားဆိုတဲ့
အသိလေးနဲ့ သတိကပ်စေချင်ပါတယ်။

(mhp)

Thursday, June 4, 2015

TRUE IMAGES (411)

"တစ်ဖက် ကမ်းပြို
တစ်ဖက် သောင်ထွန်း သွားလို့ပါ။"

"လူ့တန်ဖိုးဆိုတာ ဘာလဲ?"

"လူ့တန်ဖိုးဆိုတာ ဘာလဲ?"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၁)
"လူ့တန်ဖိုးဆိုတာ ဘာလဲ?"

ဒီမေးခွန်းကလေးက အင်မတန်မှ ကောင်းသည်။
ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်း အသီးသီးတွင် လူ့တန်ဖိုး (human value) မြင့်မားသည့် ပုဂ္ဂိုလ်များကိုသာ နေရာပေး၊ အလေးပေး၊ အမွန်အမြတ် ထားတတ်ကြသည်။
ထို့လူ့တန်ဖိုးဟု ဆိုရာတွင်လည်း ၄င်းတို့၏ အသီးသီး အသက စံသတ်မှတ်ချက်များဖြင့် စံထားရွေးချယ် သတ်မှတ်လေ့ရှိကြ သည်။

အသိပညာဥာဏ်မြင့်မား၍ ဖွံ့ဖြိုးပြီးနိုင်ငံကြီး
(developed Country)များတွင် လူ့တန်ဖိုးဟူ သည်ကို ...
*** လူသားဆန်မှု
*** ပညာဥာဏ် ပြည့်ဝမှု
*** ပညာတတ်မြောက်မှု
*** ယဉ်ကျေး ပျူ  ငှာမှု
*** လူ့အဖွဲ့အစည်းအပေါ် အကျိုးကျေးဇူးတစ်စုံ တစ်ရာပြုနိုင်မှု
*** စာဖတ်ရှုမှုနှုန်း
*** အနုပညာကို ခံစားနိုင်မှု စွမ်းရည်
စသည်ဖြင့် စံထားသတ်မှတ် တိုင်းတာလေ့ရှိကြသည်။

သို့သော် ဆင်းရဲမွဲတေမှုအပါ အဝင် ပြဿ      နာ မျိုးစုံဖြင့် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျကျန်ရစ်နေခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ
လူ့တန်ဖိုး ဆိုသည်ကို ...
*** ငွေကြေးဥစ္စာ ဓနအင်အား
*** ရာထူးဂုဏ်သိမ်အရှိန်အဝါ
*** ဇာတ်အနိမ့်အမြင့်
*** ဆွေမျိုးမိဘ မိသားစု နောက်ခံ အဆင့်အတန်း
စသည်တို့ဖြင့် စံထား သတ်မှတ် တိုင်းတာ လေ့ရှိ ကြသည်။

ဆိုလိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးများတွင် လူ့တန်ဖိုးဆိုသည်ကို
လူတစ်ယောက်၏ ရရှိထားသော ဘွဲ့ဒီဂရီ၊ ပညာ တတ်မြောက်မှု၊ အသိ ပညာ ပြည့်ဝမှု၊
တစ်လ အတွင်း စာအုပ်အသစ် ဖတ်ရှုမှုနှုန်း၊ မဂ္ဂဇင်း ဂျာနယ် ဖတ်ရှုမှုနှုန်း၊
လူသားဆန်မှု စိတ်ထား စသည်တို့ဖြင့် တိုင်းတာလေ့ ရှိကြသော်လည်း

ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်မူ လူတစ်ယောက် ၏ တန်ဖိုး ဆိုသည်ကို
၎င်း၏ကြွယ်ဝ ချမ်းသာမှု၊ ရာထူး အဆင့်အတန်း၊ ၄င်း စီးနင်းသည့် မော်တော်ကား
အမျိုးအစား စသည့် အဆောင်အယောင် တို့ပေါ်တွင်သာ များသောအားဖြင့်
မူတည် တွက်ချက် စဉ်းစားလေ့ ရှိကြသည်ဟု ဆိုလိုရင်းဖြစ်သည်။

ယင်းကဲ့သို့ လူ့တန်ဖိုးကို စံထားသတ်မှတ် တွက်ချက်မှုများ
ကွာခြား နေခြင်းသည်ပင်လျှင် ယင်း နိုင်ငံများအကြား
ဖွံ့ဖြိုး တိုးတက်မှု၊ အသိဥာဏ်ပညာ ကွာ ဟခြားနား နေခြင်း၏
အဓိက ပင်မ အကြောင်းအရင်း တစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့ စီမံခန့်ခွဲမှု ဂုရုကြီးများက တညီတညွတ်တည်း အဆိုပြု ကြသည်။

သို့ဖြစ်၍ ဖွံ့ဖြိုး ဆဲနိုင်ငံ များအနေဖြင့် ၄င်းတို့ရင်ဆိုင်နေရသည့်
အထွေထွေ ပြဿ      နာများနှင့် ဆင်းရဲမွဲတေမှု များကို လျှော့ချ တိုက်ဖျက်ရေး အတွက်
၎င်းတို့၏ လူ့တန်ဖိုး စံထား တွက် ချက် မှုကို ရှေးဦးစွာ
အခြေခံ ကျကျ ပြုပြင်ပြောင်းလဲရေးမှာ များစွာ အခရာကျ အရေးပါလာခဲ့ သည်။

( ၂ )
"မှန်ကန်သည့် လူ့တန်ဖိုးများ မြင့်မားလာအောင် မည်သို့ဆောင်ရွက်ကြမလဲ"

မှန်ကန်သည့်၊ စစ်မှန်သည့် လူ့တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက်လည်း ကမ္ဘာ့စီမံခန့်ခွဲမှု ဂုရုကြီးများ၊ ပညာရှင်များက အသီးသီး အသက ရေးသားဖော် ထုတ်ခဲ့ကြသေးသည်။

စာရေးသူတို့ ကိုးကွယ် ယုံကြည်သက်ဝင်သည့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ဘာသာ ရေး ခေါင်းဆောင်ဖြစ်သူ ဂေါတမ ဗုဒ္ဓက
လူသားတို့တန်ဖိုးနှင့် ပတ် သက်၍
(၁) သီလ (Morality)
(၂)သမာဓိ(Concentration)
(၃) ပညာ (Wisdom)
ဟူ၍ အဓိက ပင်မတန်ဖိုးကြီး ၃ရပ် ကို အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သည်။
ယင်း သီလ၊ သမာဓိ၊ ပညာ တန်ဖိုး သုံးရပ်မြင့်မားသည့် ပုဂ္ဂိုလ် များကို ဗုဒ္ဓက
သူ၏ စံပြ လူ့အဖွဲ့ အစည်းတွင် လူ့တန်ဖိုးမြင့်မားသူ များအဖြစ် သတ်မှတ်သည်။

အနောက်တိုင်း စီမံခန့်ခွဲမှု ဆိုင်ရာ ပညာရှင်ဂုရုကြီး များကတော့
လူသားတို့၏ တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက် အရေးအကြီးဆုံးနှင့်
အခြေခံ အကျ ဆုံးမှာ သင်ယူမှု (Learning) ဖြစ်သည်ဟု ဆိုကြသည်။

*** လူသားများ၏ တန်ဖိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေး အတွက်
စဉ်ဆက်မပြတ် သင်ယူနေရန် လိုအပ်သည် ***
ဟု ၄င်းတို့က ဆိုကြသည်။

အမှန်အတိုင်း သုံးသပ်ရမည် ဆိုပါက
စာရေးသူတို့ လူ့အဖွဲ့ အစည်းမှာ အဆိုပါ သင်ယူမှုများ၊ အလေ့အကျင့်များ များစွာ အားနည်းနေသည်။
စာရေးသူ တို့အများစုက အချိန်တန်လို့ ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင်
ဒီမှာတင် သင်ယူမှု ပြီးဆုံးပြီဟု ထင်မြင်နေကြသည်။

အမှန်စင်စစ် သင်ယူမှု၏ အရေးအကြီးဆုံး သဘောတရား (Concept) တစ်ခုမှာ
သင်ယူမှု (Learning ) ဆိုသည်မှာ ဘယ်သောအခါမှ နေရာ တစ်ခုမှာ တန့်နေခြင်း မရှိခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ဥပမာစာရေးသူ က ၁ဝဖိုး Learn လုပ်ထားသည် ဆိုပါစို့။
၂နှစ်လောက် ဆက်လက် မသင်ယူ မလုပ်တော့ရင် ...
စာရေးသူ Learn ထားတာ ၈လောက် ပြန် ကျသွားမည်။
နောက် ၃လောက် သင်ယူမှု ရပ်ထားရင် ၅လောက် ပြန်ကျသွားမည်။
ဤသို့ ဤသို့ဖြင့် ဆက်တိုက် မသင်ယူတော့ပါက အ နုတ်လက္ခဏာ ပြသွားနိုင်သည့် သဘော ဖြစ်သည်။

သို့ဖြစ်၍ သင်ယူမှု (Learning) ဆိုသည်မှာ စဉ်ဆက် မပြတ် သင်ယူနေမှ မပြတ် တိုးတက်နေမည့် သဘောဖြစ်သည်။
ကိုယ်က သင်ယူမှု ရပ်လိုက် သည်နှင့် ကိုယ့် နောက်ကသူ၊
ကိုယ်နှင့် တန်းတူသူ တွေက ကိုယ့်ကိုကျော်သွားမည် ဆိုသည်ကို
အထူး သတိချပ်ကြရမည်။

သင်ယူမှု (Learning) ဟု ဆိုရာမှာလည်း ကျောင်း၊ တက္ကသိုလ် များတွင်
တရားဝင် တက်ရောက် သင်ယူ၍ ဘွဲ့ဒီဂရီများ ရရှိသည့်
Formal Learning ပါဝင်သလို
ရုပ်ရှင် အစီအစဉ်၊ ရုပ်သံ အစီအစဉ် တစ်ခုကြည့်ရှု၍ သင်ယူခြင်းမျိုး၊
စာအုပ်ဖတ်ခြင်း၊ အတွေ့အကြုံများ မှ သင်ယူခြင်း စသည့်
(Informal Learning) များလည်း အကျုံးဝင် ပါသည်။

ယနေ့ခေတ်မှာတော့ အိုင်စီတီနှင့် အင်တာနက် နည်းပညာများ
တိုးတက် ထွန်းကားလာမှုကြောင့်
အင်တာနက် အခြေပြု သင်ယူမှု (Web-based Learning) စသည် များမှာလည်း တွင်ကျယ် ခေတ်စား လာသည်ဖြစ်ရာ နည်းမှန်လမ်းမှန်ဖြင့်
လူ့တန်ဖိုးများ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အခွင့်အလမ်းများ
များ စွာ ပေါ်ထွက်လာသည်ကို တွေ့ မြင်ကြ ရမည် ဖြစ်ပါသည်။

နည်းမှန် လမ်းမှန်ဖြင့် စစ်မှန်သည့် လူ့တန်ဖိုး မြင့်မားသည့် လူသားများ
နေထိုင်ကြရာ လူ့အဖွဲ့အစည်းများ သာလျှင် ယနေ့ခေတ် ကမ္ဘာကြီးတွင်
ဖွံ့ဖြိုးတိုးတက်နေ ၊ ရှေ့တန်း ရောက်နေကြသည် ဖြစ်ပါသည်။

သို့ဖြစ်၍ စာရေးသူတို့အနေ ဖြင့်လည်း
မိမိတို့နေထိုင်ရာ လူ့အဖွဲ့ အစည်း ခေတ်မီဖွံ့ဖြိုး တိုးတက်လာရေး အတွက်
မိမိတို့ကိုယ်တိုင် စစ်မှန်သည့် လူ့တန်ဖိုးများ ဖွံ့ဖြိုး တိုးတက် မြင့်မားလာအောင်၊
မိမိတို့ ပတ်ဝန်းကျင်တွင် စစ်မှန်သည့် လူ့တန်ဖိုးမြင့်မား သူများ ထွန်းကား
ကျယ်ပြန့် လာ အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

အရှင်သုမနသာရ(ဖြူး)

credit to ... အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Wednesday, June 3, 2015

TRUE IMAGES (410)

“ယောင်ဝါးဝါး လုပ်ကွက်
စမ်းတ၀ါးဝါး အနာဂတ်”

“သင်ခန်းစာ ဘယ်လိုယူမလဲ?”

“သင်ခန်းစာ ဘယ်လိုယူမလဲ?”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“လူလိမ္မာတို့သည် …
တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြ၏။

လူမိုက်တို့ကား …
မိမိကိုယ်တိုင်မှားပြီးမှ သင်ခန်းစာ
ယူတတ်ကြ၏။

ပို၍ မိုက်မဲသော သူတို့ကား …
မိမိကိုယ်တိုင် မှားပြီးပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြပါကုန်။”

(အောင်သင်း)

ဆောင်းပါးရှင် "ဆရာအောင်သင်း" ၏
"အပေါင်းအသင်း ပတ်ဝန်းကျင်"  ဆောင်းပါးမှ

credit to ... myanmarinsingapore

Tuesday, June 2, 2015

TRUE IMAGES (409)

“ရိုးရိုးသားသားနဲ့ မရတော့ဘူးဆိုရင် …?”

“ဆုတံဆိပ်တွေ ဘာကြောင့်များ”

“ဆုတံဆိပ်တွေ ဘာကြောင့်များ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အခမ်းအနားတစ်ခုမှာ
လူကြီးမင်းတစ်ယောက်ဟာ ရင်ဘတ်မှာ ဆုတံဆိပ်သုံးခု
ချိတ်ဆွဲထားတယ်။ 

အဲဒီ အခမ်းအနားကိုရောက်နေတဲ့
သတင်းထောက်တစ်ယောက်က လူကြီးမင်းကို သိလိုစိတ်နဲ့   
မေးပါတယ်။

“ဦးခင်ဗျာ …
ဒီဆု တံဆိပ်တွေက ဘယ်လိုတွေ ကြောင့်ရထားတာပါလဲ?"

လူကြီးမင်း  ကလည်း အသေအချာ ရှင်းပြပါတယ်။
"ဒီပထမဦးဆုံးရခဲ့တဲ့ ဆုတံဆိပ်က ဦးမှာ
ဘာဆုတံဆိပ်မှ မရှိသေးလို့ ပေးတဲ့ဆုတံဆိပ်ပါ။

ဒီ ဒုတိယဆုတံဆိပ်ကတော့
ပထမဆုတံဆိပ်ရထားတဲ့ သူကိုမှ ပေးတဲ့ဆုတံဆိပ်ပါ။ 

ဒီ တတိယဆုတံဆိပ်က ကျ တော့
ပထမနဲ့ဒုတိယဆုတံဆိပ် ရထားပြီးတဲ့သူကိုမှ 
ချီးမြှင့်တာမို့လို့ ရထားတာပါ" .... တဲ့။

သတင်းထောက်ကြီးလည်း တို့ဆီကလူကြီးမင်းတွေ
ဆုတံဆိပ်တွေများနေရခြင်းအကြောင်းကို
ရှင်းရှင်းလင်းလင်း  သိပြီးသကာလ ..... ။

(ထုဆစ်သူ)

credit to ... အချစ်တက္ကသိုလ်

PS ...
စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)