Friday, July 31, 2015

"လမြတ်ဝါဆို"

"လမြတ်ဝါဆို"
။။။။။။။။။။။။။။။။


ဝါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာအများ
ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့
ဝါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်း
ကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟို
ဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ
အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ လွဲနေတဲ့ ရှေးအယူအဆ
တွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်
လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှု
တွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်း
မှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင်
စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ
ဖြစ်ပါတယ်။

ဝါတွင်းဆိုလို့ တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲ
ဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်း
ဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့
အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ
ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေ
အထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ
အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ
ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာ
ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု
ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာ
သက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့
သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့်
- ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊
- အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တော
ထွက်သွားတဲ့နေ့ရယ်၊
- အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့)
ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက်ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်
ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။

ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့်
ဝါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့အတူတူပဲ
ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆို
လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့
ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့
နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို
လမြတ်ဝါဆိုလို့ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာ
တော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို
"ဓမ္မစက္က ပ၀တ္တနသုတ်"လို့ အမည်ပေးပါတယ်။

တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး
လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း
ဟောကြားတော်မူတဲ့ အတွက်ကြောင့် "ဓမ္မစက္ကပ၀တ္တန" လို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်
ကူကူပဲဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့
ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့
လို့အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို
ဝါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို
ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်
အကျွေးပြုခဲ့ကြတဲ့ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို
နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို
စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို
ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်
ပါတယ်။ ဒီတရားဦးဒေသနာမှာမြတ်စွာဘုရားရှင်က
ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါး
တတ်တဲ့ ကာမသုခလ္လိကာနုယောဂအကျင့်နဲ့
မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့
အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး
အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို
ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ
တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆို
ရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်
အတွက်

*** မှန်ကန်တဲ့အမြင် - သမ္မာဒိဋ္ဌိ
*** မှန်ကန်တဲ့အတွေး - သမ္မာသင်္ကပ္ပ
*** မှန်ကန်တဲ့စကား - သမ္မာဝါစာ
*** မှန်ကန်တဲ့အလုပ် - သမ္မာကမ္မန္တ
*** မှန်ကန်တဲ့အသက်မွေးမှု - သမ္မာအာဇီဝ
*** မှန်ကန်တဲ့ကြိုးစားအားထုတ်မှု - သမ္မာဝါယမ
*** မှန်ကန်တဲ့သတိရှိမှု - သမ္မာသတိ
*** မှန်ကန်တဲ့သမာဓိရှိမှု -သမ္မာသမာဓိ ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို
လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်
အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ဒီလို အလယ်အလတ်
လမ်းစဉ်ကို သွားနိုင်ရေးအတွက်အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို
*** မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး
မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။***

*** နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့တွယ်တာမှုတဏှာလို့
ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို
ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။***

ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့
အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း
ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့
လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။တရားဦးဒေသနာ
တော် မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး
ဖြစ်စေတတ်တဲ့ အကျင့်တွေကိုရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်
အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ
ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲ
လုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစား
အားထုတ်ရမှာ ဖြစ်ပါတယ်။

ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။လမြတ်
ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံး
ဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ်ပြည့်ဝစေပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

********************
ဒီနေ့ ကျရောက်တဲ့
"ဓမ္မစကြာ အခါတော်နေ့" အတွက်
ကျေးဇူးတော်ရှင် (ယော)ဆရာတော်ဘုရားကြီး
(အရှင်သိရိန္ဒာဘိဝံသ) ၏ ဆုတောင်းမေတ္တာပို့
ပါ တင်ပေးလိုက်ပါတယ် ...

“လူ(နတ်)သတ္တ၀ါတွေအားလုံး
စိတ်ကောင်းထားလို့
စာနာထောက်ထား
သနားညှာတာတတ်ကြပါစေ၊
မေတ္တာတရား ရှိကြပါစေ၊
ဘယ်သူမဆို သတ္တ၀ါအားလုံး
ကောင်းတာ တွေ့ကြပါစေ။

ဘေးရန်ကင်းကြပါစေ၊
ကြောင့်ကြကင်းကြပါစေ၊
ဆင်းရဲကင်းကြပါစေ၊
ကျန်းမာကြပါစေ၊
ချမ်းသာကြပါစေ၊

အဆိုးကင်းကြပါစေ၊
အကောင်းပြည့်စုံကြပါစေ၊
အဆိုးနိုင်ကြပါစေ၊
အကောင်းပိုင်ကြပါစေ၊၊”

credit to ...... Popular Journal &
Young Buddhist's Association

Thursday, July 30, 2015

“အာဇာနည်နေ့အဓိဌာန်”

“အာဇာနည်နေ့အဓိဌာန်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ အာဇာနည်ဆိုတာ
ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့
ပုခုံးဒေါက်က
ကြယ်ပွင့်များမဟုတ်။

@ ဖေါ်ရှိုးပြထားတဲ့
ရင်ဘတ်က
တံဆိပ်များလဲမဟုတ်။

@ ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့
ဗိုလ်ချုပ်မှူးကြီး
ရာထူးလဲမဟုတ်။

@ ဘယ်သူမှ အတုလုပ်မရတဲ့
အနှိုင်းမဲ့
ဂုဏ်ပုဒ်ဖြစ်တယ်။

@ အာဇာနည်ဆိုတာ
တုပြိုင်ဘက် ကင်းတဲ့
စွန့်လွှတ် အနစ်နာခံခြင်းရဲ့
သရုပ်။

@ ရယူလိုမှုကင်းတဲ့
အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ 
ပြယုဂ်။  

@ လူသား ဖြစ်တည်မှုရဲ့
ကြီးမြတ်တဲ့ ဂုဏ်ပုဒ်
ဖြစ်တယ်။

*** လူတစ်ဦးရဲ့ လုပ်ရပ်ကို
သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို
လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။ ***

@ အဲဒီဂုဏ်ပုဒ်ကို
ဦးညွတ် အလေးပြု ကြ။

အာဇာနည် စိတ်ဓါတ်ကို
လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ရည်မှန်းတဲ့
ဒီမိုကရေစီ ပန်းတိုင်ဆီ
တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို
အမြင့်မားဆုံး လွှင့်ထူကြ။

(ရွက်စိမ်း)

credit to ... saffron toward

PS ...

“အာဇာနည်” ဆိုတာကို ရိုးရိုး ရှင်းရှင်းလေး
အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ကဗျာလေးပါ။
အချို့ … အချို့သော လူကြီးမင်းများဟာ
အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လုံးလုံးမျှ
မထိုက်တန်သောသူကို
ထိုက်တန်သယောင်
အာဇာနည်တံဆိပ်ကပ်ဖို့ အဆင်ခြင်ဥာဏ်မဲ့စွာ
ကြိုးစားနေတာဟာ
ဝမ်းနည်းစရာပါ။
နောက်လူတွေ အမှတ်မှားပြီး အတုယူမိကြမှဖြင့် ...

(mhp)

Wednesday, July 29, 2015

TRUE IMAGES (439)

“နိုင်ငံပိုင်သတင်းစာကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း”

Tuesday, July 28, 2015

"ကျမတို့ နားလည်ရမယ်"

"ကျမတို့ နားလည်ရမယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


“ကျမတို့ဟာ
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို
တည်ဆောက်နေတဲ့အချိန်မှာ
အတိတ်ကအဖြစ်ဆိုးတွေကို
တစ်ခါပြန်လည်ပြီးတော့
အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင်
မလုပ်သင်တဲ့အချိန်မှာ
ကျမတို့မလုပ်ရဘူး …
ဒါကို ကျမတို့ နားလည်ရမယ်"

credit to ... ဗွီအိုအေ မြန်မာ

Sunday, July 26, 2015

"လွတ်လပ်မှုကိုဘဲ ကျမတို့ လိုချင်တယ်"

"လွတ်လပ်မှုကိုဘဲ ကျမတို့ လိုချင်တယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို
ဘာလို့ ဒီမိုကရေစီ လိုချင်တာလဲလို့ မေးကြည့် မိပါတယ်။
မကြာခဏ ဆိုသလို အကြားရဆုံး အဖြေ ကတော့
ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။
သူတို့ အကျယ် ချဲ့ပြီး မပြောရဘဲ သူတို့ ဘာပြောတယ် ဆိုတာ
ကျမ နားလည်ပါတယ်။

သူတို့ရဲ့ ကံကြမ္မာကို သူတို့ ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ
ဖိနှိပ်ခံ နေရတာကနေ လွတ်မြောက်ချင် ကြပါတယ်။
လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့
ထင်ရာစိုင်းမှု တွေအောက် ရောက်နေ ရတဲ့၊
သူတို့ရဲ့ နိစ္စဓူဝကြုံတွေ့ နေရတဲ့ အဖြစ်တွေကို မလိုချင်ကြတော့ ပါဘူး။

လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့ အခါ
သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့ အတိုင်း
ရင်ဖွင့် ပြောပြချင်တာလို့ ဆိုပါတယ်။
သူတို့ အသိဉာဏ် ပညာ စိန်ခေါ်မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့
ပညာရေး စနစ် အပေါ် မကျေနပ် ချက်တွေကို
သူတို့ ထုတ်ဖော် ပြောလို ကြပါတယ်။
ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံ နိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာ ပေးနိုင်ဖို့ ထောင်သောင်း သိန်း မကစုဝေး နိုင်သူတွေ
ဖြစ်လို ကြပါတယ်။

မြန်မာနိုင်ငံက လူငယ် တွေဟာ ကျယ်ပြန့် လွန်းတဲ့ မျှော်လင့်ချက် တွေနဲ့
အံမခန်းမှုတွေ ပြည့်နေတဲ့လူငယ် ဘဝရဲ့ နိုးကြားတက်ကြွတဲ့ အရွယ်တွေကို
အပြည့် အဝ ပိုင်ဆိုင် ချင်တယ်။
မရေရာမှုတွေ၊ ကြီးကျယ် မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊
တောက်ပ ခမ်းနားမှုနဲ့ ဖီလာဆန့်ကျင်မှုတွေ၊
ကြမ်းတမ်း ခက်ထန်မှုနဲ့ သိမ်မွေ့ မှုတွေ တန်းစီ ပြည့်နေတဲ့
လူငယ် ဘဝကို အပြည့် အဝ ရယူလို ကြပါတယ်။

မြန်မာ အမျိုးသမီးတွေ အနေနဲ့ရော ဘာတွေ အလို ရှိပါသလဲ။
ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့်
အားဆုတ်ငြီးငွေ့ လောက်အောင် အိမ်မှုထိန်းသိမ်း နေရတဲ့ဘဝက
လွတ်မြောက်ချင် ကြပါတယ်။
လွတ်လပ်စွာ တွေးတော ကြံဆမိလို့
ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူ ခံရမလား ဒါမှမဟုတ်
ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆို တဲ့
စိုးရိမ် ကြောင့်ကြ မှုတွေက ကင်းလွတ်ချင် ကြပါတယ်။
မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီး တွေလည်း
တော်တော် များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမား ယာသမားတွေ ဆိုရင်
သူတို့ ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက်ချင် ကြတယ်။
မတော် မတရား ဈေးနှိမ် ခံရပြီး အစိုးရကို မရောင်း မနေရ
ခြိမ်းခြောက်ခံရတာ မျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန် တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင် ရောင်းချလို ကြပါတယ်။
သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန် ရပ်တည် သူတွေပါ။
ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ
ကျိုးကြောင်း မဆီလျော်တဲ့ အမိန့် တွေနဲ့ နားလည်ရ ခက်တဲ့
အာဏာပိုင်တွေကြောင့် နောက်ထပ် ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။

ဒါနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျမတို့ရောလို့ မေးစရာ ရှိပါတယ်။
ဘာလို့ ကျမတို့ တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက်ခဲခဲ
လုပ်ကိုင် နေပါသလဲ။
ဒီလို လုပ်ကိုင် နေတာဟာ ဒီမိုကရေစီ အပေါ် မရေ မရာနဲ့
အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင် နေတာ မဟုတ် ပါဘူး။
ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပ မှုကို ကြာရှည် ထိန်းနိုင်အောင်
အမြဲတစေ အရောင်တင် ပေးရတဲ့ ရတနာ တပါး ဖြစ်တယ် ဆိုတာ
ကျမတို့ သိပါတယ်။
ပျက်စီး ဆုံးရှုံးတာ၊ အခိုးခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့
ဒီမိုကရေစီကို မျက်ခြည် မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါ လိမ့်မယ်။

လွတ်လပ်တဲ့ မြန်မာပြည်ကသာ လူ့ဂုဏ် သိက္ခာကို
တန်ဖိုးထား လေးစားတဲ့ နိုင်ငံ တည်ထောင် နိုင်မှာမို့
လွတ်မြောက်ရေး အတွက်ကို ကျမတို့ တတွေ
ပင်ပင် ပန်းပန်း ကြိုးစား နေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည် သွားတဲ့ အခါ လူတွေက
ကျမ နေအိမ် အကျယ်ချုပ် နဲ့ နေရတဲ့ အချိန်တွေ၊
ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယ အကြိမ် ဆယ့်ကိုးလ နေရတာမှာ
ဘယ်လို ခံစားရ သလဲလို့ မေးကြ ပါတယ်။
မိသားစု မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ခွဲခွာပြီး
ကျမ ဘယ်လို နေခဲ့ သလဲပေါ့။
ဒီ အာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်းချ ခံရ သူကသာ
အမှန် တကယ် လွတ်လပ် သူဖြစ် နေတာ ဂွကျ လှတယ်လို့
ကျမ ပြောချင် ပါတယ်။ မှန်ပါတယ်။
ကျမတို့ဟာ ကျမတို့ရဲ့သာမန် ဘဝ လွတ်လပ်ခွင့် တွေကို ပေးဆပ်
ထားရတယ်။
ဒါပေမဲ့ လူသား ဘဝရဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့
ယုံကြည်ချက် အမှန် တရား အပေါ်
ကျမတို့ ကြံ့ကြံ့ခံရပ် နေခဲ့ ကြပါတယ်။

ဒီမှာ ပြည်သူ လူထု အတွက် ကျမ အလိုချင်ဆုံး ကတော့
စစ်မှန်တဲ့ လွတ်လပ်ခွင့် အောက်မှာ လုံလုံ ခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့
လုံခြုံမှု အောက်မှာ လွတ်လွတ် လပ်လပ် နေနိုင်ဖို့ပါပဲ။

ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ် စေတဲ့ အနှောင် အဖွဲ့တွေကို ဖယ်ရှားပြီး မြန်မာ ပြည်သူ တွေဟာ လွတ်လပ်တဲ့ လူသားတွေ အဖြစ်
ခေါင်းမော့ ဂုဏ်ယူ နိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင် လိုပါတယ်။
ကျမတို့ အားလုံး အတွက် ပိုပြီး ပျော်ဖို့ ကောင်းတဲ့၊
လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့
စည်းစည်း လုံးလုံး ပျော်ပျော် ရွှင်ရွှင် ကြိုးပမ်း ကြတာကို
ကျမ တွေ့မြင် လိုပါတယ်။

အထူးသဖြင့်
လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့
အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုး ရှိတဲ့ စိတ်ဓာတ်တွေ
မြင့်မြင့် မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင်လိုပါတယ်။

"ဒီ တိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊
ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့ သူအားလုံးအ တွက်
ထိုက်တန်တဲ့ တိုင်းပြည် အဖြစ် ဘိုးဘွား အမွေ အနှစ် အတွက်
ဂုဏ်ယူ ရပြီ" လို့လည်း ကျမ ပြောပြ ချင်ပါတယ်။

ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။
ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ
နောက်ဆုံးမှာ အောင်ပွဲ မုချ ရရမယ် ဆိုတဲ့ ခိုင်မာတဲ့
ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီ ကြိုးပမ်း လုပ်ဆောင် နေတာ တွေရဲ့
ပကတိ ဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်)

( မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို
ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြ ထားသည်။)

credit to ....  nldlanagoya

Saturday, July 25, 2015

Friday, July 24, 2015

Thursday, July 23, 2015

“စရိုက်ကြမ်း ကမ်းမမြင်”

“စရိုက်ကြမ်း ကမ်းမမြင်”
။။။။။။။။။။။။။။။။။။။။။။။။။။။။


စရိုက်ကြမ်း လိုက်စမ်းတော့
ကမ်းကုန်အောင်
ကိုယ်သန်ရာ ပျော်ခရီး
လှော်စီးစီး စီးလို့သာနှောင်
အထက်က မှောင်လို မှောင်
လှေဖောင်က လူးလို လူး
ကမ်းမမြင် လမ်းမသက်
မှန်းလျက်ကမြူး။ ။

(မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး)

credit to .... မောင်သွေးချွန် via
Popular Journal

PS ...
စရိုက်ကြမ်းခဲ့သူ .... သို့

Wednesday, July 22, 2015

သူငယ်ချင်းတို့ရေ ...

သူငယ်ချင်းတို့ရေ ...

ဒီမိုကရေစီရေး အတွက် အမြဲတမ်း right side ဘက်က
ရပ်တည်ပေးတဲ့
ဘဘ သူရဦးအောင်ကို ဆေးရုံတင်ထားလို့ စိတ်ရှိမယ်ဆိုရင်
သွားပြီး ဆုတောင်းပေးပါနော် ...

အောက်မှာ (သူရဦးအောင်ကို)  link ပါ ....

https://www.facebook.com/thura.uaungko?fref=ts

“ပြည်သူ့ မိတ်ဆွေကောင်း ဖြစ်ဖို့”

“ပြည်သူ့ မိတ်ဆွေကောင်း ဖြစ်ဖို့”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“နိုင်ငံအုပ်ချုပ်သူ အကြီးအကဲများ အနေနဲ့
သစ္စာကတိ တည်ကြည်သော
ပြည်သူတို့၏ မိတ်ဆွေကောင်း အဖြစ်
ရပ်တည်နိုင်ဖို့အတွက်
စကားကို လွယ်လွယ်မပြောဖို့၊
ကတိတွေလွယ်လွယ် မပေးဖို့ လိုပါတယ်။

*** လုပ်နိုင်သလောက်ပြောပြီး
ပြောသလောက်လည်း လုပ်ပေးမှသာလျှင် ***
သစ္စာကတိ တည်ကြည်သော
ပြည်သူတို့၏ မိတ်ဆွေကောင်း ဖြစ်မှာပါ။"

မိုးသု (မန္တလေး)

credit to .... original news agencies &
Aung Kyaw Moe

Tuesday, July 21, 2015

TRUE IMAGES (436)

“အရာကြီးလုပ်ချင်ကြသူများ”

Monday, July 20, 2015

TRUE IMAGES (435)

“ဤပုံနဲ့ဆို မိုးကြီးချုပ်သွားလိမ့်မည်”

Sunday, July 19, 2015

"ဆက်လက် ၀န်းရံပေးပါ။"

"ရေးချင်မိတဲ့ စာ(၁၀)"

"ဆက်လက် ၀န်းရံပေးပါ။"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


သူငယ်ချင်းတို့ရေ …
သတင်းတွေ တင်လေ့မရှိပေမယ့်
ဒီနေ့တော့ ၀မ်းသာစရာ သတင်းလေးတွေ
စုပြီးတင်ပေးလိုက်ပါတယ်။

ပထမသတင်းက ….
"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညို ညိုသင်း၊
တက်ကြွလှုပ်ရှားသူ ဦးဝင်းချို နှင့် ဘလော့ဂါ နေဘုန်း လတ် ၊
အမျိုးသမီးအရေးလှုပ်ရှား သူ ဒေါ်စူဇန်နာလှလှစိုးနှင့်
ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါက် တာသက်သက်ခိုင်တို့သည် 
လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု
ယှဉ်ပြိုင်ရန် ပါတီသို့ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့် အဆိုပြုလွှာ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။"
ဆိုတဲ့သတင်း .....

ဒုတိယသတင်းက …
"ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၇ ဦး
NLD ပါတီမှ ရွေးကောက်ပွဲဝင်မည်" ဆိုတဲ့သတင်းရယ်

ခုနောက်ဆုံးသတင်းက
"ရန်ကုန်တက္ကသိုလ်ပါချုပ် NLD မှ ရွေးကောက်ပွဲဝင်ရန်
ဝန်ထမ်းအဖြစ်မှ ထွက်စာတင်" တဲ့ ...

သတင်းအပြည့်ဖတ်ချင်ရင်
အောက်မှာ link ပေးထားပါတယ်။

ပထမသတင်း - http://www.7daydaily.com/story/42172

ဒုတိယသတင်း - https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/989950971025162/?type=1

နောက်ဆုံးသတင်း - http://messengernewsjournal.com/News/Local/detail.php?id=40706

လူထုခေါင်းဆောင် အမေစုရဲ့ ပြည်သူ့ပါတီ NLD ကို
လူတစ်စုအကျိုးထက်
ပြည်သူ့ အကျိုးကို လိုလားသော
တော် - ထက် သည့် ပြည်သူများ
ဆက်လက်ဝန်းရံပေးကြပါဦးနော်.... ။

သူငယ်ချင်းတို့ရေ ....
မဲစာရင်း ကြည့်ဖို့လည်း မမေ့နဲ့ဦးနော် … ။

(mhp)

Saturday, July 18, 2015

"အာဇာနည်နေ့ သမိုင်းကြောင်း"


"အာဇာနည်နေ့ သမိုင်းကြောင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့  စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး
ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့
ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။

အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ 
မိုးကို ကြည့်ရသည်မှာ မြူ  သန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊  တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။

နံနက် ၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မဲ့
ဝန်ကြီးများ အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့
အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး
အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။

၁၀ နာရီ  ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ် ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို
အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ 

အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်
ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု
ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။

ကာကွယ်ရေး  ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့
သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး စောစံဘိုးသင်း ၊
အင်္ဂလန်မှ အပြန်  လမ်းခရီးမှာပဲ ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး 
ဦးကျော်ငြိမ်းနဲ့
ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထွဋ် တို့မှအပ
ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ ရောက်ရှိ နေကြပြီ ဖြစ်တယ်။

ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့
စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့
အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ
အလုပ်များနေကြတယ်။

ဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို  ဗိုလ်ချုပ်နှင့်
အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ ၀င်လာပြီး ၊ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ 
ချပေးလိုက်တယ်။ 

ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း
အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း ရှိရာကို  ထွက်လာခဲ့ပြီး
သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့

၁။ ဗိုလ်ချုပ်အောင်ဆန်း - ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ - ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း - ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၎။ ဒီးဒုတ်ဦးဘချို - ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ် - ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း - တောင်တန်းရေးရာဌာန၊
၈။ ဦးဘဂျမ်း - ပြန်လည်ထူထောင်ရေး ဌာန၊
၉။ ပျော်ဘွယ် ဦးမြ - လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊
၁၀။ ဥိးအောင်ဇံဝေ - ပြည်သူ့ဝန်ထမ်း ဌာန၊
၁၁။ ဦးအုံးမောင် - ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။



ဦးအုံးမောင်ဟာ သူ့ ၀န်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး
မတက်နိုင်လို့၊ လမ်းပန်း ဆက်သွယ်ရေး ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာဖြစ်တယ်။

အရင်ကတော့ ၀န်ကြီးများ (ဘု၇င် အမှု့ဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံ့ သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘုရင်ခံ ကိုယ်တိုင် ဦးစီး ကျင်းပလေ့ ရှိပါတယ်။

အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ ၊မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မဲ့ အခြေအနေနဲ့ ဖဆပလ ဘုရင် အမှု့ဆောင် ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့  ၁၉၄၇ ဇန်န၀ါရီ လောက်ကစပြီး ဘုရင်ခံ ကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင် ကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ကပဲ သဘာပတိ အဖြစ် ဦးစီး ကျင်းပနေတာဖြစ်တယ်။

အစည်းအဝေးကျင်းပရာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကို ၀င်ရန်
တံခါး  ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်ပြီး၊
လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့ အခန်း၊
လက်ယာဘက်မှာ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ အခန်းတွေ ရှိပါတယ်။ 

ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ်လုပ်တဲ့ စားပွဲရှိပြီး ၊
တောင်ဘက် နံရံမှာတော့ ၀န်ကြီး တွေ အစည်းဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေ
ရှိပါတယ်။ ၀န်ကြီးတွေ အစည်းအဝေး ကျင်းပရာ နေရာမှာစားပွဲရှည်ကြီး  ၃ ခုကို
“ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတခု၊ ဘေးတစ်ဖက် တစ်ချက်မှာ တစ်လုံးစီ ချထားတယ်။ ထိပ်က စားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတဖက် တချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။

အဲဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလည်တည့်တည့် မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဥိးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊ လက်ဝဲဘက် စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း တို့ ထိုင်နေကြတယ်။ 
ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ထိပ်စားပွဲ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေတယ်။

အစည်းအဝေးကို အစီအစဉ် အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ၀န်ကြီး ဌာနအလိုက် အရေးကြီးတဲ့  သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။
ဒီလိုနဲ့ ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀ နာရီခွဲခန့်မှာ  လမ်းပန်းဆက်သွယ်ရေး ဌာန ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယ အတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေး ခန်းမထဲကို ရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြ အနားမှာ ၀င်ထိုင်လိုက်တယ်။

****************************

နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့ စကားသံအဆိုံးမှာ အင်းလျှားကန် ဘေးရှိ ဦးစောအိမ်ဝင်းထဲကနေ ဂျစ်ကားအစိမ်းလေး တစ်စင်းဝူးခနဲ ထွက်လာပြီး အတွင်းဝင်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ်။ ဒီဂျစ်ကားလေးကိုဦးစောရဲ့ တပည့် တစ်ဦးဖြစ်တဲ့ သုခက မောင်နှင်ပြီးကားပေါ်မှာ တခြားတပည်တွေဖြစ်တဲ့  စိန်ကြီး မောင်စိုး ရန်ကြီးအောင် သက်နှင်းတို့က
တော်မီဂန်းနဲ့ စတင်းဂန်းတွေ အသင့်ကိုင်ဆောင်ကာ လိုက်ပါလာကြတယ်။

မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာစီ/၁၈၁၄ နံပါတ်ဂျစ်ကား အစိမ်းလေးဟာ စစ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်းဝတ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။
ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်ပြီးအနောက်မှ အရှေ့သို့  မောင်းနှင်လာတယ်။
နောက် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှ တဆင့်  ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကို ရောက်တဲ့အခါ စက်ရှိန် လျှော့ပြီးအတွင်းဝန်များရုံးဝင်းအတွင်း ၀င်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။

ဒီအချိန်ဟာ ရုံးတက်စ ၁၀နာရီခွဲခန့်ဖြစ်လို့ အရာရှိကြီးငယ်တွေရဲ့
ကားကြီးကားငယ်တွေ ၀င်နေကြလို့ ဂိတ်ဝမှာ ခဏရပ်စောင့်နေရသေးတယ်။
နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်
ဆင်ဝင်ကြီးအောက်က တစ်ဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့ဝင်ကာ  အနောက်တောင် ထောင့်မှာ ထိုးရပ်လိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊တော်မီဂန်း၃လက် တို့ကို အသင့် ကိုင်ထားတဲ့
စိန်ကြီး၊မောင်စိုး ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်က ခုန်ဆင်းကာ  အတွင်းဝန် များရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။
သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ
အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်၊၊
သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့
သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်း
ဗိုလ်ချုပ်ရုံးခန်းရှိရာ ကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့ မင်းစေကိုတွန်းဖယ်ကာ မြောက်ဘက်ဆုံးတံခါးပေါက်ကနေ
ဝန်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့ဝင်လိုက်ကြတယ်။

နံနက် ၁၀နာရီ ၃၇ မိနစ်၊
ရှေ့ဆုံးမှ ၀င်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်သံနဲ့ အတူ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ် တချိန်တည်းမှာပဲ စားပွဲထိပ်မှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာက လက်ကာပြရင်း ၀င်လာသူတွေကို တစုံတခု လှမ်းပြောဖို့ ကျိုးစားခဲ့သော်လည်း အချိန် မမှီတော့ပေ။လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့်
ဗိုလ်ချုပ် နောက်သို့ လန်ကျကာ လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။

ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ၀န်ကြီးတွေကိုလည်း တဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွေ့ယမ်းလိုက်တယ်။
ဝန်ကြီး ပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန် ဦးရွှေဘော်တို့ဟာ ရှေ့ဆုံးက လူသတ်သမားက ဗိုလ်ချုပ်ကို စတင်ပစ်ပစ်ခြင်း နောက်ကျောဘက်က ပြတင်းပေါက် ကနေ အချိန်မှီ ခုန်ချပြေးကြလို့ ဒဏ်ရာ မရရှိဘဲ လွတ်မြောက်ခဲ့ရတယ်။
ဝန်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာ ရှိတဲ့ ဦးအောင်ဇံဝေရဲ့ လက်ကို ဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့
အသက်ဘေးက လွတ်ခဲ့ရတယ်။ကျန်တဲ့ ၀န်ကြီးတွေ ကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ အတုံးအရုံးလဲကျကုန်တယ်။

နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ
ဒူးထောက်ထိုင်လိုက်ကာ အားရပါးရ စိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့ နောက်မှ လူသတ်သမားတွေဟာ အပစ်ရပ်ကာလှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။

ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ၀န်ကြီးဦးရာဇတ်ရဲ့ သက်တော်စောင့် ကိုထွေးထွက်လာရာ လူသတ်သမားတွေကကိုထွေးကို စတင်းနဲ့
တချက်မွှေလိုက်ပြီး "ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။

ဆင်ဝင် အပေါက်ကြီး အောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့
သုခ ကားပေါ်တက်ကာ စပတ်လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)
ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့ကာ ဒါဟိုစီ(ယခုဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေးမောင်းနှင်လွတ်မြောက်သွားကြတယ်။

ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ
ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌနဲ့
တိုင်းပြုပြည်ပြု လွှတ်တော် ဥက္ကဌ သခင်နုကိုပါ လုပ်ကြံဖို့ တပည်တစ်ဦး ဖြစ်တဲ့ ဘညွန့်ကို စေလွှတ်ခဲ့ပေမဲ့၊အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမဲ့ ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။

************************************************

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီး တွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အခန်းထဲသို့  ပထမဆုံးေ၇ာက်ရှိလာတဲ့
ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကိုလဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက်  သုံးချက်ခန့် ရတယ်လို့ ထင်ခဲ့တယ်။
ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ပြီးနောက် ဆရာဝန်ကြီးတွေက
အသေအချာ စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့  ဗိုလ်ချုပ် ကိုယ်မှာ
သေနတ်ဒဏ်ရာ ၁၃ တိတိကိုတွေ့ခဲ့ကြရတယ်။

ပျော်ဘွယ် ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်းဝန်ဦးရွှေဘော်မှာ လုံးဝထိခိုက်ခြင်းမရှိခဲ့ပေ၊ ကြမ်းပြင်ပေါ်ကို မှောက်လဲ ချခဲ့တဲ့ ဦးအောင်ဇံဝေလည်း
ထိခိုက် ဒဏ်ရာ မရခဲ့ပေမဲ့၊ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တချက်အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။
တကယ်တော့ ဦးဘဂျမ်းဟာ အဲဒီနေ့က အည်းအဝေးကို တက်ဖို့
မရည်ရွယ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟင်္သာတ ခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစ ဖြစ်ပြီး အအေးမိကာ အနည်းငယ် မကျန်းမမာဖြစ်နေတာကြောင့် ဖြစ်တယ်။ဒါပေမယ့် သူဟာ အဲဒီအချိန်က အရေးကြီးသတင်းထူး တခုကိုအမြန်ဆုံးတင်ပြ အစီရင်ခံဖို့ လိုအပ်နေတယ်လို့
ယူဆပြီး အစည်းအဝေးကို ကြိုးစားလာတက်ခြင်းဖြစ်တယ်။
ဦးဘဂျမ်းရရှိခဲ့တဲ့ သတင်းထူး တစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ
(Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး  တပ်ဖွဲ့ကနေ
ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့မှုရဲ့ တရားခံဟာ
ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။

*******************************************

ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။နောက်ပြီးဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့
လူသတ်မှုတွေကို သင်္ကာ မကင်းဖြစ်ကာ၊ မိမိနေအိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညအချိန် စောင့်ကြည့်နေခဲ့ရာ ဦးစောဟာ တပည့် လေးငါးယောက်နဲ့ အတူ  အင်းလျှားရေပြင်မှာ လှေတစင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး ဒီသတင်းကိုလည်း ဘုရင်ခံရဲ့ အတွင်းဝန် ဖိလစ်နက်ရှ်ထဲမှ တဆင့်
ဘုရင်ခံက ဇူလိုင်က ၁၈ရက်နေ့မှာ သိထားပြီးဖြစ်တယ်။

နောက်ပြီး အဲဒီလုပ်ကြံမှု့ဖြစ်ပွားတဲ့နေ့က လူ၅ဦးကို တင်ဆောင်ကာအပြေးမောင်းနှင်လာတဲ့ ဂျစ်ကားလေးတစ်စီး ဦးစောအိမ်ထဲကို ချိုးဝင်သွားတယ်၊၊အ၀င်မှာ ဦးစောနဲ့ဆုံမိကြတော့ "အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော်  နှတ်ဆက်ကြတာကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့)ကို သတင်းပို့ခဲ့တယ်။

ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး တပ်တို့ပူးပေါင်းပြီး အင်းလျှားကန်စောင်းရှိ ဦးစော နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ဦးစောရဲ့တပည့်တစ်ဦးဖြစ်သူ မိုက်ရူးရဲ မှုံကြီးက
သေနက်ကို ကိုင်စွဲကာ ခုခံပစ်ခတ်  ခဲ့သေးသော်လည်း အင်အားချင်း မမျှသည်ကို ရိပ်မိတဲ့ဦးစောက အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက် အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။

ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ ပြုလုပ်ထားတဲ့
"ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေနဲ့အတူ အင်္ဂလိပ် စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေထဲက တချို့ကို အိမ်ထဲကရော အိမ်အနီးက အင်းလျှားကန်ကရော ရှာဖွေသိမ်းဆည်းရမိခဲ့တယ်။

*******************************************

ဦးစော ဒီလို နိုင်ငံခေါင်းဆောင်ကြီးတွေကို လုပ်ကြံ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက လန်ဒန်ဆွေးနွေးပွဲမသွားမီ လအနည်းငယ်အလိုက ကာကီရောင်ဝတ်ထားတဲ့ လူ နှစ်ယောက်က ဦးစောကို သေနတ်နဲ့ ပစ်လုပ်ကြံခဲ့ရာမှာ အသက်မသေခဲ့သော်လည်း မျက်ခုံးကိုရှပ်မှန်ကာ ဒဏ်ရာရခဲ့တယ်။

ဒီလုပ်ကြံမူကို ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အစီအမံနဲ့
ဦးမြလိုင်(ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာဟောင်း) က ကားမောင်းကာ၊
ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။

ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီးပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ
တပ်ရင်းမူးဗိုလ် နေဝင်း(အဲဒီအချိန်ကဗိုလ်နေဝင်းဟာတပ်ရင်းမူးသာရှိ သေးတယ်)
ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။
ဒီကိစ္စ ဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ယူဆကာ
ဦးစော က ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေ တာလို့ပြောကြတယ်။

အမှန်တော့ ဒီလုပ်ကြံမူ ကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။
ဦးစောဟာ ဗိုလ်ချုပ်တို့ကို ညှိုးသူရန်ဘက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုက်၊
ဦးစော တချိန်က “ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအမျိုးသားခေါင်းဆောင်ဖြစ်လာပြီး
သူလို နိုင်ငံရေးသမားစားဖားအိုကြီးတွေအတွက် မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ
နေရာမရှိဖြစ်နေရတဲ့အဖြစ်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်။

ဒါ့ကြောင့် ဦးစောအနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကို ဖယ်ရှားနိုင်မှသာသူ့အနေနဲ့အာ ဏာရနိုင်မှာဖြစ်တယ်လို့ ယူဆကာ
ရန်ကုန်ရှိ ဖဆပလ ခေါင်းဆောင်အားလုံးကိုသာမက
နယ်ရှိဖဆပလ ခေါင်းဆောင်တွေကို ပါ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။

ဒါ့ကြောင့်လဲ အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်း ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေ
ကို အိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလိုလက် နက်တချို့တဝက်ကို လဲ မျိုးချစ်ပါတီဝင်တွေဆီ ကိုဖြန့်ဝေထားပြီးဖြစ်တယ်။

ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မူ ဟာ နယ်ချဲ့ဗြိတိသျှတွေ ရဲ့မြှောက်ပင့်အားပေး မူကြောင့်သာဖြစ်တယ်။ဗြိတိသျှ
ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ၊စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ
သူတို့ရဲ့ ရန်သူတော်ဟောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကိုမရူစိမ့်မနာလိုကြ ပါဘူး။

ဒါကြောင့် မြန်မာနိုင် လွတ်လပ်ရေး မယူမီမှာ ဖဆပလ အစိုးရအဖွဲ့ ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံ အတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစော လိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်။

*******************************************

ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်လာပြီးလုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေးဝန်ကြီး
ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ  ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို
ထုတ်နှုတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။

မြန်မာပြည်ရဲ့ ကံဆိုးမိုးမှောင်ကျမှု အစလို့ ပြောရမဲ့ ကိစ္စကတော့ အဲဒီတပ်စိတ်ထဲကရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်က တွေ့ပြီး ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံမှု့ မဖြစ်ပွားခင် ရက်ကမှ
ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။

****************************************




ဗိုလ်ချုပ် အောင်ဆန်းရဲ့ ....
“သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့
အဆောင်အယောင် ပကာသန တွေကို ရွံ့ ရှာ စက်ဆုပ်ပြီး
လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့
ဗိုလ်ချုပ်ရဲ့ စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကို မချင့်မရဲဖြစ်ကာ
မြန်မာပြည်နဲ့ လူထု ရဲ့ဆိုးဝါးလှတဲ့ ကံကြမ္မာလို့ ပဲပြောရမလား၊
မသိတဲ့ အဖြစ်အပျက်ကိုသိမြင်ခွင့်ရခဲ့တော့ အံကြိတ်
“တောက်”  ခေါက်မိရင်း  
“ရန်သူမရှိဘူး” ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲကွဲ့။ ”   
လို့သာ ဟစ်အော်လိုက်ချင်တော့တယ်။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to .... အိမ့်မှူးသော်

Friday, July 17, 2015

TRUE IMAGES (433)

"ရိုးသားမှု ဆိုတဲ့မျိုးစေ့ မှန်ခဲ့မှ
ယုံကြည်မှု ဆိုတဲ့အပင် သန်မည်။"

Thursday, July 16, 2015

"နေရာနှင့် ကုလားထိုင်"


"နေရာနှင့် ကုလားထိုင်"
။။။။။။။။။။။။။။။။။။။။။။။။။။။


မြန်မာတို့၏ ဆိုရိုးဆိုစဉ် စကားစု၌ “လူမှန်နေရာမှန်”
ဟူသော စကားတစ်ခွန်း ရှိသည်။

နေရာတစ်ခုနှင့် ထိုက်တန်သော အရည်အချင်းရှိသူများက
ထိုနေရာကို ရောက်နေလျှင် ထိုအဖြစ်သည်
လူမှန်နေရာမှန် ဖြစ်သည်။

ထိုသို့ မဟုတ်ပါမူကား လူ၊ သို့မဟုတ် နေရာ၊
တစ်ခုခုကတော့ လွဲချော်ခဲ့ပြီဟု ဆိုရပါလိမ့်မည်။

ပင်ကိုယ်အရည်အချင်း မရှိပါဘဲလျက် နေရာတစ်ခုကို
အာသာငမ်းငမ်း ဖြစ်နေခြင်းသည် အကျည်းတန်သော
ကိစ္စရပ် ဖြစ်ပါ၏။

‘လူမှန်နေရာမှန်’ ဆိုသော စကား၏အဓိပ္ပာယ်သည်
သမိုင်းက အဆုံးအဖြတ်ပေး သော အရာ ဖြစ်သည်။

အချို့က နေရာတစ်ခုကို အပိုင်သိမ်းပိုက်လိုကြသည်။
သို့သော် သူတို့ရသွားသည်က နေရာ မဟုတ်။
ကုလားထိုင်တစ်လုံးသာ ဖြစ်သည်။

ကုလားထိုင်မှ ခွာသည်နှင့် တစ်ပြိုင်နက်
သူတို့၏နေရာက ပျောက်သွားသည်။
သူတို့၏ အမည်နာမက အဆုံးသတ်သွားသည်။

အမှန်တကယ် အရည်အချင်းရှိသူတို့၏ နယ်မြေ၌
ကုလားထိုင်သည် အရေးမပါ။

ထိုသူတို့သည် ကုလားထိုင် ကို ပိုင်ခဲ့သည်ဖြစ်စေ၊
မပိုင်ခဲ့သည်ဖြစ်စေ၊ နေရာတစ်ခုကို အခိုင်အမာ
ရပြီးဖြစ်နေသည်။

*** နေရာသည် လိုချင်လောဘ အရင်းခံစိတ်ဖြင့်
ရယူပိုင်ဆိုင်လိုခြင်း၌ မတည်။
ပေးဆပ်လိုစိတ် အရင်းခံဖြင့်
အများအကျိုးကို သယ်ပိုးရွက်ဆောင်လိုခြင်း၌
တည်၏။ ***

အရှင်သုမင်္ဂလ (စစ်ကိုင်း)

ဆောင်းပါးရှင် "အရှင်သုမင်္ဂလ (စစ်ကိုင်း)" ၏
"လူမှန်နေရာမှန် "  ဆောင်းပါးမှ

credit to ... Eleven Media Group

Wednesday, July 15, 2015

Tuesday, July 14, 2015

“သေနတ်နဲ့ အနိုင်ယူ၍ မရ”

“သေနတ်နဲ့ အနိုင်ယူ၍ မရ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“လူတွေရဲ့ အတွေးအခေါ်ကို
သေနတ်နဲ့ အနိုင်ယူလို့ မရပဲ
ပိုကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့သာ
လွမ်းမိုးနိုင်မှ အောင်နိုင်မယ်။”

“Ideologies are not defeated
with guns,
they’re defeated
by better ideas .”

(Barack Obama)

credit to ... ABC Radio Australia &
BizPac Review

Monday, July 13, 2015

TRUE IMAGES (431)

“ဒီပုပ်ထဲက ဒီပဲချည်းပါဘဲ။”

Sunday, July 12, 2015

"လူနာဆောင်အမှတ် ၆"

"လူနာဆောင်အမှတ် ၆"
။။။။။။။။။။။။။။။။။။။။။။။။။။။


"လူနာဆောင်အမှတ် ၆" ဆိုတဲ့ ဘာသာပြန် ၀တ္ထုတစ်ပုဒ် ဖတ်ဖူးတယ်။ ရုရှားပြည် ခေတ်ပျက်ကာလကို နောက်ခံထားပြီး၊
ဆေးရုံတစ်ရုံရဲ့ လူနာဆောင်တစ်ခုထဲမှာ ဇာတ်အိမ်တည်ထားတယ်။

အဲဒီအဆောင်က စိတ်ရောဂါဝေဒနာသည်များကို ထားတဲ့အဆောင်၊
အဆောင်နံပါတ်က အမှတ် ၆ ၊

လူနာဆောင် ဆိုပေမယ့်လည်း လူနာတွေကို လူနာလို မဆက်ဆံဘူး။
ထောင်သားတွေကို ဆက်ဆံတဲ့အတိုင်းပဲ ဆက်ဆံကြတယ်။
လိုအပ်တဲ့ ပြုစုကုသမှုတွေ ဘာဆိုဘာမှ မပေးဘူး။
ဒီကြားထဲမှာ ဆေးရုံက အစောင့်ဆိုတဲ့ လူကြမ်းကြီးက သူ့စကား
နားမထောင်တဲ့သူဆို ဗလအားကိုးနဲ့ ထိုးလားကြိတ်လား လုပ်သေးတယ်။

အဲဒီလို လူနာတွေထဲမှာ ကံမကောင်း အကြောင်းမလှလို့
ဒီနေရာကို ရောက်နေရတဲ့ ပညာတတ် ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်။
လောကဓံကို မခံနိုင်၊ စိတ်တွေညစ်လွန်းလို့ လုပ်မိလုပ်ရာတွေ
လျှောက်လုပ်ရာကနေ ရူးနေပြီလို့ အားလုံးက သတ်မှတ်လိုက်ကြပြီး
အဲဒီအဆောင်ထဲ အထည့်ခံလိုက်ရတာ။

ကျန်လူတွေလို ရောဂါသည်စစ်စစ် မဟုတ်တော့ ဒီအဆောင်ရဲ့
မူမမှန်မှုတွေကို အားလုံးအစအဆုံး သိနေမြင်နေ စိတ်ပျက်နေတော့တာပေါ့။
ဒါပေမဲ့ ဘယ်လိုမှ လွန်ဆန်လို့မရတော့လည်း
ဒီအတိုင်းပဲ အရှုံးပေးနေရတယ်။

တစ်နေ့တော့ ...
အဲဒီဆေးရုံကို စာပေ၀ါသနာပါတဲ့ တာဝန်ခံဆရာဝန်တစ်ယောက်
ပြောင်းလာတယ်။

တစ်ရက်
အဲဒီအဆောင် ၆ ထဲကို အကြောင်းကိစ္စတစ်ခုနဲ့ မထင်မှတ်ဘဲ
သူရောက်သွားတယ်။

အဲဒီမှာတင် ခုနက ပညာတတ်လူနာနှင့်တွေ့ပြီး စာပေအကြောင်းတွေ
ဆွေးနွေးဖြစ်ကြတော့တယ်။ လူနာက သူတို့တွေကို ဘာပြုစုကုသမှုမှ
မပေးဘဲ ၀င်ပြီးရင် ပြန်ထွက်မရတော့တဲ့ နေရာတစ်ခုလို ဒီလူနာဆောင်က ဖြစ်နေတာကို ဝေဖန်တယ်။

အဲဒီအခါ ဆရာဝန်က ပြန်ချေပတယ်။
"ဒိုင်အိုဂျီးနိစ်"က ရေစည်ထဲမှာ ၀င်နေပေမယ့် အဲဒီလို နေနေတဲ့ သူဟာ ရှင်ဘုရင်ထက်တောင်မှ စိတ်ချမ်းသာရသေးတယ်။
ဒါ့ကြောင့် အဓိကက ဘယ်နေရာမှာ ဘယ်လိုနေရတယ်ဆိုတာ မဟုတ်ဘူး။
မိမိစိတ်ကသာ အရေးကြီးဆုံးပဲဆိုပြီး သူ့အမြင်ကို ပြန်ပြောတယ်။

အဲဒီလို အမြင်မတူမှုတွေ ရှိနေပေမယ့်လည်း
ဆရာဝန်ဟာ အဲဒီလူနာကို အထင်ကြီးသွားတာတော့ အမှန်ပဲ။
နောက်နေ့တွေမှာလည်း မကြာမကြာဆိုသလို သွားသွားပြီး ဆွေးနွေးဖြစ်တယ်။

အဲဒီလို ဘယ်ဆရာဝန်ကမှ အရေးတယူ သွားမကြည့်ခဲ့ဖူးတဲ့၊
ဆရာဝန်အရောက် အပေါက်နည်းလှတဲ့ အဆောင် ၆ ကို
ဒီဆရာဝန်က နေ့စဉ်ရက်ဆက် သွားနေတဲ့အခါကျတော့
ဆေးရုံဝန်ထမ်းတွေက မသင်္ကာဖြစ်လာတယ်။

အဲဒါနဲ့ပဲ ဆေးရုံမှာရှိတဲ့ အခြားဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ပြီး
အဲဒီဆရာဝန်ကို စိတ်ရောဂါရှိနေတယ်လို့ သတ်မှတ်လိုက်ကာ
"လူနာဆောင်အမှတ် ၆" ထဲကို လူနာအဖြစ် အပြီးအပိုင်
ပို့လိုက်ကြပါတော့တယ်။

အရာရာ ပြည့်စုံနေတုန်းက "ဒိုင်အိုဂျီးနိစ်" အကြောင်း
အားပါးတရ ဆွေးနွေးခဲ့တဲ့၊
ဘယ်လိုပဲဖြစ်ဖြစ် မိမိစိတ်ကသာ အဓိကလို့ ငြင်းခဲ့၊ ခံယူခဲ့တဲ့
ဆရာဝန်ဟာ ...
"လူနာဆောင် အမှတ် ၆" ရဲ့ မတရားနှိပ်စက်မှုတွေ၊
ဆင်းရဲဒုက္ခတွေကို ကိုယ်တိုင်လက်တွေ့ကြုံရတဲ့ အခါလည်းကျရော
ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့ဘဲ
စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ရက်ပိုင်းအတွင်းမှာပဲ
သေပွဲဝင်ခဲ့ရပါတယ်။

****
ဒီဝတ္ထုထဲက ဆရာဝန်ဟာ မတရားမှုကြီး ရှိနေတာကို သိပေမယ့်
ကိုယ့်ကိုမထိသေးတော့ အကြောင်းတွေလျှောက်ပြပြီး ရှောင်လွှဲနေတယ်။
နောက်ဆုံး သူမသိချင်ယောင် ဆောင်ခဲ့တဲ့ မတရားမှုကြီးက
သူ့ကို ပြန်ဒုက္ခပေးသွားတယ်။

ကျွန်တော်တို့လည်း ဒီအတိုင်းပဲ၊
အာဏာရှင်စနစ်ကြီး မကောင်းတာ သိတယ်။
ဒါပေမဲ့ ... ကိုယ့်ကိုတိုက်ရိုက်လာ မထိသေးတော့
ခပ်အေးအေးနေခဲ့ကြတယ်။
အဲဒီလိုနဲ့ ....................... ။

(ဒေါက်တာ ဖြိုးသီဟ)

ဆောင်းပါးရှင် "ဒေါက်တာ ဖြိုးသီဟ" ၏
"နိုင်ငံသားအားလုံးရဲ့  အရေး "  ဆောင်းပါးမှ

credit to ...  Eleven Media Group

Friday, July 10, 2015

TRUE IMAGES (430)

"နောက်ဆုံးတော့ ကျန်ခဲ့ရတာက
ရိုးသားတဲ့ ပြည်သူတွေပါ။"

Thursday, July 9, 2015

"ဘယ်မှာ"ငါ" ဟု ရှိအံ့နည်း?"

"ဘယ်မှာ"ငါ" ဟု ရှိအံ့နည်း?"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ၊

ဘယ်မှာ ငါဟု ရှိအံ့နည်း?

(မိုးကုတ်ဆရာတော်ကြီး)

credit to ... မြင့်မြတ်သူတို့ နှလုံးသား

************************************

PS ....

"ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ ရွှေကိုယ်လားဟု …"
ဆိုသည်ကို ပေါ်လွင်စေခဲ့တဲ့

 “... မြန်မာပြည်ကို ပိတ်ဆို့မယ် ဆိုရင် အခါ ၁၀၀ ပိတ်ပိတ်
ကျွန်တော် ဂရုမစိုက်ဘူး ...” လို့ ဆိုတဲ့ ငါ

“ … သမ္မတထက် မြင့်တဲ့ ရာထူးရှိရင်
လုပ်ချင်ပါတယ် …” လို့ ဆိုတဲ့ ငါ

အများအကျိုးကိုမျက်ကွယ်ပြု ပြီး
ငါဆိုတဲ့ အတ္တကိုသာရှေ့တန်းတင် တင်တတ်ကြတဲ့
ငါ … ငါ … ငါ ဆိုသူများ …………… သို့

(mhp)

Wednesday, July 8, 2015

TRUE IMAGES (429)

“အထဲမှာတော့ ဗလာနတ္ထိ
(သို့) ကျောချမှ ဓားပြမှန်းသိ”

Tuesday, July 7, 2015

“ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ”

“ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်ဟာ
ရန်ကုန်တက္ကသိုလ်သမိုင်းမှာရော
မြန်မာနိုင်ငံ ကျောင်းသားထုရဲ့ သမိုင်းမှာပါ အရေးပါတဲ့နေ့ ၊
မေ့ပျောက်လို့ မရနိုင်တဲ့နေ့ ၊ ဖျောက်ဖျက်လို့ မရနိုင်တဲ့နေ့ ၊ နီရဲတဲ့နေ့ တစ်နေ့ ဘဲဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ တရားဝင်အစိုးရဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုရဲ့  ပြည်ထောင်စုပါတီအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တပ်မတော်က အင်အားသုံးပြီး အာဏာသိမ်းခဲ့တယ်။

ဗိုလ်ချုပ်ကြိးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ အာဏာသိမ်းတာနဲ့  တစ်ချိန်တည်းမှာဘဲ သမ္မတ မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုနဲ့  ပထစ အစိုးရ အဖွဲ့ ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတဟောင်း စ၀်ရွှေသိုက်နဲ့  ဖဆပလ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

ထိုစဉ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသများအဖွဲ့ ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့ 
ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ က ကန့် ကွက်ခဲ့ကြတယ်။

၁၉၅၈ ခုနှစ်က နန်းတွင်းလုပ်ကြံမှုပုံစံမျိုးနဲ့ 
ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့စဉ် ကလည်း
အထက်ပါ ကျောင်းသားအဖွဲ့ အစည်းတွေ ကန့် ကွက်ခဲ့ကြဖူးပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းဟာ ကျောင်းသားတွေအပေါ်မှာ
အကြီးအကျယ် အာဃာတ ထားခဲ့တယ်။

ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် များမကြာမီမှာဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၂၁ ချက်ကို ကြေညာခဲ့ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရဟာ တက်တက်ချင်းမှာဘဲ ဆိုရှယ်လစ်လေသံ ပေးခဲ့တဲ့အတွက် ဆိုရှယ်လစ်စနစ်ကို လိုလားကြတဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေရော၊
လွတ်လပ်ရေး ဒီဘက်ခေတ် မြန်မာ့နိုင်ငံရေးခရီး တလျှောက်မှာ နိုင်ငံရေးခြေကုန်လက်ပန်းကျနေကြတဲ့ နိုင်ငံရေးသမားတွေပါ ဗိုလ်ချုပ်နေ၀င်းရဲ့  တော်လှန်ရေးကောင်စီကို ၀င်လုံးဖို့  စဉ်းစားလာကြတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ချိန်မှာ တော်လှန်ရေးကောင်စီကို ပြင်းပြင်းထန်ထန် ဆန့် ကျင်တာမျိုးတွေ မရှိခဲ့ပါဘူး။

တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့တာကို တကယ်တမ်း
ဆန့်ကျင်ခဲ့သူတွေကတော့ ဗကသ၊ တကသ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦးနဲ့ ရကသ တို့ ဘဲဖြစ်ခဲ့တယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းနဲ့ တော်လှန်ရေးကောင်စီတို့ ဟာ ကျောင်းသားထုကို အပြတ်ချေမှုန်းဖို့  လျှို့ ဝှက် မဟာဗျူဟာ ချမှတ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ်
သူ့ရဲ့ဆရာရင်းဖြစ်တဲ့ ဦးကာ ကို ခန့် ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ချုပ်ကိုင်ဖို့ အတွက် နောက်တိုး အဆောင်စည်းကမ်းတွေကို ချမှတ်ခဲ့တယ်။
အဆောင်နေ ကျောင်းသားတွေရဲ့  အဆောင်သို့ 
ဝင်ချိန်ထွက်ချိန်တွေကို ကန့် သတ်ခဲ့တယ်။
ကျောင်းသားထု အကြားမှာ တော်လှန်ရေးကောင်စီ (စစ်တပ်)အစိုးရအပေါ်
မကျေနပ်မှုတွေ တိုးပွားလာပါတယ်။

ဒီအတွင်းမှာဘဲ ရန်ကုန်ခရိုင်အတွင်းမှာ တန်းမြင့်ကျောင်းထွက်စာမေးပွဲ (HSF)ကို ဖျက်သိမ်းလိုက်တဲ့အတွက် ကျောင်းသားထုအစည်းအဝေးတစ်ရပ်ကို
တကသ အဆောက်အအုံမှာ ကျင်းပခဲ့တယ်။

ဇူလိုင် ၆ ညဥ့်မှာ ရွှေဘိုဆောင်က ကျောင်းသားတွေက တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေကို ကန့် ကွက်ဆန္ဒပြခဲ့ကြတယ်။
ကျောင်းသားတွေဟာ အဆောင်တံခါးတွေကို ရိုက်ချိုးပြီး အဆောင်အပြင်ဘက်ထွက်ကာ ကျောင်းသားရေးမှူး ဦးယုခင်အိမ်ကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၇ ရက်နေ့  နေ့ လယ်မှာတော့ တကသ က ကြီးမှူးပြီး သမဂ္ဂအဆောက်အအုံမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးမှ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးဖို့  တောင်းဆိုခဲ့တယ်။ ထိုနေ့ က အစည်းအဝေးပြီးလို့ 
လူစုကွဲချိန်မှာတော့ တက္ကသိုလ်ဝန်းထဲကို ရဲကားတွေ ရောက်လာကြပြီး
တကသ ဥက္ကဌ ကိုဗဆွေလေး၊ ဗကသ ခေါင်းဆောင် ကိုသက် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ထိုလုပ်ရပ်ကြောင့် ကျောင်းသားထုဟာ ဒေါသပေါက်ကွဲကာ
ဆန္ဒပြခဲ့ကြတယ်။

ကျောင်းတွင်းမှာရှိနေတဲ့ အဆောင်ကျောင်းသားတွေနဲ့ 
နေ့ ကျောင်းသားတွေဟာ အဓိပတိလမ်းထိပ်က ၀င်ပေါက်တံခါးမကြီးကိုပိတ်ပြီး
တကသ အဆောက်အအုံမှာ စုဝေးကာ အော်ဟစ်ဆန္ဒပြခဲ့ကြတယ်။

များမကြာမီမှာဘဲ ပြည်လမ်း အသံလွှင့်ရုံမှာ တပ်စွဲထားတဲ့
အမှတ် ၄ သေနတ်ကိုင်တပ်ရင်း စစ်ကားတွေရောက်ရှိလာပြီး အဓိပတိလမ်းနဲ့ 
တကသ အဆောက်အအုံရှေ့ မှာ စုဝေးနေတဲ့ ကျောင်းသားတွေကို ဂျီသရီးနဲ့  ပစ်ခတ်ခဲ့တယ်။

မန္တလေးဆောင်ပေါ်က အော်ဟစ်ဆန္ဒပြနေတဲ့ ကျောင်းသားတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သံတွဟော ဘ၀ဂ်အထိ ညံသွားခဲ့တယ်။
ကျောင်းသားအချို့ က တကသ အဆောက်အအုံရှေ့ ရှိ အလံတိုင်ပေါ်တက်ကာ ခွပ်ဒေါင်းအလံကို လွှင့်ထူခဲ့တယ်။

ဗိုလ်မှူးကြီးစိန်လွင်နဲ့  ဒုဗိုလ်မှူးကြီးလှမြင့် (ဘဲလ်အဲယားလှမြင့်)တို့  ဦးစီးတဲ့ စစ်သားတွေဟာ တက္ကသိုလ်ဂိတ်တံခါးကို ကားနဲ့ တိုက်ဖွင့်ပြီး ၀င်းထဲကို ၀င်လာခဲ့ကြတယ်။

ထိုအချိန်မှာတော့ ကျောင်းသားတွေဟာ
(ကျောင်းသူအတော်များများလည်းပါဝင်ပါတယ်) မန္တလေးဆောင်ဘက်ကို
တချို့ ဆုတ်ခွာပြီး အချို့ ကတော့ သထုံဆောင်ဘက်ကို ဆုတ်ခွာရှောင်တိမ်း ခဲ့ကြတယ်။

ကျောင်းသားအတော်များများဟာ သေနတ်ထိမှန်ပြီး အဓိပတိလမ်းပေါ်မှာ လဲကျသွားခဲ့တယ်။ ကျောင်းသားအချို့ ကတော့ အဓိပတိလမ်းဘေး မန္တလေးဆောင်ရှေ့ က ရေမြောင်းထဲမှာ လဲကျနေခဲ့တယ်။ အဓိပတိလမ်းပေါ်မှာ ကျောင်းသားထုရဲ့ သွေးကွက်တွေ အိုင်ထွန်းနေပါတယ်။ လမ်းတလျှောက်မှာတော့ ပိုင်ရှင်မဲ့သွားတဲ့ဖိနပ်ကလေးတွေ၊ လက်ပတ်နာရီတွေ ပြန့် ကျဲလို့ နေတယ်။

တက္ကသိုလ်ပရ၀ုဏ်ကို အမှောင်ဖုံးချိန်မှာတော့ စစ်ဖိနပ်သံတွေဟာ အဓိပတိလမ်း တလျှောက်မှာ ဆူညံစွာပေါ်ထွက်ခဲ့ပါတယ်။

နောက်နေ့  ဇူလိုင် ၈ ရက်၊ မနက် ငါးနာရီခွဲခန့် မှာတော့
ကမာရွတ်မြို့ နယ်အတွင်းမှာ ကျယ်လောင် ပြင်းထန်လှတဲ့ ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့တယ်။

*** စစ်ဘီလူးတွေက မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ 
အချက်အချာ နေရာတစ်ခု ဖြစ်တဲ့ သမိုင်းဝင် တကသ အဆောက်အအုံကြီးကို
ဒိုင်းနမိုက် အလုံးပေါင်းများစွာ တပ်ဆင်ပြီး ဖြိုဖျက်ခဲ့ကြပါတယ်။ ***

နောက်တစ်ရက်မှာတော့ ဗိုလ်ချုပ်နေ၀င်းက
“ဓားဓားချင်း လှံလှံချင်းဘဲ” ဆိုတဲ့ ကျောင်းသားထုကို စိန်ခေါ်တဲ့ မိန့် ခွန်းတစ်ရပ် ပြောခဲ့တယ်။

သို့ ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ ဦးနေ၀င်းတို့ ဟာ သမဂ္ဂအဆောက်အအုံကြီးကို ဖြိုဖျက်တဲ့လုပ်ရပ်မှာ သူအမိန့် ပေးတာ၊ ငါအမိန့် ပေးတာဆိုပြီး တစ်ယောက်နဲ့  တစ်ယောက် လွှဲချခဲ့ကြပါတယ်။

သို့ ပေမယ့်... တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့
သမိုင်းက သိနေပါတယ်။

(မင်းဟန်စော)

*************************************

“ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့
ဘယ်သူမှဖြိုလို့ မရပါဘူး။”

(ဆရာကြီး သခင်ကိုယ်တော်မှိုင်း)

credit to ...  ပြည်သူ့ ခေတ်ဂျာနယ် &
M.O.Encyclopedia via လူဗိုလ်ဟူသည်

Sunday, July 5, 2015

Saturday, July 4, 2015

"မပြိုင်မီက နိုင်ပြီးသား"

"မပြိုင်မီက နိုင်ပြီးသား"
။။။။။။။။။။။။။။။။။။။။။။။။။။


@ 'တာဝန်'လက်ပတ်နီနဲ့
အကြမ်းဖက်ခံရဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ မြေသိမ်းပြီး
သေနတ်နဲ့ အပစ်ခံရဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ တန်းစီပြီး
ပါးအရိုက်ခံဖို့ များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ထမင်းတစ်နပ်
လျှော့စားဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ တစ်နေ့နှစ်ထောင်
ရဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ဖယောင်းတိုင်ထွန်းပြီး
နေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ လိုင်းကားပေါ်မှာ
အိုမင်းဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ လမ်းပေါ်မှာ
ရေကူးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ မဲဇာတက္ကသိုလ်မှာ
စိတ်လေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ နွေရောက်ရင်
မီးဖြတ်ဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ဘိုးဘွားပိုင်လယ်တွေ
အသိမ်းခံဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ရွာပျောက်အိမ်ပျောက်
ဖြစ်စေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ သစ်ကြီးဝါးကြီးတွေ
မကုန်သေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ မြစ်တွေချောင်းတွေ
မကောသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ တောတွေတောင်တွေ
ကျန်နေသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ဘုန်းကြီးကျောင်းတွေ
ဝင်စီးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...?

@ ရာစုတစ်ဝက် ကြာတဲ့အခါ
ငါတို့ ရလိုက်တာက
ငွေတစ်ထောင့်ငါးရာတန်
ဆင်းမ်းကဒ်လေးတစ်ခု
ဒါတောင်မှ သိပ်နောက်ကျတယ်...။

@ မဲဆိုတာ အသည်းကြားက လာတယ်၊
ငါတို့အသည်းတွေဟာ
ခုထိ နာကျင်နေတုန်းပဲ

ဒါဏ်ရာတွေက
သွေးစိမ်းရှင်ရှင် ယိုဆင်းနေတုန်းပဲ

'ကမ္ဘာ မကြေဘူးဟေ့...' ဆိုတဲ့တေးကို
သီကျူးနေတုန်းပဲ

ဒါကို - စကားလေချိုသွေး
'မိဘပြည်သူများခင်ဗျား'...ဆိုတာလေးနဲ့
ကျေအေးရမလား...။

@ သုမနကျောမှာ ဒါဏ်ရာတွေနဲ့
နှစ်ထောင့်တစ်ဆယ့်ငါးမှာ
မဲလာပေးမယ်
မင်းတို့ကိုတော့ မဟုတ်ဘူးဟေ့...။ ။

(Soon Rit)

credit to .... မေတ္တာရိပ် ကုသိုလ်ဖြစ် ဆေးခန်း

Thursday, July 2, 2015

"ငါတို့ ရင်ထဲက ခေါင်းဆောင်"

"ငါတို့ ရင်ထဲက ခေါင်းဆောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


စစ်တပ်မှအပဖြစ်သော
မြန်မာနိုင်ငံသားအားလုံးက
တခဲနက်ထောက်ခံထားပြီး -

မြန်မာပြည်နဲ့ ဆက်ဆံသမျှ
နိုင်ငံတကာအစိုးရတိုင်းက
တလေးတစား အရေးထားရတဲ့
ခေါင်းဆောင်တစ်ယောက် -

ဦးနှောက်သုံးပြီး အဆုံးအဖြတ်ပေးရမယ့်
အချင်းအရာတိုင်းမှာ
ဘယ်သူနဲ့မှ ပြန်တိုင်ပင်စရာမလို၊
ဘယ်သူ့အမိန့်မှ ပြန်လည်နာခံစရာ မလိုပဲ
တမဟုတ်ချင်း
မှန်မှန်ကန်ကန် တုန့်ပြန်နိုင်စွမ်းရှိတဲ့သူ -

သူများက ဖြစ်စေဆိုမှ ဖြစ်လာရတာ မဟုတ်ဘူး၊
သူ့အရည်အချင်းနဲ့သူ
ဘယ်သူကမှ တားဆီးဆို့ပိတ်လို့ မရတာကြောင့်
ဖြစ်လာတဲ့သူ -

အဲ့ဒါကြောင့် သူဟာ …

"စစ်တပ်ကရော ဖွဲ့စည်းပုံအခြေခံဥပဒေကရော
ဘယ်လိုပင် အသိအမှတ်မပြုစေသော်ငြား
တစ်နိုင်ငံလုံးရဲ့
အမျိုးသားခေါင်းဆောင် ဖြစ်နေပြီးသား …"

(ငွေစန်းရောင်)

ဆောင်းပါးရှင် "ငွေစန်းရောင်" ၏
"မပြင်နိုင်ဘူး ထဆင်ထူး "  ဆောင်းပါးမှ

credit to ... The Ladies News Journal

Wednesday, July 1, 2015

TRUE IMAGES (426)

"ဓာတ်တူချင်းမို့ ရောနေသည်။"