Saturday, January 31, 2015

TRUE IMAGES (343)

“မရှိမှန်း သိပေမယ့် တွေ့လိုတွေ့ငြား
ရှာကြည့်နေတာပါ ... :-)”

"ပညာရှိ"

"ပညာရှိ"
။။။။။။။။။။။
“မေ့လျှော့ ပေါ့ဆသူတွေကြားမှာ သတိရှိသော၊
ငိုက်မျည်းသူတွေကြားမှာ ထက်သန်သော လုံ့လရှိသော
ပညာရှိယောက်ျားသည်
အားနည်းသော မြင်းများကို ချန်ထားခဲ့သော
ပြိုင်မြင်းတစ်ကောင်ကဲ့သို့ သွားသည်။”

(ဗုဒ္ဓ)
(ဓမ္မပဒ ဂါထာနံပါတ်- ၂၉)

"The man of wisdom"
Mindfull amongst the negligent,
highly vigilant amongst the drowsy,
the man of wisdom advances like a race-horse,
leaving the jade behind.

Dhammapada verse: 29
credit to ... ဓမ္မဒိုင်ယာရီ

Friday, January 30, 2015

TRUE IMAGES (342)

“ထိထိမိမိ လမ်းညွှန်”

"အနာဂတ်ကို မနှိပ်ကွပ်ပါနဲ့"

"အနာဂတ်ကို မနှိပ်ကွပ်ပါနဲ့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ “ကျောင်းသားများကို နှိပ်ကွပ်ခြင်းသည်
မိမိနိုင်ငံ၏ အနာဂတ်ကို နှိပ်ကွပ်ခြင်း ဖြစ်ကြောင်း
သတိပြုသင့်သည်။”

@ "ထူးချွန်ထက်မြက်သည့် ကျောင်းသားမှန်သမျှ
မိမိတို့ အခွင့်အရေးကို နားလည်သဘောပေါက်ပြီး
ယင်းအတွက် လိုအပ်သလို ဆောင်ရွက်မည်သာ ဖြစ်သည်။"

@ "နှိပ်ကွပ်ခြင်းသည် စည်းကမ်းမဟုတ်ပါ။
တားမြစ်ခြင်းသည် ချုပ်ခြယ်ခြင်းလည်းဖြစ်နိုင်ပါသည်။
ဟိုဟာမလုပ်ရ သည်ဟာမလုပ်ရဆိုသည်မှာ
မလုပ်သင့်မလုပ်ထိုက် သည့်ကိစ္စများကို
တားမြစ်ခြင်းသာဖြစ်သင့်ပါသည်။

@ "လုပ်သင့်လုပ်ထိုက်သည့် လူ့အခွင့်အရေးကို
တားမြစ်ခြင်း များသည် ဖိနှိပ်ခြင်းဖြစ်ပါသည်။"

@ "ကြောက်၍ခေါင်းငုံ့နေခြင်းကို ပီတိဖြစ်ကာ
ခံစားနေကြသည့်ပညာရေးကို
ပြည်သူ့နီတီ သိသောဆရာ၊
ပြည်သူ့နီတိ သိသောကျောင်းသားများဖြင့်သာ
တော်လှန်ပြောင်းလဲနိုင်မည် ဖြစ်သည်။"

credit to ... (တင်ညွန့်) Maukkha Education Magazine &
The Daily Eleven

Thursday, January 29, 2015

TRUE IMAGES (341)

“ဒါနဲ့ပဲ လုပ်စားလာတာလေ …”

"ခံတပ်"

"ခံတပ်"
။။။။။။။။။
@ လူတိုင်းအတွက်
မနက်ဖြန်ဆိုတာ
ဘယ်သူမှ သေချာတာ မဟုတ်ဘူး
ဒါပေမယ့်
မသေချာတာကို အကြောင်းပြ
ရပ်နေလို့ရော ရမလား။

@ မင်းတို့ ငါတို့ သေတဲ့အခါ
ဘာဆို ဘာမှ ပါမသွားဘူး
ဒါပေမယ့်
မပါတာကို အကြောင်းပြ
ရပ်နေလို့ရော ရမလား။

@ ဘဝဆိုတာ
လှုပ်ရှားရုံးကန် နေသမျှ
ရှင်သန်နေကြမှာပဲ
အနိုင် နဲ့ အရှုံး ဆိုတာ
လူတိုင်း လူတိုင်း တွေ့ကြုံနေတာမို့
နိုင်တဲ့အခါလည်း မအော်နဲ့
ရှုံးတဲ့အခါလည်း မငြီးနဲ့
ခိုင်မာတဲ့ စိတ်ဓါတ်ဟာ
မင်းဘဝအတွက် ခံတပ်ပါပဲ။

@ မင်းခံတပ်ကို မင်းပြန်စစ်
အက်နေရင် ဖာ
နိမ့်နေရင် ဖို့
ပြိုနေရင် အသစ်တည်ဆောက် ....

@ စိတ်ဓါတ်ခိုင်မာသူအတွက် ကြောက်တဲ့အရာ
ဒီလောကမှာ မရှိဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် မဖြစ်နိုင်တာ
ဒီလောကမှာ မရှိဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အခက်အခဲဆိုတာ
စာဖွဲ့လောက်စရာ မဟုတ်ဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အောင်မြင်မှုဆိုတာ
မရမှာ ပူစရာမလိုဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အရာရာတိုင်းဟာ
အောင်ပွဲနဲ့ စောင့်နေမှာမို့
ထစ်ကနဲဖြစ် စိတ်မညစ်နဲ့
ဘယ်သောအခါမှ စိတ်ဓါတ်မကျနဲ့။

(ကိုစိုးနိုင်)
credit to .... soenaingu

Wednesday, January 28, 2015

TRUE IMAGES (340)

“မရိုးနိုင်သော ဆင်ခြေဆင်လက်များ”

"မအောင်မြင်နိုင်စရာ မရှိ"

"မအောင်မြင်နိုင်စရာ မရှိ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။
“စစ်ရှုံးပြီးစ ဂျပန်ဘုရင်ပြောခဲ့တဲ့
စကားတစ်ခု ရှိပါတယ်။
ကျုပ်တို့ဟာ မခံနိုင်တဲ့ကိစ္စတွေကို
ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။
မဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖြစ်နိုင်အောင်လုပ်နိုင်တဲ့
အရည်အချင်းရှိရမယ်တဲ့။

အဲ့ဒီလိုပဲ ကျမတို့ ပြည်သူလူထုကလည်း
ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့
မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင်
ဘာမှ မအောင်မြင်နိုင်စရာမရှိပါဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)
credit to .... လှမ်းဝင့်လို့ချီ ခေတ်သစ်ဆီသို့

Thursday, January 22, 2015

TRUE IMAGES (339)

"ပြယုဂ်ကတော့ ခြင်္သေ့ပါ။"

"သာသနာသန့်ရှင်းရေး"

"သာသနာသန့်ရှင်းရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာစကားလုံး သုံးထားတာက
"သာသနာသန့်ရှင်းရေး" သုံးထားတယ်။
ဒီစကားက သိပ်ပြီးမှားတယ်။
သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ။
ဘာမှဖြစ်တာမဟုတ်ဘူး။

လူတွေမကောင်းလို့၊ လူတွေက ညစ်ပတ်လို့၊
လူမသန့်ရှင်းဘူး၊ လူညစ်ပတ်တယ်။
ရဟန်းညစ်ပတ်တယ်။ ရဟန်းမသန့်ရှင်းဘူး။
သာမဏေ ညစ်ပတ်တယ်။ သာမဏေ မသန့်ရှင်းဘူး။
ရဟန်းသန့်ရှင်းအောင်၊ သာမဏေသန့်ရှင်းအောင်၊
သံဃာသန့်ရှင်းအောင်၊လူသန့်ရှင်းအောင်၊
ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင်လုပ်ဖို့ကောင်းတယ်။
သာသနာသန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။

သာသနာဟာ အပြစ်မရှိဘဲ သာသနာသန့်ရှင်းအောင်
လုပ်ရမလား။ ဒီလို စိတ်က တွေးမိတယ်။
သာသနာဟာ အပြစ်မဟုတ်ဘဲနဲ့ သာသနာကို
အပြစ်တင်ပြီးတော့
သာသနာညစ်နွမ်းတယ်လို့ ပြောနေကြတယ်။

ဘုရားရှင် လက်ထက်ကလည်း ဒီသာသနာပဲ၊
ခုလည်း ဒီသာသနာပဲ။
ဒီ သာသနာဟာ ဘာမှဖြစ်မသွားပါဘူး။
သူ့ဟာသူ သာသနာပဲ။
သာသနာမှီပြီးတော့
သာသနာနည်းလမ်းအတိုင်း မလိုက်တဲ့ ပုဂ္ဂိုလ်တွေက
ညစ်နွမ်းပြီးနေတယ်။
မသန့်ရှင်းဘဲဖြစ်ပြီးတော့ နေတယ်။

သူတို့ကိုသာ
သန့်ရှင်းအောင်၊ စင်ကြယ်အောင် လုပ်ဖို့ရှိတာပဲ အောက်မေ့တယ်။

(ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး)

(ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီးသည်
သီလစင်ကြယ်၏၊ ၀ိနည်း လေးစား၏။ ဘုရားရှင် အဆုံးအမ အတိုင်း နေထိုင်
ကျင့်ကြံ၏။ ဘုရားရှင်၏ သာသနာတော်နှင့် ပတ်သက်လျှင် စကားလုံး
တစ်လုံးကိုမျှ အတိမ်းအစောင်း မခံလိုပေ။ "သာသနာတော် သန့်ရှင်းရေး"
ဟူသော စကားကို တွင်တွင် ကျယ်ကျယ် သုံးကြခြင်းကို နှစ်သက်တော်
မမူပေ။)

credit to .... True Dhamma & Dhamma Web

Wednesday, January 21, 2015

TRUE IMAGES (338)

"သူတို့အတွက် တိုင်းပြည်ထက်
ထိုင်ခုံက ပိုအရေးကြီးတယ်လေ။"

“အဆဲပြိုင်ပွဲ”

“အဆဲပြိုင်ပွဲ”
။။။။။။။။။။။။။။

တစ်ခါ က ကမ္ဘာ့ အဆဲပြိုင်ပွဲ ကျင်းပလေသည်။
အချိန်အကြာဆုံးနှင့် ဆဲနည်းမထပ်ဘဲ ဆဲနိုင်သူ
ပထမရမည် ဖြစ်၏။

ပထမဆုံး အမေရိကန် လူမျိုးဝင်ပြိုင်သည်။
၁၅ မိနစ်ကြာအောင် ဆဲနည်း မထပ်ဘဲ ဆဲ သွားသည်။
တော်တော် ဆဲတတ်၏။ပရိတ်သတ်သဘောကျ၏။

နောက် ရုရှား လူမျိုး တစ်ယောက်ဝင် ပြိုင်သည်။
နာရီဝက်ကြာအောင် ဆဲနည်း မထပ်ဘဲ ဆဲသွားသည်။ ပရိတ်သတ်လက်ခုတ်သံတော်တော်ကျယ်၏။

ထို့နောက် ဖေ့စ်ဘုတ်သုံးတတ်သည့်မြန်မာတစ်ယောက်
စင်ပေါ်တက်လာလေသည်။
မိုက်ကြိုးကို ခလုတ်တိုက်မိပြီးချော်လဲလေသည်။
ထိုသူသည် မိုက်ကို ဒေါသထွက်ထွက်နှင့်
လက်ညှိုးထိုးပြီး ဆဲလေတော့၏။

၁၅ မိနစ် ၊ နာရီဝက် ၊ ၁ နာရီ ကြာ သွားသည် ။
ဆဲနည်း လုံးဝ မထပ်ချေ။၂နာရီခန့် ပင် ကြာလေ၏။
ဒိုင်လူကြီးများနှင့် ပရိသတ်များ အားလုံး အံ့ သြကုန်ကြသည်။

ထို့နောက် ထိုလူသည် ဒိုင်လူကြီး များဘက်သို့ မျက်နှာလှည့် ပြီး…..
"ဒိုင်လူကြီးများ ခင်ဗျာ …ကျွန်တော် စဆဲ လို့ရပါပြီ လား ခင်ဗျာ..”…တဲ့…
ဒိုင်လူကြီးများမှ ထိုင်ရာမှ ထကာ။ လက်ခုတ်တီးလိုက်ကြ၏။
ပရိတ်သတ်လက်ခုပ်သံကား နံရံတွေပင်ခါကုန်၏။
ထပ်ပြိုင်မြည့်အခြားနိုင်ငံမှ ပြိုင်ပွဲဝင်များပင် ဆက်မပြိုင်ပဲအရှုံးပေးကြ၏။

သို့နှင့်နိုင်ငံတကာ အဆဲဒိုင်အဖွဲ့အနေဖြင့်ရမှတ်ပြည့်သည့်
အပြင် ကျော်၍ပင်နေသဖြင့်ပထမဆု အပြင်
"အဆဲပါရဂူဆု" ပါ ထပ်မံ ချီးမြှင့်ရန်ဆုံးဖြတ်လိုက်လေ၏။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)
credit to .... mgyelatt

PS ....

အခုတော့ ကျမတို့ဆီမှာ ဆဲနည်းအစုံကို
ဖေ့စ်ဘုတ်သုံးတတ်သည့်
ပုထုဇဉ် လူသား မြန်မာအချို့သာမက
ဖေ့စ်ဘုတ်သုံးတတ်သည့်
အချို့သော ......... :-)

(mhp)

Tuesday, January 20, 2015

TRUE IMAGES (337)

“အရင် - လက်လှမ်းမှီသလောက်က ၁၄ ပွင့်
အခု - လက်လှမ်းမှီသလောက်ကတော့ ၄၈ ပွင့်”

"ငါး သုံးကောင်"

"ငါး သုံးကောင်"
။။။။။။။။။။။။။။။။။။။

တစ်ခါက ရေကန်ကြီးတစ်ကန်ကို လာပြီး ငါးဖမ်းသူ တံငါသည်တစ်ယောက်
ရှိပါတယ်။ သူဟာနေ့စဉ် အဲ့ဒီကန်ထဲမှာ ငါးတွေ လာဖမ်းနေကျဆိုပါတော့။
အဲ့ဒီ ကန်ထဲမှာနေထိုင်တဲ့ ငါးတွေထဲမှာရှိတဲ့ ငါး ၃ ကောင်းဟာ၊ အခြားသော
ငါးတွေထက် အသိဥာဏ်ပိုရှိပါသတဲ့။

တစ်နေ့တော့ ငါးဖမ်းသမားရဲ့ ပိုက်ကွန်က အဲ့ဒီ ငါး ၃ ကောင် ဖမ်းမိသွားပါတော့
တယ်။ ပြီးတော့ လှေပေါ်ကိုရောက်သွားပါတယ်။ အဲ့ဒီမှာ ငါး ၃ ကောင်ဟာ
ငါတို့ ဘယ်လိုလွတ်အောင် လုပ်ကြမလဲ၊တိုင်ပင်ပါသတဲ့။

ပထမ ငါးကတော့ ....
"ငါကတော့ ကံကိုပဲယုံလိုက်တော့မယ်ကွာ" တဲ့

ဒုတိယ ငါးကတော့
"ငါကတော့ ဒီလှေပေါ်က လွတ်အောင် အသက်မသေသေး
သရွေ့ ကြိုးစားနေမယ်" တဲ့

တတိယ ငါးကတော့
"ငါကတော့ အခြေအနေကိုစောင့်နေမယ်" ဆိုသတဲ့။

လှေပေါ်မှာ ငါးဖမ်းသမားရဲ့ ဇနီးလည်းပါလာလေတော့ ငါးဖမ်းသမား
ဖမ်းမိသမျှငါးတွေကို ပိုက်ကွန်ကနေဖြုတ်တဲ့အခါမှာ ...

ပထမငါးကတော့ သူ့ကံပဲလေဆိုပြီး စိတ်ပိုင်းဖြတ်ထားလေတော့
ပိုက်ကွန်ကဖြုတ်ပြီး ပလိုင်းထဲထည့်ခံလိုက်ရသတဲ့

ဒုတိယငါးကတော့ သူ့အလှည့်မရောက်ခင်မှာ
ခုန်ထွက်ဖို့ကြိုးစားနေလေတော့ ငါးဖမ်းသမားရဲ့ဇနီးက လွတ်သွားမှာစိုးလို့ သူ့ကိုအရင် ခေါင်းကိုထုပြီး သတ်လိုက်လေသတဲ့။

တတိယငါးကတော့ သေချင်ယောင်ဆောင်နေတယ်။
ငါးဖမ်းသမားရဲ့ ဇနီးကလည်း သေပြီထင်ပြီး (အခြားအသက်ရှင်နေသေးတဲ့
ငါးတွေလို့မဟုတ်ဘဲ) ပိုက်ကွန်ကနေ အလွယ်တကူဖြုတ်လိုက်တဲ့
ခဏလေးအချိန်မှာပဲ ငါးဖမ်းသမားရဲ့ ဇနီးသည်လက်ထဲကနေ
အားကုန်ခုန်ထွက်ပြီး ရေကန်ထဲကို ခုန်ဆင်းသွားပြီး
အသက်ချမ်းသာရာ ရသွားပါသတဲ့။

(သင်းမြတ် စိုး)
credit to .... thinmyatsoe

PS ....

လောကမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်တတ်ဖို့ လိုပါတယ်။
အခြေအနေနဲ့ အချိန်အခါကိုသုံးသပ်ပြီး ဆင်ခြင်တုံတရားကို
လက်ကိုင်ထားကာအစွမ်းကုန် ကြိုးစားကြမယ်ဆိုရင်
ဘယ်ကိစ္စမဆို အောင်မြင်နိုင်မယ်လို့ သုံးသပ်မိပါတယ်။

(mhp)

Monday, January 19, 2015

TRUE IMAGES (336)

“နောင်လာနောက်သားတွေ အတွက်
သုံးစားမရတဲ့ ပထ၀ီတော့ မကျန်ခဲ့စေချင်…”

"ရင်ဆိုင်ဖြေရှင်းပေးပါ"

"ရင်ဆိုင်ဖြေရှင်းပေးပါ"
။။။။။။။။။။။။။။။။။။။။။။။။။။
“ကျမတို့ လိုချင်တာဘာလဲ။
တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ပြသနာများကို
ဖြေရှင်းပေးနိုင်တဲ့ သတ္တိ၊
ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရှိတဲ့
အုပ်ချုပ်မှုစနစ်တစ်ခု လိုချင်တာပဲ။

ဒါဟာလည်း ကျမတို့အားလုံး
ရသင့်ရထိုက်တဲ့အခွင့်အရေးပဲ။
တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေမှဖြင့်
ပြသနာတွေကို ခေါင်းရှောင်ပြီးတော့ …
တံတားတွေဆောက်နေလို့ မဖြစ်ပါဘူး။
ပြသနာဆိုတာ တံတားနဲ့ ကျော်လို့ မရပါဘူး။
ရင်ဆိုင်ဖြေရှင်းခြင်းအားဖြင့်သာ ကျော်လို့ရမှာ ဖြစ်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)
credit to .... အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင်

Sunday, January 18, 2015

TRUE IMAGES (335)

“သတိထားကြဖို့ …”

"တရားရှိ - မရှိ"

"တရားရှိ - မရှိ"
။။။။။။။။။။။။။။။။။
@ တရားမရှိသူက ယူရတာကို ပျော်တယ် ...
တရားရှိသူက လှူ ရတာကို ပျော်တယ် ...

@ တရားမရှိသူက ငါကောင်းစားဖို့ လှူ တာ ...
တရားရှိသူက လောကကောင်းစားဖို့ လှူ တာ ...

@ တရားမရှိသူက လူအထင်ကြီးဖို့ လှူ တာ ...
တရားရှိသူက လောဘကုန်ဖို့ လှူ တာ ...

@ တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာ လှူ တယ် ...
တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူ တယ် ...

@ တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူ တယ် ...
တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူ တယ် ...

@ တရားမရှိသူက လှူ တာနည်းတယ် ... မျှော်လင့်ချက်ကများတယ် ...
တရားရှိသူက လှူ တာကများတယ် ... မျှော်လင့်ချက် ဘာမှမထားဘူး ...။

မေတ္တာရှင် ( ရွှေပြည်သာ )
credit to .... beauty of shan

Saturday, January 17, 2015

TRUE IMAGES (334)

"ရှေ့မဆက်ချင်သေးလို့ပေါ့ကွယ်"

"2015 ကို ကြောက်လန့်နေတဲ့ တိုင်းပြည် ..."

"2015 ကို ကြောက်လန့်နေတဲ့ တိုင်းပြည် ..."
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ အာဏာကို နတ်သုဒ္ဓါလို စားသုံးပြီး
ဒီမိုကရေစီကို နှမ်းဖြူးပေးနေတဲ့
တိုင်းပြည် ...

@ ရုပ်သေးရုပ်က သမ္မတလုပ်ပြီး
လူပြက်တွေ ၀န်ကြီးလုပ်နေကြတဲ့
တိုင်းပြည် ...

@ သူခိုးချင်း ညီညွတ်ပြီး
စားဖားချင်း သွေးစည်းနေတဲ့
တိုင်းပြည် ...

@ လူတစ်စု အပေါက်အလမ်း တည့်ပြီး
လူထုကို တစောက်ကန်းလုပ်နေတဲ့
တိုင်းပြည် ...

@ တပ်ပိုင် ဦးပိုင် ခရိုနီပိုင်လုပ်ပြီး
ဒါတို့ပြည် ဒါတို့မြေ သီချင်းညည်းခိုင်းတဲ့
တိုင်းပြည် ...

@ တို့ဘိုးဘွား အမွေအနှစ်ဆိုပြီး
ကိုယ့်အမျိုးများကို အသေချစ်တဲ့
တိုင်းပြည် ...

@ ခြင်းထဲက ကြက်တွေကို လွှတ်ပေးပြီး
ခြံကြီးကြီးထဲ ပြန်ထည့်ထားတဲ့
တိုင်းပြည် ...

@ ဧည့်သည်ကို အိမ်ထောင်စုစာရင်းသွင်းပြီး
အိမ်ရှင်ကို ဧည့်စာရင်းတိုင်ခိုင်းတဲ့
တိုင်းပြည် ...

@ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ ရှင်းပေးပြီး
ဆယ့်တစ်ဘီလီယံ ကြီးပွားသွားတဲ့
တိုင်းပြည် ...

@ ပေါက်ဖော်ကြီးလက်ထဲ စုတ်တံထည့်ပေးပြီး
မြန်မာပြည်မြေပုံကို အသစ်ရေးဆွဲခိုင်းနေတဲ့
တိုင်းပြည် ...

@ ကိုယ်ကုလားဖန်ထိုး ကိုယ့်ဖာသာချိုးပြီး
ကုလားသုံးကောင်နဲ့ စားခံလိုက်ရတဲ့
တိုင်းပြည် ...

@ ဒေးဗစ် ကော်ပါဖီးထက် အဆတစ်ရာသာပြီး
ရွှေမန်းတင်မောင်ထက် အပြောကောင်းတဲ့
တိုင်းပြည် ...

@ ဘုရားရှေ့က ခြင်္သေ့ယောင်ဆောင်ပြီး
ဝံပုလွေကြီးတွေ ခေါင်းထောင်ထနေတဲ့
တိုင်းပြည် ...

@ ငှက်တစ်သောင်းနားတဲ့ သစ်ပင်ကိုလန့်ပြီး
စာခြောက်ရုပ်တွေကို အိုးမည်းသုတ်ပေးနေတဲ့
တိုင်းပြည် ...

@ 2012 ကမ္ဘာပျက်ဇာတ်ကားတွေကြည့်ပြီး
2015 ကို ကြောက်လန့်နေတဲ့
တိုင်းပြည် ...

(မင်းတံခွန်)
credit to .... 1,000 Million Strong For
Daw Aung San Suu Kyi in 2015

Friday, January 16, 2015

TRUE IMAGES (333)

"အခြားနိုင်ငံကလူတွေ
ဒီစကားရဲ့ ဆိုလိုရင်းကို
နားလည်မှာမဟုတ်ဘူးနော် …
ဒို့ ဒီကလူတွေကတော့ ... :-)"

"စန္ဒယားနဲ့ တူတဲ့ ဘ၀"

"စန္ဒယားနဲ့ တူတဲ့ ဘ၀"
။။။။။။။။။။။။။။။။။။။။။။။။။။
“ဘ၀က စန္ဒယားတစ်ခုလိုပဲ ...
အဖြူရောင် ခလုတ်လေးတွေက
ပျော်ရွှင်မှုကို ကိုယ်စားပြုပြီး
အနက်ရောင် ခလုတ်လေးတွေက
ဝမ်းနည်းမှုကို ကိုယ်စားပြုတယ်။

ဘ၀ကိုဖြတ်သန်းသွားတဲ့အခါ
အနက်ရောင် ခလုတ်လေးတွေနဲ့ ကြုံရလို့
စိတ်ပျက်မနေပါနဲ့ …
လှပတဲ့ တေးသွားတစ်ပုဒ် ဖြစ်ပေါ်လာဖို့
အနက်ရောင် ခလုတ်လေးတွေလဲ
မရှိမဖြစ်လိုအပ်နေလို့ပါပဲ … ။”

credit to .... စုံ စီ န ဖာ

Thursday, January 15, 2015

TRUE IMAGES (332)

“နေရာရထားသူတွေရဲ့
စိတ်နေစိတ်ထားတွေ 
ခြုံကြားရောက်သွားပြီ ဆိုရင်တော့ ….”

TRUE IMAGES (331)

"Blackboard ပေါ်မှာပဲ ဆွဲနော် … :-)"

"ကလိမ်ကကျစ် နိုင်ငံရေး"

"ကလိမ်ကကျစ် နိုင်ငံရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။
“တချို့က ခု ဒီမှာတစ်မျိုးပြော၊
ဟိုမှာ တစ်မျိုးပြော၊
ဒီမှာ ဒီဟာ လုပ်မယ်ပြော၊
ခု ဒီမှာ ဟိုဟာ လုပ်မယ်ပြော၊
စိတ်တွေက ပြောင်းလိုက်၊
အပြောတွေက ပြောင်းလိုက်၊
ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ ပြောတယ်။

ကျမကတော့ ဒါနိုင်ငံရေးပဲလို့ နားမလည်ဘူး။
ဒါ ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။
ဒီလိုနိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့မဖြစ်ဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)
credit to ... လှမ်းဝင့်လို့ချီ ခေတ်သစ်ဆီသို့

Tuesday, January 13, 2015

TRUE IMAGES (330)

“ဒါလည်း ... မေးသင့်တဲ့ မေးခွန်း”

"ပျော်ရွှင်အောင် ဘယ်လိုနေမလဲ?"

"ပျော်ရွှင်အောင် ဘယ်လိုနေမလဲ?"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁။ မေ့သင့်တာကို မေ့ပစ်ပါ။
သင့်မှာကြေကွဲဖွယ်ရာ အတိတ်ရှိခဲ့မယ်ဆိုရင်
တတ်နိုင်သလောက်ပြန်မတွေးပါနဲ့။

၂။ ကြိုတွေးပြီး အစိုးရိမ်မလွန်ပါနှင့်။
မဖြစ်သေးတဲ့ ကိစ္စတခုအတွက်ကြိုတွေးပြီး
စိုးရိမ်စိတ် မလွန်ကဲပါနဲ့။

၃။ မိမိ တာဝန်ယူရတဲ့ အလုပ်ကိုတန်ဖိုးထားပါ။
ဒီနေ့ပြီးရမယ့်အလုပ်ကို နောက်နေ့မသယ်ပါနှင့်
အလုပ်ကြွေးမရှိလျှင် သင့်စိတ်တွေ
လွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်။

၎။ သူတပါးကို ကူညီပါ။
သူတပါးကို တတ်နိုင်သလောက်ကူညီပေးပါ။
အကျိုးတခုခုကို မျှော်လင့်ပြီး ကူညီတာမျိုးတော့
မဖြစ်ပါစေနှင့်။ သင် စေတနာ နဲ့ ကူညီလျှင် မေတ္တာ ရောင်ပြန်
ဟပ်ပါလိမ့်မယ်။

၅။ သေရေး ရှင်ရေး ကိစ္စမှလွဲ၍ အကြွေးမယူပါနှင့်။
အကြွေးရှိနေတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ
စိတ်ချမ်းသာမှုအပြည့်အဝ မရနိုင်ပါဘူး။

၆။ သင်ယူပါ၊ လေ့လာပါ၊ စူးစမ်းပါ။
ကိုယ့် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ စီးပွားရေး
လူမှုရေး ကိစ္စတွေကို လေ့လာစူးစမ်းပါ။

၇။ တယောက်နဲ့ တယောက်အပြန်အလှန် respect ထားပါ။
ဘယ်လောက်ပဲ ရင်းနှီးတဲ့သူဖြစ်ပါစေ
တယောက်နဲ့တယောက်ရိုသေမှုထားပါ။
ဒါဟာ မလိုလားအပ်တဲ့ လူမှုရေးပြသာနာတွေကို
လျော့ချပေးနိုင်ပါတယ်။

၈။ စိတ်ညစ်လျှင် ရင်ဖွင့်ပါ။
သင့်အရမ်း စိတ်ညစ် စိတ်ဓာတ်ကျလာရင် အရင်းနှီးဆုံး
သူငယ်ချင်း မိတ်ဆွေ တွေကိုပြောပြဆွေးနွေးပါ။

၉။ အိပ်ရေးဝအောင်အိပ်ပါ။
အိပ်ရေးမဝတဲ့သူဟာ ဘယ်လိုမှလန်းဆန်းတက်ကြွမှု မရှိနိုင်သလို
အလုပ်ကိုပါထိခိုက်နိုင်ပါတယ်

၁၀။ ကျန်းမာရေး လိုက်စားပါ။
နေ့စဉ်ပုံမှန် အားကစားလုပ်ပါ ဒါမှမဟုတ် လမ်းလျှောက်ပါ။

(Black Sheet)
credit to ..... winkabarkyaw

Monday, January 12, 2015

TRUE IMAGES (329)

“မေးသင့် မေးထိုက်တဲ့ မေးခွန်း”

“ဘယ်သူ့ကို ထင်လို့လဲ?”

“ဘယ်သူ့ကို ထင်လို့လဲ?”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်မြို့လည် လူစည်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။
အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။
“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊
ထိုင်နေတာလဲ ဘယ်လောက်တောင်ကြာနေပြီလဲ။
အလကားလူ၊ ကိုယ့်ဘာသာ ဘာကိုမှလဲ မဆုံးဖြတ်ဘူး။
နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ
အလကားကောင်တွေပဲ"

ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦး
ကပ်လာပြီး အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ"

“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ ဒရိုင်ဘာကိုပြောတာပေါ့´´

ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့လိုက်လာပြီး
အမောတကောမေးသည်။

“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ်ထင်လို့လဲဟင်"

(မေးလ်မှတဆင့် ...)
credit to .... yeyintnge

Sunday, January 11, 2015

TRUE IMAGES (328)

“ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါ တစ်ကောင်ထဲ ဆိုတာလို
ဖြစ်နေပြီလားကွယ်"

“အသွား အပြန်”

“အသွား အပြန်”
။။။။။။။။။။။။။။။။။။
“အာဏာရှင်စနစ်ကျင့်သုံးတာ မှန်ပါက
တော်လှန်ရေးလုပ်တာ မှန်ပါတယ်။”

"When Dictatorship Is A Fact,
Revolution Becomes A Right."
(Victor Hugo)
credit to .... brainyquote & Popular Journal

Saturday, January 10, 2015

TRUE IMAGES (327)

“ပြည်သူဆိုတာ
သူတို့ လက်ခုပ်ထဲက ရေ”

"ရေးချင်မိတဲ့ စာ(၇)"

"ရေးချင်မိတဲ့ စာ(၇)"

"တရားနဲ့ လား ... ဓားနဲ့ လား "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ အခုရက်ပိုင်း နိုင်ငံတကာ သတင်းတွေကို ဖတ်မိတိုင်း လူမဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တွေ့နေရပါတယ်။
ရက်ပေါင်း ၂၀ ကျော်လောက်သာရှိတဲ့ အချိန်အတွင်းမှာ အပြစ်မဲ့တဲ့
လူတွေ အများအပြား အသတ်ဖြတ်ခံသေဆုံးသွားတာတွေ့တော့
အရမ်းကိုဝမ်းနည်းမိပါတယ်။ ကျမဖတ်မိတဲ့ သတင်းတွေကို လက်လှမ်းမီသလောက် ပြန်ဖေါ်ပြပါ့မယ်။

- ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ နေ့က သြစတြေလျ နိုင်ငံ ဆစ်ဒနီ မြို့လယ်က
လင့်ကော်ဖီဆိုင်ကို အသက်၅၀ အရွယ်၊ အီရန်လူမျိုး Man Haron Monis
ဆိုသူကဓါးစာခံတွေကို ဖမ်းတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အပြစ်မဲ့တဲ့ဓါးစာခံ
၂ ဦး သေဆုံးခဲ့ရပါတယ်။

- ဒုတိယ သတင်းက နောက်တစ်နေ့ ဒီဇင်ဘာ ၁၆ နေ့ကပါ။
ပါကစ္စတန် နိုင်ငံ ပက်ရှ်ဝါ ဒေသမှာ စစ်တပ်ပိုင် တဲ့ကျောင်းကို တာလီဘန်တွေ
ဝင်တိုက်ခဲ့လို့ အပြစ်မဲ့ ကျောင်းသား ကလေးငယ် ၁၃၂ ဦးနဲ့ ပညာရေး ဝန်ထမ်း
၉ ဦး သေဆုံး ခဲ့ရပြန်ပါတယ်။

- အခုနောက်ဆုံး
ပြင်သစ် နိုင်ငံ ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်း ရုံးခန်းကို အခုလ ၇ ရက်နေ့က
ဝင်ရောက် ပစ်ခတ် လို့ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုသတင်းပါ။

@ အထက်က သတင်းတွေ အပြင် အရှေ့အလယ်ပိုင်းမှာ
- ISIS စစ်သွေးကြွ တွေက သူတို့ကိုလက်ထပ်ဖို့် ငြင်းဆန်ခဲ့တဲ့
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါ အပါအဝင် အမျိုးသမီးပေါင်း
၁၅ဝ ကိုသတ်ဖြတ်ခဲ့ တယ်ဆိုတဲ့သတင်း

- ISIS တွေထိန်းချုပ် ထားတဲ့ နယ်မြေတွေကနေ နေရပ် ပြန်ဖို့ ကြိုးပမ်းတဲ့
စစ်သွေးကြွ အဖွဲ့ဝင် ၂ဝဝ ခန့်ကို ကွပ်မျက် ခဲ့ တယ်ဆိုတဲ့ သတင်း

- အီရတ်အစိုးရ သတင်းပေး အဖြစ် စွပ်စွဲခံရတဲ့ အီရတ်ရဲတပ်ဖွဲ့ဝင် ၈ ဦးကို
IS အဖွဲ့က ကွပ်မျက် လိုက်တယ် ဆိုတဲ့သတင်းတွေပါ။

@ အဲ့ဒီ သတင်းတွေကိုဖတ်လိုက်ရတော့ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုမှစဉ်းစားမရအောင်ဖြစ်ခဲ့ရပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေ ကိုဖန်တီးနေသူတွေဟာ …
စိတ်သဘောထားနိမ့်ကျနေလို့လား?
ဒါမှမဟုတ် ....
စဉ်းစားဉာဏ် အဆင်ခြင်မဲ့တာလား?
ဒါမှမဟုတ် ....
“အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသား” မဟုတ်တဲ့ လူ ဖြစ်နေလို့လား?
ဒါမှမဟုတ် ....
………………………. ?????
ဆိုတဲ့ အတွေးပေါင်းများစွာ၊ “လား” ပေါင်းများစွာနဲ့စဉ်းစားမိပါတယ်။

@ အပြစ်မဲ့ သေဆုံးသွား သူတွေနဲ့ဆက်စပ်ပတ်သက်သူတစ်ယောက်နေရာ
ကနေ ကြည့်မယ်ဆိုရင်အတော့်ကိုခံပြင်း ဒေါသဖြစ်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေပါ။
မတရားတာကို လက်မခံတဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ အသိဉာဏ်ရှိတဲ့
လူသားတိုင်း ဒီအဖြစ်အပျက်တွေကို လက်သင့်ခံနိုင်မယ်လို့မထင်ပါ။

@ ဒါပေမယ့် ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀န်းကလက်သင့်ခံနိုင်မယ့် အရာတစ်ခု
ကိုတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုကနေတွေ့ရှိ
လိုက်ရပါတယ်။ အဲဒါကတော့ဆစ်ဒနီ မြို့လယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု့ မှာ
အပြစ်မဲ့ တဲ့ဓါးစာခံ ၂ ဦး သေဆုံးပြီးတဲ့နောက် ဝမ်းနည်းခြင်း အမှတ်တရ
ပန်းစည်းတွေ ချထားတာကို မှတ်တမ်းတင်ထားတဲ့ သတင်းဓါတ်ပုံလေးထဲက
ကဒ်ပြားလေးပေါ်မှာပါ။

@ အဲ့ဒီ ကဒ်ပြားလေးပေါ်မှာ ရေး ထားတဲ့ message လေးကတော့
ရိုးရိုး ရှင်းရှင်းလေးပါ။
"Those That Live By The Sword Shall Die By The Sword."
ဓား နဲ့ နေထိုင် အသက်ရှင်တဲ့သူတွေဟာ ဓား နဲ့ ပဲသေ ကြ ရမှာပါတဲ့။
ပေးထားတဲ့ message လေးဟာ ကလဲ့ စားချေမှာတွေ၊ ခြိမ်းခြောက် ကြုံး
ဝါးတာတွေ၊ ပဋိပက္ခ ဖန်တီးလိုတာတွေ လုံးဝမပါပဲ မကောင်းတာကို
လုပ်ရင် အဆုံးသတ်မှာ မကောင်းတဲ့ အရာပဲဖြစ်လာမှာ ဆိုတဲ့
သဘောကိုသာပေါ်လွင်စေတာမို့ ဓမ္မဓိဋ္ဌာန် ကျလှပါတယ်။
ဒီနေရာမှာ အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ဓား နဲ့ ပဲနေထိုင်
အသက်ရှင်ချင်သူ ဆိုတာ ယုံမှားသံသယရှိစရာမလိုပါ။
"ဓား နဲ့ ပဲနေထိုင်အသက်ရှင်ချင်တယ်ဆိုတဲ့ ဒီအကြမ်းဖက်သမားတွေဟာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လောက နိယာမအရ ဓားနဲ့ပဲသေရမှာ မလွဲပါ။"
ဆိုတာကိုတော့ ချဲ့တွေးမိပါတယ်။

@ မှန်ပါတယ်။
တစ်ဦးတစ်ယောက်သော သူဟာ
"ဓား နဲ့ နေထိုင် အသက်ရှင်လို့ ဓားနဲ့ ပဲ သေ ရမှာ" ဆိုရင်
ဆန့်ကျင်ဖက် အခြားတစ်ဖက်ကနေ ပြန်စဉ်းစားရင်
"တရား နဲ့ နေထိုင် အသက်ရှင် တဲ့သူဟာတရား နဲ့ ပဲ သေရမှာပါ"
လို့ ဆိုလိုရာရောက်ပါတယ်။

@ ဒီ message နှစ်ခုဟာ ပူလောင်ခြင်း နဲ့ ငြိမ်းအေးခြင်းဆိုတဲ့အဓိပ္ပါယ်
သီးခြားစီ သက်ရောက်နေတာမို့ ငြိမ်းအေးတဲ့ လူ့ဘောင်လောကကို ဖန်တီး တည်ဆောက် နေထိုင်ချင်တဲ့ ကျမတို့ တွေ
ဓား နဲ့ နေထိုင်အသက်ရှင်မှာလား?
တရား နဲ့ နေထိုင် အသက်ရှင်မှာလား? ဆိုတာ
ရွေးချယ်ဖို့ရာ ခက်လှမယ်မထင်ပါ။

(mhp)
credit to .... original news agencies

Friday, January 9, 2015

TRUE IMAGES (326)

“သူတို့ အကြောင်း
ငှက်တွေတောင် သိသွား ကြပြီ”

"နေတတ်အောင် ကြည့်နေ"

"နေတတ်အောင် ကြည့်နေ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“လောကထဲရောက်လာရင် လောကဓံနဲ့ဖက်ပြီး
ရန်မတွေ့ရဘူး၊
တွေ့နေရင် ကိုယ်က အမြဲရှုံးတယ်၊
လောကဓံဆိုတာ ကိုယ်ဖြစ်ချင်သလို
လိုက်ဖြစ်ပေးတာမှ မဟုတ်ဘဲ၊
သူဖြစ်ချင်သလို ဖြစ်နေတာ။

အဲဒါ ကိုယ်က သူနဲ့ အလိုက်အထိုက်နေတက်အောင်
ကျင့်ရတာပေါ့၊
တစ်ခါ တစ်ခါ လောကဓံဟာ
သည်းမခံနိုင်လောက်အောင်
မကျေနပ် စရာတွေနဲ့ တွေ့ကြုံရတာလဲ ရှိတတ်တယ်၊
ကျေနပ်စရာပဲ တွေ့တွေ့၊ မကျေနပ်စရာပဲ တွေ့တွေ့
ကိုယ်က နေတတ်အောင်ကြည့်နေရတယ်”

“မကျေနပ်ရင် ငုံ့ကြည့်လိုက် … ဆိုတော့ …
ကျေနပ် လွန်းနေရင် မော့ကြည့်လိုက်ရင်ကော
ဒီရောဂါသက်သာ မသွားလောက်ပေဘူးလား”

(မင်းကွန်တိပိဋက ဆရာတော်ကြီး)

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ၏
မထေရ်မြတ်တို့စကားဝိုင်း[၁] မှ ....
credit to .... ထေရဝါဒ ရနံ့

Thursday, January 8, 2015

TRUE IMAGES (325)

“ငါတို့က ဆရာလေ”

"ဘ၀ပြောင်းသွားသူများ"

"ဘ၀ပြောင်းသွားသူများ"
။။။။။။။။။။။။။။။။။။။။။။။။။။။။
@ သူတို့တွေ ...
ကြောက်စိတ်တွေကို ဘေးမှာချိတ်ထားပြီး
အမှန်တရားနောက်ကနေ
အရိပ်လိုကပ်လိုက်
တရားမျှတမှုအတွက်
ငြိမ်းချမ်းစွာတိုက်ကြတယ် ... ။

@ သူတို့တွေ ...
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ နှလုံးသားဒဏ်ရာတွေနဲ့
အတိုင်အဖောက်မညီတော့တဲ့
ဝင်သက်ထွက်သက်တွေကိုစာနာ
ရင်ခုန်သံတွေကို စိတ်ဓါတ်နဲ့
မာကျောစေကြတယ် ... ။

@ သူတို့တွေ ...
ခလုတ်ကန်သင်း ဆူးညှောင့်တွေခင်းတဲ့လမ်းမှာ
အပ်တိုတစ်ချောင်းမပါတဲ့
ခန္ဓာနဲ့ လမ်းလျှောက်
လူ့အခွင့်အရေးအတွက်
ရဲရင့်စွာထွန်းတောက်ကြတယ် ...။

@ သူတို့လို ...
သူရဲကောင်းတွေကိုရှေ့ထားပြီး
ငွေစက္ကူတစ်ရွက် နှစ်ရွက်အတွက်

ဒါမှမဟုတ် ...
ထမင်း တစ်နပ် နှစ်နပ်အတွက်

ဒါမှမဟုတ် ...
တစ်ဘ၀စာ
မက်လောက်စရာစွန့်ကြဲမှုတွေအတွက်

အရက်ခွက်တွေ
ပါးစပ်ထဲလောင်းထည့်
ခိုင်းတဲ့အတိုင်း
အစွမ်းကုန်ရိုင်းလိုက်မယ်ဆိုတဲ့သူတွေ

သေသေချာချာပြန်စဉ်းစား
ခင်ဗျားတို့ ....
ဘယ်ဘ၀ရောက်သွားသလဲဆိုတာ ... ။ ။

(NayPhoneLatt)
credit to .... ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်

Wednesday, January 7, 2015

TRUE IMAGES (324)

"ဓမ္မဓိဋ္ဌာန် ကျကျ ပြောတာ ဖြစ်ပါလိမ့်မယ် …"

“ငါဘာကောင်လဲ … မင်းသိလား?”

“ငါဘာကောင်လဲ … မင်းသိလား?”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နယူးယောက်မြို့လေဆိပ်မှာပါ။
ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။

ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကို
ပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။ သူမတဦးထဲမို့ ကောင်တာနောက်မှာ ရှုပ်ရှက်ခပ်အောင်လုပ်နေရတဲ့အချိန်
စိတ်ဆိုးမာန်ဆိုးနဲ့ခရီသည်တယောက်လူတွေကိုတိုးဝှေ့
ဖယ်ရှားပြီး ကောင်တာရှေ့ကိုရောက်လာတယ်။
ရောက်တာနဲ့လေယာဉ်လက်မှတ်ကို ကောင်တာပေါ်ခပ်ကြမ်းကြမ်းလေး
ရိုက်တင်လိုက်ပြီး
"ငါ-ဒီလေယာဉ်ကိုစီးမဲ့ ပထမတန်းကခရီးသည်"

အေးဂျင့် ...
"ဝမ်းနည်းပါတယ်ရှင်။ ကျမအရမ်းကူညီချင်ပါတယ်။
ဒါပေမဲ့ ဒီရှေ့ကခရီးသည်တွေကိုအရင်ဘိုကင်လုပ်ပေးရအုံးမယ်။
ပြီးရင် အသေအချာပဲရှင့်အလှည့်ရောက်မှာပါ။"

စိတ်ဆိုးမာန်ဆိုးခရီးသည်ကမကြေနပ်စွာနဲ့သူ့နောက်ကခရီးသည်တွေ
အကုန်ကြားရလောက်တဲ့လေသံမာနဲ့ ....
"ငါ-ဘာကောင်လဲ ဆိုတာ ... မင်းသိလား?"

အေးဂျင့်လည်း လုံးဝတုန့်ဆိုင်းမှုမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့သူမရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး
"ကျေးဇူးပြုပြီးအားလုံးနားထောင်ပေးပါ၊"

သူမရဲ့အသံ လေယာဉ်ကွင်းတခုလုံးမှာ ပြတ်သား၊ ကြည်လင်၊ ကျယ်လောင်စွာထွက်ပေါ်လာတယ်။
"ကျမတို့ရဲ့ဂိတ်အမှတ် ၁၄ မှာ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိပဲ ငါဘယ်သူလဲသိလားလို့မေးနေတဲ့ ခရီးသည်တယောက်ရောက်နေပါတယ်။ သူ့ကိုသိတဲ့သူများရှိခဲ့ရင် လာရောက်နာမည်ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။"

ခရီးသည်တွေအားလုံး ရီမောကုန်ကြတယ်။
အေးဂျင့်က ခပ်ပြုံးပြုံးလေးနဲ့ဆက်ပြီး (မိုက်ခရိုဖုန်းမပါ)

"ဝမ်းနည်းပါတယ်ရှင်။ နောက်ကတန်းစီပေးပါ။
ရှင့်အလှည့်ရောက်လာပါလိမ္မယ်။"

(Life isn't about how to survive the storm,
but how to dance in the rain.)

ဘကြီးသက်
credit to .... bagyithet

PS ....
"ငါ-ဘာကောင်လဲ ... မင်းသိလား?"
ဆိုတတ်သူများအတွက်ပါ။
ကိုယ့်ဟာကို သေသေချာချာလေ့လာထားနော် ... :-)
(mhp)

Tuesday, January 6, 2015

TRUE IMAGES (323)


"အာဏာ မရှိပေမယ့်”

"အာဏာ မရှိပေမယ့်”
။။။။။။။။။။။။။။။။။။။။။။။။။
“အမှန်တရားအပေါ်မှာ ရပ်တည် ရှင်သန်ပြီး
ကိုယ်လုပ်တဲ့ အလုပ်အပေါ် လိပ်ပြာသန့်နိုင်တယ် ဆိုရင်
အာဏာ မရှိတဲ့သူတွေ မှာလည်း စွမ်းအား ရှိတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ..... bbc burmese

PS .....
“ပြောတဲ့အတိုင်း လုပ်
လုပ်တဲ့အတိုင်း ပြောတဲ့ အမေစုပါ။

အမေ့ တစ်ဘ၀လုံးကို
ကျမတို့ ပြည်သူတွေ
စစ်အာဏာရှင်စနစ်ကလွတ်မြောက်ပြီး
ဒီမိုကရေစီရရှိရေးအတွက်
အမှန်တရားအပေါ်က ရပ်တည် ပေးခဲ့ပြီး
လိပ်ပြာ သန့်သန့် နဲ့ လုပ်ဆောင်ပေးခဲ့တာမို့
အမေဟာ .....
ပြည်သူ့အတွက်တော့ စွမ်းအားအရှိဆုံးလူပါ။”

(mhp)

Monday, January 5, 2015

TRUE IMAGES (322)

"အမေ"

"အဲဒါ အမေပေါ့"

"အဲဒါ အမေပေါ့"
။။။။။။။။။။။။။။။။။။

အင်ဒီးစ်တောင်တန်းဒေသတွင် စစ်မက်ဖြစ်ပွါးနေသော
လူမျိုးနွယ်စု နှစ်စုရှိသည်။
တစ်စုက မြေနိမ့်မှာနေသည်။
အခြားတစ်စုက တောင်မြင့်တွေပေါ်မှာနေသည်။ တစ်နေ့တွင် တောင်ပေါ်သားများက မြေနိမ့်သားများကို
ကျူးကျော်တိုက်ခိုက်ပြီး မိသားစုတစ်ခု၏
ကလေးတစ်ဦးကို တောင်ပေါ်သို့ဖမ်းဆီးခေါ်ဆောင်သွားကြသည်။


မြေနိမ့်သားများသည် တောင်ပေါ်မတက်တက်ကြပေ။
တောင်ပေါ်သားများသုံးသည့်လမ်းကိုလည်း မသိကြပေ။ မည်သို့ရှာရမည်ကိုလည်း ခြေရာမခံနိုင်ကြ။
သို့သော် အတော်ဆုံးတိုက်ခိုက်ရေးသမားများကို
တောင်ပေါ်သို့စေလွှတ်ပြီး ကလေးကို ပြန်ယူခိုင်းလိုက်သည်။

တိုက်ခိုက်ရေးသမားများသည် တောင်တက် နည်းမျိုးစုံကို
တစ်မျိုးပြီးတစ်မျိုးအသုံးပြုကာအတော်အားထုတ်ခဲ့ကြရာ ပေနှစ်ရာလောက်
သာတက်ရောက်နိုင်ခဲ့ကြသည်။

ထိုသို့ဖြင့် တောင်အောက်သို့ပြန်လည်ဆင်းရန် ပြင်ဆင်နေကြချိန်
တွင် ပြန်ပေးဆွဲခံရသော ကလေးအမေသည် တောင်ပေါ်မှဆင်းလာနေ
သည်ကိုတွေ့ရလေသည်။ကလေးအမေဆင်းလာသောလမ်းကြောင်းမှာ တိုက်ခိုက်ရေးသမားများ မသိသေးသော လမ်းကြောင်းမှဖြစ်လေသည်။

တိုက်ခိုက်ရေးအဖွဲ့ထဲမှတစ်ယောက်က -
“ ကျွန်တော်တို့တောင် ဒီတောင်ကြီးကို မတက်နိုင်ဘူးဗျာ၊
ရွာက အသန်မာဆုံးယောက်ျားကြီးတွေတောင် မတက်နိုင်တာ
ခင်ဗျားလို မိန်းမတစ်ယောက်က ဘယ်လိုများလုပ်ခဲ့တာပါလိမ့်”

ကလေး၏မိခင်က ပုခုံးတွန့်ပြီး ပြန်ဖြေလိုက်တယ်။
“ အဲဒါ ရှင်တို့ကလေးမှ မဟုတ်တာဘဲ ”

(အဲဒါ ... အမေ)

(Justin Sawnyeinoo)
****************************************
အမေ ...
ဖြူသူ၏ အမေ
မည်းသူ၏ အမေ
ပုသူ၏ အမေ
ရှည်သူ၏ အမေ
အဝေးက အမေ
အနီးက အမေ
အားလုံးရဲ့ အမေတွေ
ကျန်းမာပါစေ
ချမ်းသာပါစေ.....
ပူပင်သောကတွေ လွင့်စင်ပါစေ
ငြိမ်းအေးပါစေ......
(ရေးသားသူ အမည် ဖော်ပြမထားပါ။)

PS ....
အမေများနေ့နှင့် အတူ ......
ကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊
ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေလို့
ဆုတောင်းလိုက်ပါသည်။
(mhp)

credit to ..... zartikabar & အမေ.

Sunday, January 4, 2015

TRUE IMAGES (321)

“လွတ်လပ်ရေးရတာ (၆၇)နှစ်တောင် ကြာခဲ့ပြီဖြစ်ပေမယ့်
အခုထက်ထိ ဖျား နာနေဆဲပါ …
why ??? ”

"လွတ်လပ်ရေး ကျေ ညာစာတမ်း"

"လွတ်လပ်ရေး ကျေ ညာစာတမ်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၅။ ငါတို့နိုင်ငံတော်ကြီးသည်
"မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။
မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။
မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်
အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။"

အတိတ်ကာလက၎င်း၊
ယခုမျက်မှောက်တွင်၎င်း၊
နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌၎င်း
ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော
ကြီးငယ် ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့

ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ
ဖြစ်သည်ဟူသော
လူ့ဘာသာ၊ လူ့တရားနှင့်အညီ
"ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌
လူအပေါင်းတို့၏ သဘောဆန္ဒအရ
လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော
ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော"

မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော
မူလလူ့ဝါဒနှင့်လျော်စွာ
စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ်

"တူညီသောတရား၊
တူညီသောအခွင့်အရေး၊
တူညီသောအဆင့်အတန်းအားဖြင့်
ကမ္ဘာအရှည် တည်စိမ့်သောငှာ
လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊
သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော
မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။"

၆။ သိကြကုန်လော့။
ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍
ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို
ငါတို့ပြန်၍ ယူပြီ။

"တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက်
အခွင့်အရေး၊ အဆင့်အတန်း တူညီသည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။
ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို
ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။"

ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ
ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့်
ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်
ကျင့်ဆောင်မည်။

"ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ
တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား
စောင့်စည်းမည်။
ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ
ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍
ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။"

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး
တယောက်မကျန် ကြားသိစေသတည်း။

ပြန်လည် ရှာဖွေ ဖော်ပြသူ
(လွင်အောင်စိုး)

credit to .... lwinaungsoe

PS ....
ဤသည်တို့သည် .....
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကမ္ဘာသိ
ထုတ်ပြန် ကြေညာခဲ့သည့်
မြန်မာနိုင်ငံ၏ “လွတ်လပ်ရေး ကြေညာစာတမ်းမှ
ပဉ္စမနှင့်ဆဌမမြောက် အပိုဒ်များဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင်
အလွန်တန်ဖိုးထားအပ်သည့် ကြေညာစာတမ်းဖြစ်သည်နှင့် အညီ
ဤ “လွတ်လပ်ရေး ကြေညာစာတမ်းပါ အနှစ်သာရများကို
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အတူ နိုင်ငံသားအားလုံး
ရရှိ ခံစား - ကျင့်သုံး နိုင်ကြပါစေ။

(mhp)

*****************************************

"ကမ္ဘာမကြေ''
။။။။။။။။။။။။။။။။

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ၊ တို့မြေ.

များလူခပ်သိမ်း .... ငြိမ်းချမ်းစေဖို့.ခွင့်တူညီမျှ. ၀ါဒဖြူစင်တဲ့ပြည်

တို့ပြည်. တို့မြေပြည်ထောင်စုအမွေ အမြဲတည်တံ့စေ

အဓိဋ္ဌာန်ပြုပေ …. ထိန်းသိမ်းစို့လေ...."

"ကမ္ဘာမကြေမြန်မာပြည်တို့ဘိုးဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ"
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
(ဒါတို့ပြည်ဒါတို့မြေတို့ပိုင်တဲ့မြေ.. တို့ပြည်. တို့မြေ.
အကျိုးကို ညီညာစွာတို့တတွေထမ်းဆောင်ပါစို့လေ)…
တို့တာဝန်ပေ.အဖိုးတန်မြေ"

credit to ... youtube

Friday, January 2, 2015

TRUE IMAGES (320)

"လည်မျိုကို ကိုင်ထားမှတော့ ...
သူ့သဘောပေါ့ကွယ် ..."

“ကျက်သရေတံခါး အရင်ဖွင့်”

“ကျက်သရေတံခါး အရင်ဖွင့်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နံနက်လင်းလာရင် အိမ်တံခါးတွေမဖွင့်ခင်
ကျက်သရေတံခါးတွေ အရင်ဖွင့်ရမယ်။
ကျက်သရေတံခါးဆိုတာ ကိုယ့်နှလုံးသားထဲက
“စိတ်ကောင်းစိတ်မြတ်ကလေး” ကို ဆိုလိုတာပါ။

ဒါကြောင့် နံနက်လင်းလာရင်
အိမ်တံခါးတွေမဖွင့်ခင်နှလုံးသားထဲက
ကုသိုလ်တံခါးပေါက်ကလေးကို အရင်ဖွင့်ရမယ်။
ဘုရားရှိခိုးရမယ်။
ပန်း၊ရေချမ်း၊ဆီမီးတွေ လှူဒါန်းရမယ်။
မေတ္တာပို့ပြီး ၊ တရားပါရှုမှတ်ရမယ်။

(တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်)
credit to ..... Young Buddhist's Association