Monday, August 31, 2015

"ခေတ်အလိုက် စစ်ဗိုလ် လူတန်းစား"

"ခေတ်အလိုက် စစ်ဗိုလ် လူတန်းစား"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ခေတ်ကိုလိုက်ပြီး စစ်ဗိုလ် လူတန်းစားအမျိုးမျိုး
ပေါ်ထွက်လာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာ
အနစ်နာခံတဲ့ ပြည်ချစ်စစ်ဗိုလ်တွေ
ပေါ်ထွက်ခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းခေတ် ရောက်တော့
အဆောင်အယောင်နဲ့ အခွင့်ထူးမက်တဲ့
စစ်ဗိုလ်လူတန်းစား ပေါ်ပေါက်လာပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြီးစိုးတဲ့ခေတ်မှာ
ဒေါ်လာငွေ ကုဋေကဋာ ချမ်းသာတဲ့
စစ်ဗိုလ်လူတန်းစား ရှိလာပါတယ်။

နိုင်ငံရေးအာဏာနဲ့ မသမာငွေကြေးအရသာကို
စစ်ဗိုလ်တွေသိနေတာဟာလည်း
ဒီမိုကရေစီပြုပြင်ရေးကို
အဟန့်အတား ဖြစ်စေပါတယ်။

(ဦးအောင်ခင်, ကျော်ကျော်သိန်း)

ဆောင်းပါးရှင် "ဦးအောင်ခင်, ကျော်ကျော်သိန်း " ၏
"အကျိုးစီးပွားချင်း ကွဲပြားခြားနားမှု "  ဆောင်းပါးမှ

credit to ... VOA (မြန်မာပိုင်း)

Saturday, August 29, 2015

Friday, August 28, 2015

“ပခုံးပေါ်က ဟာတွေ”


“ပခုံးပေါ်က ဟာတွေ”
။။။။။။။။။။။။။။။။။။။။။။။။

ကိုရီးယားတိုက်ပွဲ၊ ဗီယက်နမ်တိုက်ပွဲများရှိသလို
မြန်မာပြည်တွင်လည်း တရုတ်ဖြူ (ကူမင်တန်တရုတ်)များနှင့်
တိုက်ပွဲတွေ ဖြစ်ပွားခဲ့သည်။

စစ်တွေဖြစ်လေလေ
စစ်ဗိုလ်ချုပ်တွေ တန်ခိုးထွားလေလေ ဖြစ်သည်။

ဒါကို အာဏာရှင်ဗိုလ်နေဝင်းက ကောင်းကောင်းသိသည်။

စစ်တပ်အာဏာ ထူထောင်ရေးတွင် သူပုန်များ သို့မဟုတ်
ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ
အရေးပါသည်။

အစည်းအဝေးတစ်ခုတွင် ရဲဘော်သုံးကျိပ်ဝင် အငယ်ဆုံး
ဗိုလ်မှူးချုပ်ကျော်ဇောက ပြောကြားသည်။

“ပြည်တွင်းသောင်းကျန်းသူတွေ
လက်နက်ကိုင်အဖွဲ့အစည်းတွေကို
ကျွန်တော်တို့
အပြီးအပြတ် ချေမှုန်းလိုက်ပါမယ်။ မကြာပါဘူး။
အမြစ်ပြတ်အောင် တိုက်ထုတ်ပါမယ်”တဲ့။

ဤတွင် ဦးနေဝင်းက
ဗိုလ်မှူးချုပ်ကျော်ဇောကိုပြောသည်။

“ကောင်လေး၊ ထိုင် ထိုင်၊ ဒီသောင်းကျန်းသူ
လက်နက်ကိုင်တွေမရှိရင် မင်းပခုံးပေါ်ကဟာတွေ
အကုန်လုံး ပြုတ်ကုန်မှာပေါ့”ဟူ၍။

(ဒေါက်တာ ခင်မောင်ညို)

ဆောင်းပါးရှင် "ဒေါက်တာ ခင်မောင်ညို" ၏
"မြန်မာပြည်အတွက် ဂုဏ်ယူပါသည်"  ဆောင်းပါးမှ

credit to ... Eleven Media Group

Thursday, August 27, 2015

TRUE IMAGES (451)

“အကြောက်ဆုံးသော စကားတစ်ခွန်း”

Wednesday, August 26, 2015

"ဘယ်လမ်းက သွားမလဲ?"

"ဘယ်လမ်းက သွားမလဲ?"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဘုရားရှင်က

“လေးသမားသည် မြားကိုဖြောင့်အောင်လုပ်ပြီးမှ
ပစ်သကဲ့သို့ -
ပညာရှိ ပုဂ္ဂိုလ်သည် မိမိစိတ်ကို ဖြောင့်အောင်လုပ်ပြီး
သုံးရမည်။"

ဟု မိန့်တော်မူသည်။

ကျေးဇူးတော်ရှင်
တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကလည်း

"ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်မည်၊
ကွေ့ကောက်သွားက ခရီးကြန့်ကြာမည်"

ဟု မိန့်ကြားခဲ့ပါသည်။

သို့ဆိုလျှင် -
အသင်ကော
ဘယ်လမ်းက သွားမလဲ?

credit to .... စိမ့်စမ်းပညာရေး

Tuesday, August 25, 2015

Monday, August 24, 2015

"ရှက်တတ်ကြမယ်ဆိုရင် ..."

"ရှက်တတ်ကြမယ်ဆိုရင် ..."
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  


သြဂုတ် ၁၂ ရက် ညပိုင်းက
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ဖြစ်ပွားခဲ့သော
ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး
၎င်း၏ သဘောထားအမြင်များကို ဦးလှဆွေက ပြောကြားစဉ် ထည့်သွင်းဖြေကြားခဲ့တာလေးတစ်ခုက ....

“အခုလို လုပ်လိုက်ခြင်းအားဖြင့်
ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်နဲ့ဟာ
တစ်ပေါင်းတည်း ဖြစ်သွားတယ်။
မဲပြားမသွားတော့ဘူး။
အဲဒီတော့ ဒါဟာ အရေးကြီးတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ကြံ့ခိုင်ရေးက
၂၆ ရာခိုင်နှုန်း ၀င်လာနိုင်ရင် တပ်မတော် ၂၅ နဲ့ ပေါင်း
၅၁ ရရင် အစိုးရဖွဲ့လို့ရပြီ။  ...........
ဒါကြောင့်မို့ ၂၀၁၅ မှာ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းပဲနိုင်ဦး
ကျွန်တော်တို့ဟာ အစိုးရဖွဲ့နိုင်ပြီ။
ဒါကြောင့်မို့ ကျွန်တော်ပြောတယ် မဟုတ်လား
NLD က သမ္မတဖြစ်ဖို့ ဒီတစ်သက်တော့ မလွယ်ပါဘူးလို့”

************************************

ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံ ဘုရားကွင်းမှာ
သြဂုတ်လ ၂၁ ရက်နေ့ပြုလုပ်တဲ့
ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးဟောပြောပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
ထည့်သွင်းပြောသွားတာက ....

“လွှတ်တော်ထဲမှာတပ်မတော်သားကိုယ်စားလှယ်
၂၅ ရာခိုင်နှုန်း ရှိပြီးသားဆိုတော့
ဒီလိုပြောတာဟာ ကြံ့ခိုင်ရေးပါတီ၂၆ရာခိုင်နှုန်းနိုင်လို့ရှိရင်
၂၅နှင့်၂၆ပေါင်းရင်၅၁။
၅၁ ဆိုတော့ … လွှတ်တော်ထဲမှာ အများစုရသွားမယ်၊
အဲ့ဒါကြောင့်မို့လို့ သူတို့အစိုးရ ဖွဲ့နိုင်မယ်လို့ပြောတာဟာ
ကျမကတော့ ပထမဆုံးအားဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေက
ဘယ်ပါတီကပဲဖြစ်ဖြစ်နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးတင် မဟုတ်ပါဘူး၊
ကျမတို့ အဖွဲ့ချုပ်ကပြောသည်ဖြစ်စေ၊ တခြားပါတီကဖြစ်စေ၊
ပြောတဲ့ပါတီဟာ တနည်းအားဖြင့်
ကျမတို့ရဲ့ တပ်မတော်ကို စော်ကားရာရောက်တယ်လို့
ကျမပြောပါရစေ၊
အဲ့လိုပြောတဲ့အဓိပ္ပါယ်ဟာ ဘယ်လိုအဓိပ္ပါယ်
ရောက်သွားလဲဆိုတော့ …
တပ်မတော်ဟာ ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်မတော် လို့
ပြောတဲ့အဓိပ္ပါယ်ရောက်လို့
စော်ကားရာရောက်တယ်လို့ ကျမပြောချင်ပါတယ်။"

*********************************

တပ်မတော်သားတို.၏ သစ္စာလေးချက် -
၁။ ငါတို.သည် နိုင်ငံတော်နှင့်နိုင်ငံသားတို.၏ သစ္စာကို
စောင့်သိရိုသေပါမည်။
၂။ ငါတို.သည် ကျဆုံးလေပြီးသောတပ်မတော်သားတို.၏
သစ္စာကိုစောင့်သိရိုသေပါမည်။
၃။ ငါ့အားအထက်မှပေးအပ်သောအမိန်.နှင့် တာဝန်များကို
ကျေပွန်စွာ ထမ်းဆောင်ပါမည်။
၎။ ငါ့နိုင်ငံတော်- ငါ့နိုင်ငံသား- ငါ့တပ်မတော်အတွက်
ငါ၏အသက်ကိုစွန်.လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏။

ဖတ်ဘူးတဲ့
အထက်ပါ တပ်မတော်သားတို.၏ သစ္စာလေးချက်ထဲမှာတော့
"ငါ့/ငါတို့ ပါတီ" ဟူသည့်အချက်ရှာမတွေ့ ....
သို့ဆိုလျှင် .......

credit to .... original news agencies

Sunday, August 23, 2015

TRUE IMAGES (449)

"ဘဘတို့ရဲ့ သံယောဇဉ်"

"ခဲယဉ်းတာက..."

"ခဲယဉ်းတာက..."
။။။။။။။။။။။။။။။။။။။။။


ကိုယ်ကျင့်တရားဆိုသည်မှာ
ရှုပ်ရှုပ်ထွေးထွေး  မဟုတ်။

မှားသလား - မှန်သလား?
သင့်သလား - မသင့်ဘူးလား?
ခွဲခြားသည့်ကိစ္စသည် ဘာမှမခဲယဉ်း။

ခဲယဉ်းသည်က
မှန်သည့်အတိုင်း သင့်သည့်အတိုင်း
တကယ်လက်တွေ့ ကျင့်သုံးဖို့  ဖြစ်သည်။

(မီးပြတိုက်)

credit to .... မီးပြတိုက်

Friday, August 21, 2015

Thursday, August 20, 2015

"သူခိုးဓားပြတဲ့လား"


"သူခိုးဓားပြတဲ့လား"
။။။။။။။။။။။။။။။။။။။။။။။


အစိုးရဆိုတာ
သူခိုးဓားပြလို မလုပ်ရဘူး
အကျိုး မျှမျှတတဖြစ်အောင်
သူ့အကျိုး ကိုယ့်အကျိုးကို ကြည့်ပြီး
မျှတမှုကို ကိုင်စွဲထားမှ
ခိုင်မြဲတဲ့
ပြည်သူ့အစိုးရဖြစ်မယ်။

ခုတော့ဗျာ ..
ကျုပ်တို့တိုင်းပြည်မှာ
သူခိုးဓားပြလို စိတ်ဓာတ်နဲ့ ၊
ဥပဒေမဲ့ လုပ်ချင်ရာလုပ်ပြီး
အုပ်ချုပ်နေတဲ့ လူတွေကို
အစိုးရလို့ခေါ်ရမှာလား ...
ရှင်းရှင်းပဲခေါ်ချင်တယ်
“သူခိုးဓားပြတို့ရေ” ... ။

အကျိုးမမျှတဲ့ လုပ်ရပ်တွေနဲ့
သူခိုးဓားပြတွေ
အုပ်ချုပ်ခြင်းကိုခံရတဲ့ ...

သူခိုးဓားပြလို
ဥပဒေမဲ့ လုပ်ရပ်တွေနဲ့
ဒုက္ခဆိုးတွေကို ခ၀ါချချင်နေတဲ့ ...

ကျုပ်တို့မြန်မာပြည်သူတွေကို
ကမ္ဘာက
ဒီအတိုင်းပဲ ကြည့်နေတော့မှာလား?
မ -ာက ဒီအတိုင်းပဲ
ရှိနေတော့မှာလား?

(စိန်သံလုံး)

credit to - Satesayyar

Tuesday, August 18, 2015

Sunday, August 16, 2015

"ဒီလိုဆို မတိုးတက်နိုင်ဘူး"


"ဒီလိုဆို မတိုးတက်နိုင်ဘူး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။


* မှန်တာပြောတာ မှန်တာလုပ်တာကို
သဘောမကျသူတွေ ရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အမှားကို အမှန်လို့ ထင်မြင်လာအောင်
လုပ်နေသူတွေရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အမှန်ကို အမှားလို့ထင်မြင်လာအောင်
လုပ်ဆောင်နေသူတွေရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အများတိုးတက်အောင်
မလုပ်ဆောင်နိုင်သူတွေ ရှိနေ
နေရာယူနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အများတိုးတက်အောင် လုပ်ဆောင်နိုင်သူတွေကို
နေရာမပေး
ထိုးချနေသူတွေရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အများတိုးတက်မယ့် လုပ်ငန်းလုပ်ရပ်ဆို
တားဆီးဟန်းတားကန့်ကွက်နေသူတွေ
ရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

* အများတိုးတက်ရေးဆို အလိုမရှိ
စေတနာမရှိ၊
ကိုယ်ကျိုးကြည့် ကိုယ်ကျိုးရှာသူတွေ
ရှိနေသမျှ ကာလပတ်လုံး
မတိုးတက်နိုင်ဘူး။

(nyeinnaing)

credit to - လူထဲကလူ

Friday, August 14, 2015

Thursday, August 13, 2015

Tuesday, August 11, 2015

"လူမှန် နေရာမှန်"

"လူမှန် နေရာမှန်"
။။။။။။။။။။။။။။။။။။။။

ကျွန်တော်တို့လူသားတွေရဲ့ သမိုင်းစဉ်ကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင်
လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ
လူသားတွေဟာ  အဖွဲ့အစည်းတွေအနေနဲ့
စုပေါင်း နေထိုင်လာတတ်ကြတယ်။

ဒီလို စုပေါင်းနေထိုင်လာကြတဲ့ အဖွဲ့အစည်းတွေမှာ
ဦးဆောင်ဦးရွက်ပြုသူနဲ့ အဖွဲ့အစည်းဝင် နောက်လိုက်တွေဆိုပြီး
ရှိလာပြန်ပါတယ်။

ပထမမှာတော့ ဦးဆောင်သူတွေကပဲ အရာရာကို
စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ စုပေါင်းဆွေးနွေးတိုင်ပင်ခြင်း၊
စုပေါင်းစဉ်းစားဆုံးဖြတ်ခြင်းနဲ့ စုပေါင်း လုပ်ဆောင်ခြင်းဆိုတာတွေကို
တိုးတက် လုပ်ဆောင်လာကြပါတယ်။

အရင်က ခေါင်းဆောင်တစ်ယောက်တည်းရဲ့ ဦးနှောက်နဲ့
ဆုံးဖြတ်လုပ်ကိုင်ရာကနေ အများရဲ့အတွေးအခေါ်တွေကိုပါ
စုပေါင်းအသုံးချလာနိုင်တဲ့အတွက်
အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် ဟာလည်း
တိုးတက်ကောင်းမွန်လာပါတယ်။

ခေတ်စနစ်တွေ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ
လူ့အဖွဲ့ အစည်းအတွင်းမှာ ယှဉ်ပြိုင်မှုတွေကလည်း
ပိုပိုပြီးများလာနေသလို စိန်ခေါ်မှုတွေကလည်း ကြီးထွားလာနေပါတယ်။
ဒီအတွက် လူ့အဖွဲ့အစည်း အသီးသီးမှာရှိကြတဲ့
ဦးဆောင် Leader နဲ့ သူ့ရဲ့ ဦးဆောင်မှု- Leadership၊
နောက်လိုက်တွေရဲ့ အရည်အသွေးနဲ့
အဖွဲ့အစည်းအတွင်း စုပေါင်းလုပ်ဆောင်ခြင်း- Teamwork ဆိုတာတွေဟာ
အင်မတန်မှ အရေးပါလာပါတယ်။

"တစ်ဗိုလ် တစ်မိန့်"

ကျွန်တော်က တော်လှန်ရေး ကောင်စီနဲ့အတူ
လူဖြစ်လာခဲ့တဲ့သူတစ်ဦးပါ။

ကျွန်တော်တို့ကြီးပြင်းလာခဲ့ရတဲ့ လူမှုပတ်ဝန်းကျင် တစ်ခုလုံးမှာ
ဦးဆောင်ဦးရွက်ပြုသူရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ
လိုက်ပါလုပ်ဆောင်ခဲ့ရပါတယ်။

မိသားစုထဲမှာ အဖေ့စကားကို ဘယ်သူမှ လွန်ဆန်လို့ မရတဲ့အတွက်
အဖေနဲ့ဆွေးနွေး ညှိနှိုင်းဖို့ဆိုတာကတော့ မလွယ်ရေးချမလွယ်ပါဘူး။

ဒီလိုပဲ စာသင်ခန်းမ ထဲရောက်ပြန်တော့လည်း
ဆရာ၊ဆရာမတို့ရဲ့ မျက်စောင်းနဲ့ လက်ဇောင်းကိုကြောက်ပြီး
ဘာမှမလှုပ်ရဲ။

လုပ်ငန်းခွင် ထဲရောက်ပြန်တော့ အထက်လူ မှားနေတာတောင် မှန်တဲ့ကိုယ်က ပြန်ကြောက်ခဲ့ရပြန်ပါတယ်။

ကြာလာတော့ ကျွန်တော်တို့တွေမှာ ဘာကိုမှ
မပြောရဲ၊ မဆိုရဲ၊ မဆုံးဖြတ်ရဲကြတော့ပဲ လူညံ့၊
လူကြောက်တွေ ဖြစ်ကုန်ပါတော့တယ်။

နောက်ဆုံးအကျိုးဆက် ကတော့
ကျွန်တော်တို့တွေမှာ အဖွဲ့အစည်းလိုက်
စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေ၊
အပြန်အလှန်မေးမြန်းဆွေးနွေးမှုတွေ
အရမ်း ကို အားနည်းလာတာကို တွေ့ရပါတယ်။

ဒါကြောင့် နောက်ဆုံး မဖြစ်မနေ
စုပေါင်းလုပ်ဆောင်ရမယ့် အခြေအနေမျိုးတွေ ကြုံလာရင်တောင်မှ
တကယ်ထိရောက်တဲ့ အကျိုးရလဒ် ကောင်းတွေကို
ရဖို့ဆိုတာမလွယ်ကူလှပါဘူး။

ဒါတွေ ဘာကြောင့်ဖြစ် ရတာလဲလို့ သုံးသပ်ကြည့်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းထဲမှာ
ဆွေးနွေးတိုင်ပင်တဲ့အလေ့အထအားနည်းတာရယ်၊
နောက်ပြီးလူတွေကို နေရာသတ်မှတ်တာ
လွဲမှားနေတာတွေကြောင့်လို့ဆိုနိုင်ပါတယ်။

"နေရာသတ်မှတ်ခြင်းနဲ့အကျိုးရလဒ်"

အဖွဲ့အစည်းနဲ့စုပေါင်း လုပ်ဆောင်ရတဲ့အခါ
အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့
အရည်အသွေး အစွမ်းအစတွေဟာ တစ်ဦးနဲ့ တစ်ဦး
မတူညီနိုင်တာကို သတိပြုဖို့လိုပါတယ်။

ဒီလိုကွဲပြားမှုတွေကြောင့်လည်း လူတွေကိုနေရာချထားမှုဟာ
အင်မတန်မှ အရေးကြီးပါတယ်။

@ လူကလည်း မမှန်တဲ့အပြင် ထားတဲ့နေရာကလည်း လွဲမှားနေမယ်။
The wrong person in the wrong place ဆိုရင်တော့
ဒီအဖွဲ့အစည်းဟာ ဘယ်တော့မှအောင်မြင်တိုးတက်မှာမဟုတ်ဘဲ
ဆုတ်ယုတ်မှု- Regression ပဲ ဖြစ်စေမှာ ဖြစ်ပါတယ်။

@ နောက်နေရာချထားပုံတစ်မျိုးကတော့
လူကလည်း လူကောင်း လူမှန်မဟုတ်ပါဘူး၊
ဒါပေမယ့် သင့်တော်တဲ့နေရာမျိုးမှာ မှားယွင်းပြီး နေရာချထားတာ
The wrong person in the right place  မျိုးပါ။
ဒီလိုနေရာချထား မိရင်တော့ ရလာ မယ့်အကျိုးရလဒ်ကတော့ စိတ်အနှောင့်အယှက်တွေဖြစ်ရပြီး
လုပ်ငန်းမှာ မပြေမလည် Frustration ဖြစ်စေပါ တယ်။

@ နောက်တစ်မျိုး ကတော့ လူကလည်း လူတော်ပါ၊
ဒါပေမယ့် သူ့ကိုနေရာပေးထားတာက သူနဲ့လိုက်ဖက်တဲ့နေရာမျိုး
မဟုတ်ပြန်ဘူး။
The right person in the wrong place  ဆိုရင်တော့လည်း
အဖွဲ့အစည်းအတွက် ရလဒ်ကောင်းကို မပေးစွမ်း နိုင်ပါဘူး။
ဒီလိုနေရချထားမှု မှားယွင်းတာကြောင့် အဖွဲ့အစည်းအတွင်းမှာ
ရှုပ်ထွေးမှု- Confusion ကို ဖြစ်ပေါ်စေပါတယ်။

@ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ
မကြာခဏသုံးစွဲနေကြတဲ့ အသုံးအနှုန်းတစ်ခုကတော့
လူမှန်နေရာမှန်- Thr right person in the right place  ဆိုတဲ့
အသုံးအနှုန်းပါပဲ။

လူကလည်းအရည်အချင်းရှိတယ်၊
တာဝန်ပေးထားတာကလည်း သူနဲ့ သင့်တော်တဲ့နေရာမျိုးဆိုရင်တော့ ဒါဟာလူမှန်နေရာမှန် ဖြစ်တာပါပဲ။

ဒီလိုမျိုး နေရာချထားတာ မှန်ပြီဆိုရင်တော့
ဒီအဖွဲ့အစည်းဟာ တိုးတက်အောင်မြင်မှု- Success ရမှာကတော့
အသေအချာပါပဲ။

ကျွန်တော်တို့ မြန်မာ့ လူ့ဘောင်အဖွဲအစည်းကြီး
နောက်ကျ ကျန်နေခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေဟာ
အခု ကျွန်တော်ရေးသားတင်ပြနေတဲ့
အဖွဲ့အစည်း လိုက်လုပ်ဆောင်မှု အားနည်းတာ၊
အဖွဲ့အစည်းနဲ့ လုပ်ကြပြန်တော့လည်း အချင်းချင်း
ဆွေးနွေးညှိနှိုင်းမှု အားနည်းတာ၊
ပွင့်လင်းမြင်သာမှု အားနည်းတာတွေဆိုတာ
ဘယ်သူမှ ငြင်း လို့ရမယ့်အချက်တွေ မဟုတ်ပါဘူး။

"အရှိန်အဟုန်နဲ့တိုးတက်ဖို့"

နောက်ဆုံးအနေနဲ့ ရေးသား တင်ပြချင်တာကတော့
ကျွန်တော်တို့ လူ့အဖွဲအစည်းကြီး အရှိန်အဟုန်နဲ့ တိုးတက်လာဖို့
ဘာတွေပြင်ဖို့လိုသလဲ ဆိုတာပါ။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ လူတစ်ဦးချင်းစီကသာ လူမှန်နေရာမှန်ရှိနေကြမယ်ဆိုရင်
အများပြည်သူအားလုံးဟာလည်း
လူမှန်နေရာမှန်- The right people in the right places မှာ
ရောက်ရှိလာ ကြမှာဖြစ်ပါတယ်။

ဒီအခါမှာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကြီးဟာ
သံစုံတီးဝိုင်းတစ်ခုပမာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာမှာမလွဲပါဘူး။

လူတိုင်းက ကိုယ်စီကျွမ်းကျင်ရာ အလုပ်မှာ
ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နိုင်ကြမယ်ဆိုရင်
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အောင်မြင်တိုးတက် မှုကလည်း
ဆပွား- Multiplication  အရှိန်အဟုန်ကို ရရှိလာစေမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အားလုံး
လူမှန်နေရာမှန် ဖြစ်ဖို့ အထူး ဂရုပြုကြရမှာ ဖြစ်ပါတယ်။

(စံဝင်းထွန်း)

credit to - Myanmar Market Journal

Monday, August 10, 2015

TRUE IMAGES (445)

“မိုးကျရွှေကိုယ်များ … သို့ ”

Sunday, August 9, 2015

“စေတနာ့ဝန်ထမ်းဟူသည်"

“စေတနာ့ဝန်ထမ်းဟူသည်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“စေတနာ့ဝန်ထမ်းများသည်
အခကြေးငွေ မရရှိခြင်းမှာ
တန်ဖိုးမရှိခြင်းကြောင့်မဟုတ်၊
တန်ဖိုးဖြတ်၍ မရသောကြောင့် ဖြစ်သည်။”

“Volunteers don't get paid,
not because they're worthless,
but because they're priceless.”

(Sherry Anderson)

credit to - goodreads &
Eleven Media Group (ဒေါက်တာ ဖြိုးသီဟ)

Saturday, August 8, 2015

"၈၈-ဆိုတာဒီလိုရှိတယ် ... ငါ့ညီ"


"၈၈-ဆိုတာဒီလိုရှိတယ် ... ငါ့ညီ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


၈၈- ဆိုတာ
မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး
အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့
အဝါရောင်ဒေါင်းရုပ် စတေကာလေးကိုပြောတာမဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
ဒီမိုကရေစီတိုက်ပွဲဝင်ရင်း
ကျခဲ့တဲ့ကျောင်းသားသွေးနဲ့ ကျန်ရစ်သူကျောင်းသားတွေ
ရင်ဘတ်မှာသေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်တွေပဲ။

၈၈- ဆိုတာ
ရာသီဥတုအခြေအနေ ကောင်းမှအခန့်သားထုတ်ဝတ်ရဲတဲ့ လည်ကတုံးအင်္ကျီဖြူဖြူကိုပြောတာမဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
မိုးပေါ်ထောင် မပစ်ပဲ လူအုပ်ကြားထဲတည့်တည့်ရွာချလာတဲ့ ကျည်ဆံမိုးတွေကြားထဲ သွေးသံတရဲရဲဖြစ်သွားဖူးတဲ့
နီရဲရဲ အင်္ကျီတွေပဲ။

၈၈- ဆိုတာ
လိုင်စင် ခွင့်ပြုချက်ရတော့မှ
ကိုယ့်နာမည် ကိုယ့်အဖွဲ့ရောင်းအားမြင့်အောင်
အော်ဟစ်ကြော်ငြာနေရတဲ့ လော်စပီကာက
ထွက်လာတဲ့ အသံမဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
စစ်အစိုးရက ပြည်သူတွေအမှန်ကို မသိနိုင် မကြားနိုင်အောင်
ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ် ဖုံးဖိအ မှောင် ချ ခဲ့တဲ့ကြားက
ယိုစိမ့်ထွက်လာတဲ့ ရဲရဲတောက် သွေးစွန်းအမည်နာမ တွေပဲ။

၈၈- ဆိုတာ
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ
ဖြစ်ခဲ့တာမဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က မင့်အိမ်ရှေ့လမ်းမထက်မှာ
အမှန်တကယ်ဖြစ်ခဲ့တာ ။

၈၈- ဆိုတာ
ဆင်သေကို ဆိတ်သရေနဲ့ဖုံး
သူခိုးကလူဟစ်ထား တဲ့
အစိုးရသတင်းဆောင်းပါးတွေထဲက စာသားတွေမဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
နိုင် ငံတကာမဂ္ဂဇင်း ဂျာနယ် တွေမှာ
အထင် အရှား အလေးထားဖေါ်ပြခံရတဲ့ သမိုင်းဓါတ်ပုံတွေပဲ။

၈၈- ဆိုတာ
ထုံးဖြူဖြူတွေအသုတ်ခံထားရတဲ့ အကောင်းပကတိ
နံရံဖွေးဖွေးကြီး မဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
ကျည်ဆံရာတွေ သွေးစင် ပေကျံရာတွေနဲ့
အတွင်းသားအုတ်ကွက်တွေကို မြင်နိုင်တဲ့
အတိတ်နံရံဟောင်းတစ်ချပ်ပဲ။

၈၈-ဆိုတာ
မနားတမ်းအက်ရှင် စိတ်ကူးယဉ်စစ် ရုပ်ရှင် ဇာတ်လမ်းတစ်ခု
မဟုတ်ဘူး
ငါ့ညီ။

၈၈- ဆိုတာ
ဘရင်း ကယ်ရီယာတွေ လုံထိန်းတွေ နံပါတ်တုတ်တွေ
ဒိုင်းတွေ မျက်ရည်ယိုဗုံးတွေ လက်ပစ်ဗုံးတွေ
ရိုင်ဖယ် သေနတ်တွေ မောင်းပြန်သေနတ်တွေ
ဘက်နက်တွေ အပြာရောင် အချုပ်ကားတွေ
သံဆူးကြိုးတွေ ဓါတ်ဆီဗုံးတွေ ဂျင် ဂလိတွေ
ဓါးရှည်တွေ ဝါးချွန်တွေ လှံတွေနဲ့
လူထောင် ချီသေသွားတဲ့ ဒီနိုင် ငံရဲ့ ဖြစ်ရပ်မှန်
တိုက်ပွဲတွေပဲ။

(မောင်ယုပိုင် ရဲ့စာသားကို မူရင်းအတိုင်းမျှဝေသည်။)

credit to .... Shwe Kyar via  လူဗိုလ်ဟူသည်

PS ...

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ
တိုင်းပြည်အတွက် ဘ၀စွန့် ပြီးလုပ်ခဲ့တဲ့ သူတွေ

ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့်သွားခဲ့ရတဲ့ 
အမည်မသိသူရဲကောင်းတွေအားလုံးကို
ဂုဏ်ပြုလိုက်ရပါ၏။

(mhp)

Friday, August 7, 2015

"ပုံသွင်း ခံရခြင်း"


"ပုံသွင်း ခံရခြင်း"
။။။။။။။။။။။။။။။။။။။


အဖေ့ စာကြည့်စားပွဲ ပေါ်မှာ အချိုရည် ပုလင်း အရွယ်
ပုလင်းလေး တစ်လုံးတွေ့လိုက်တယ် ။
ပုလင်း မှာ ထွေထွေထူးထူး ထူးခြား နေခြင်းမဟုတ်၊
ထူးခြားနေတာက ပုလင်းထဲက လိမ္မော်သီး ။

ဒီ ပမာဏရှိတဲ့ လိမ္မော်သီးကို သူ့ အဖေ
ဒီ ပုလင်းသေးထဲ ဘယ်လိုထည့်လိုက်တာလဲ ?

သူ အဖြေမရတော့ သူ့ အဖေကို လေးလေးနက်နက်
သွားမေးတယ် ။

အဖေ ဒီပုလင်း သေးသေး ထဲ ဒီလိမ္မော်သီး အကြီး
ဘယ်လိုထည့်လိုက်တာလဲ ?

အဖေက သူ့သားငယ်ရဲ့ ပခုံးကို ဖက်ပြီး
အိမ်ရှေ့ကို ခေါ်လာတယ် ။

အိမ်ရှေ့ရောက်တော့ ပုလင်း အလွတ် တစ်လုံးကို ယူတယ် ။
မြေသြဇာဖြင့် ပုလင်းကို လိမ္မော်စေ့ပါတဲ့ အကိုင်းနဲ့ တွဲချည်ပြီး
လိမ္မော်စေ့ကို ပုလင်းထဲထည့်ပြီး ကာလ အတန်ကြာ
စောင့်ကြည့်စေတယ် ။

ဒီလိုနဲ့ အချိန် တခုရောက်လာတော့ လိမ္မော်သီး အရွယ်အစား
တရွေ့ရွေ့ကြီးလာလေတယ် ။

လျှို့ဝှက်ချက်ကို သိသွားတဲ့ အခါ သားတော်မောင်လည်း
အထူးတဆန်း ဖြစ်မနေတော့ပါ ။

သင့်တော်တဲ့ ကာလ တခုရောက်တော့
အဖေက သူ့သားကို

"သားရေ အခုနေ ဒီလိမ္မော်သီးကို ပုလင်းထဲက
သားထုတ်ချင်ရင် ပုလင်းကို ခွဲမှပဲ ရတော့မယ်" ... တဲ့ ။

*******

ငယ်ရွယ်စဉ်မှာ ပုံသွင်း ခံလိုက်ရတဲ့ ခလေးတွေရဲ့
ဘ၀ ကလည်း ထိုနည်းတူစွာပဲ ။
ငယ်ရွယ်နုပျိုစဉ်မှာ ပုံသွင်းခံရလိုက်တဲ့ အခါ
အကောင်းအတိုင်း ပြန်ရဖို့အတွက်
ပေးဆပ်ရမယ့် အရင်းအနှီးက
ကြီးမား လှပါတယ်။

ယနေ့ခေတ်အခါမှာတော့
ပုံသွင်းခံထားရတဲ့ လူကြီးတွေကိုပါ မြင်နေရပါတယ်။
မိမိတို့ကိုယ်တိုင်လည်း ပေးဆပ်ရမယ့် အရင်းအနှီးတွေ
မကြီးမားစေဖို့အတွက်
ပုံသွင်းခံထားရသလားဆိုတာကို မေးခွန်းထုတ်
ဆင်ခြင်ကြဖို့ အချိန်တန်ပါပြီ။

(အတွေး)

credit to .... အတွေး

PS ...

စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

Wednesday, August 5, 2015

"သို့ .. ဒေါ်အောင်ဆန်းစုကြည်၊ မှ .. မင်းဒင်"

"သို့ .. ဒေါ်အောင်ဆန်းစုကြည်၊ မှ .. မင်းဒင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၁)
အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။
ဂါရဝတရား ရှေ့ထားလျက် စာရေးသား ပေးပို့အပ်ပါသည်။
ကျွန်တော်သည် ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် နေထိုင်လျက်
စာတိုပေစများရေးသားနေသူ ဖြစ်ပါသည်။
ကျွန်တော်သည် မည်သည့်ပါတီသို့မျှ ဝင်ရောက်ထားသူ မဟုတ်ဘဲ
သာမန်ပြည်သူတစ်ဦး အနေနှင့် အစ်မကြီးအား ယုံကြည်ချစ်ခင် လေးစားနေသူမျှသာ ဖြစ်ပါသည်။
ထိုသို့ယုံကြည်လေးစားရခြင်းမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှုကြောင့်
မဟုတ်ဘဲ အစ်မကြီးအနေနှင့် လူအများအပေါ် ထားရှိသည့်
ကြီးမားနက်ရှိုင်းလှသောစိတ်ရင်း စေတနာနှင့်
လူတကာ မယှဉ်သာသည့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကြောင့် ဖြစ်ပါသည်။

ယခု ဤစာကို ရေးသားပေးပို့ရခြင်းမှာ အဖွဲ့ချုပ် (၂၀၁၅) ရွေးကောက်ပွဲ လျာထားကိုယ်စားလှယ်များ စာရင်း ထုတ်ပြန်ကြေညာချက်တွင်
ဒေါက်တာ ဒေါ်ညိုညိုသင်း၊
၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဒေါက်တာသိန်းလွင် အပါအဝင် အများပြည်သူ
ယုံကြည်လေးစားသော စွန့်လွှတ် အနစ်နာခံမှု အစဉ်အလာကြီးမားသည့်
ပုဂ္ဂိုလ်တချို့ မပါဝင်ကြောင်း အဖွဲ့ချုပ်၏ တရားဝင်ထုတ်ပြန်သော
သတင်းများအရ သိရှိရသောကြောင့် ဖြစ်ပါသည်။

(၂)
ထိုသို့ သတင်း ထုတ်ပြန်ချက်ကြောင့် အဖွဲ့ချုပ်အား
အလေးအနက် ထောက်ခံယုံကြည်ကြသော ကျွန်တော်အပါအဝင်
ပြည်သူအများစုမှာ မှင်တက် အံ့အားသင့်ခြင်း၊ တွေဝေခြင်းကြီးစွာ
ဖြစ်ကြရပါသည်။ ခံစား ချက်ကို မမျိုသိပ်နိုင်သူများ အနေနှင့်လည်း
အဖွဲ့ချုပ်အပေါ် မကျေနပ်ခြင်း၊ ပြင်းထန်စွာ ရေရွတ်ပေါက်ကွဲ ဝေဖန်ခြင်း၊
အဖွဲ့ချုပ်ဝင်များ ကိုယ်တိုင်ပင် မြို့နယ်လုံးကျွတ်ပါတီဝင်
အဖြစ်မှ နုတ်ထွက်မည် စသည်ဖြင့်
မလိုလားအပ်သော နောက်ဆက်တွဲဖြစ်ရပ်များ နေရာအတော်များများမှ
ထွက်ပေါ်လာ ခဲ့ပါသည်။

အဆိုးရွားဆုံးမှာ အဖွဲ့ချုပ်ကို ဝန်းရံခဲ့သော ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အဖွဲ့ချုပ်တို့အကြား ရင်ကြားစေ့၍ မရနိုင်အောင် သဘောထား
ကွဲလွဲနေကြပြီဟူသော သတင်းစကား ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်အနေနှင့်မူ အစ်မကြီး၏ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလခေတ် ရွေးကောက်ပွဲမိန့်ခွန်းကို ပြန်ပြောင်းဆင်ခြင်သတိရလျက် အကောင်းဘက်မှသာ ရှုမြင် နားလည်ခဲ့ပါသည်။

“ခင်ဗျားတို့ဒေသကို ရွေးချယ်ခံဖို့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းကို
ခင်ဗျားတို့ ကြိုက်ချင်မှကြိုက်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မို့
လူရွေးမှားတာ ပါကောင်းပါမယ်။ အရေးကြီးတာက ဖဆပလ အနိုင်ရ ဖို့
လိုတယ်။ ဖဆပလထက် တိုင်းပြည်ကို ပိုလုပ်ပေးတဲ့ အဖွဲ့အစည်းမရှိဘူး။
ဒီတော့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ကို ခင်ဗျားတို့မကြိုက်လည်း
ဖဆပလ အဖွဲ့ချုပ်မျက်နှာကို ထောက်ပြီး မဲထည့်လိုက်ပါ”
(ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်ချုပ် မိန့်မှာဘိသကဲ့သို့ ယခုကာလသမယ သည်လည်း ဖဆပလခေတ်
နည်းတူ တိုင်းပြည်ရှေ့ရေး အလှည့်အပြောင်း အတွက် အမှားမခံ၊
ညီညွတ်ရေး မပြိုကွဲသင့်သောအချိန် ဖြစ်လေရာ ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်းသည် အမှားအယွင်း အားနည်းချက်တချို့ ပါရှိနိုင်သည်၊
နားလည်ခွင့်လွှတ်ကြရမည် ကိုလည်း ပြည်သူအများစု အနေနှင့် ကောင်းစွာ
သိရှိ သဘောပေါက်ကြပါသည်။

(၃)
ကျွန်တော်အပါအဝင် ကိုးဆယ်ရာခိုင်နှုန်းကျော် မျှသော မြန်မာ ပြည်သူလူထုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အနစ်နာခံ စွန့်လွှတ်မှုနှင့် အစ်မကြီး၏
သူမတူသော စွမ်းဆောင်ရည်ကို အလေးအနက်ယုံကြည် ကြသူများဖြစ်ရာ အထက်ရည်ညွန်းပါ ကိစ္စရပ်အား သွေးရိုးသားရိုးသဘော ဟုသာ မှတ်ယူ ယုံကြည်ခဲ့ပါသည်။

သို့သော် အထိုက်အလျောက် ဘဝအတွေ့အကြုံ စုံခဲ့သော ကျွန်တော့် အနေနှင့် ခိုင်လုံသည်ဟု ယုံကြည်လောက်သည့် အဖွဲ့ချုပ်ကြီး၏ အတွင်းပိုင်းကျကျ
သတင်းများအရ လည်းကောင်း၊
တောင်ဥက္ကလာ၊ ဗဟန်း အပါအဝင် မြို့နယ်အချို့၏ အလုပ်အမှုဆောင်
အဖွဲ့ အစည်းအဝေး မှတ်တမ်းများ အရ လည်းကောင်း၊
အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော ကိုယ်စားလှယ်စာရင်း လွဲချော်မှုသည် သွေးရိုးသားရိုး မဟုတ်ကြောင်း သံသယဖြစ်ဖွယ် ရှိနေပါသည်။

အစ်မကြီးနှင့် အလွန်နီးစပ်သော ပုဂ္ဂိုလ်တချို့ အနေနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး တတ်သိပညာရှင်များ၏ သဘောဆန္ဒကို ကျော်လွန်လျက် ထင်ရာ စိုင်းခဲ့ကြသည်ဟု
ထင်ကြေးပေးလျက် ရှိပါသည်။

အဆိုပါ ထင်ကြေးသည် အမှန်တရားနှင့် အလွန်နီးစပ်နေဟန်
ရှိကြောင်းကိုလည်း အလေးအနက် ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံသည် ခေတ်ဆိုးစနစ်ဆိုးကို ဖန်တီးခဲ့ကြသော
ကိုယ်ကျိုးရှာသမား တို့ကြောင့် ခရုဆန်ကျွတ် ဘဝဖြင့် နှစ်ပရိစ္ဆေဒများစွာ လူမှုဒုက္ခမျိုးစုံကို ကျောကော့နေအောင် ခံစားနေခဲ့ကြရရာမှ ယခုကဲ့သို့ ဒီမိုကရေစီ ခေတ်ဦးဆီသို့ မှုန်ပျပျ မြင်လာရချိန်တွင် အဖွဲ့ချုပ်သည်လည်းကောင်း၊ အစ်မကြီးသည် လည်းကောင်း၊ တစ်တိုင်းပြည်လုံး၏ တာဏံ၊ လေဏံ
မှီခိုလဲလျောင်း ပုန်းအောင်းရာဟူ၍ ပြည်သူအများမှ
ယုံကြည်ကိုးစားကြ သည်ဖြစ်ရာ အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ် အတွက် အစ်မကြီးအား အောက်ပါအတိုင်း လေးစားစွာ အကြံပြုလိုပါသည်။

(၄)
(က) အဆိုပါ ရွေးချယ်ထုတ်ပြန်မှုသည် ပြည့်စုံ လုံလောက်သော ဆင်ခြင်တုံတရား အပေါ်တွင် အခြေခံခြင်းရှိ မရှိ၊ အစ်မကြီးကိုယ်တိုင် နာရီပိုင်းမျှ အချိန်ပေး စိစစ်စေလိုပါသည်။

(ခ) အကယ်၍ မှန်ကန်သည်ဆိုပါက မည်သည့်အကြောင်း တို့ကြောင့် ယင်းသို့ ထုတ်ပြန်ရကြောင်း၊ ပြည်သူလူထုသို့ အစ်မကြီးကိုယ်တိုင် တစ်ခွန်းတစ်ပါဒ ဖွင့်ဟအသိပေး နှစ်သိမ့် ကျေအေးစေလိုပါသည်။

(ဂ) အကယ်၍ ပုဂ္ဂိုလ်ရေးတင်းမာမှု၊ မကျေနပ်မှု၊ မရိုးသားမှု၊ လုပ်ပိုင်ခွင့်လွန်ဆွဲမှု၊ ပါဝါအာဏာပြမှု များကြောင့် ဖြစ်ပေါ်ခဲ့သည်ဆိုပါက အဆိုပါအမှားကို
အစ်မကြီးအနေနှင့် အကောင်းဆုံး ကုစားမှုတစ်ခုခု အလျင်အမြန် ဆောင်ရွက်ပေးစေလိုပါသည်။ သို့တည်းမဟုတ် ထိုသို့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကိုယ်တိုင် ကတိပြုစေလိုပါသည်။
ဆိုလိုသည်မှာ ကိုယ်စားလှယ်လောင်းစာရင်းတွင် မကျန်ရစ်သင့်ဘဲ ကျန်နေခဲ့သော ပုဂ္ဂိုလ်များ ပါဝင်လာနိုင်မည့် ပိုမိုကောင်းမွန်သော ရှေ့နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို မြင်သာအောင် ဖော်ပြကြေညာပေးရန် ဖြစ်ပါသည်။

(၅)
‘တိုက်ပွဲကာလမှာ တိုက်ရည်ခိုက်ရည် ရှိတဲ့သူတွေ လိုအပ်တယ်။ ပြန်လည် တည်ဆောက်ရေးကာလ ရောက်ရင်တော့ တတ်သိ ပညာရှင်တွေ လိုအပ်တယ်။ သစ်ပင်ခုတ်တဲ့အခါ သစ်ခုတ်သမားက ခုတ်ရပေမယ့် အဲဒီသစ်ကို ပန်းပုထုတဲ့ အခါမှာတော့ သစ်ခုတ်သမား ထုလို့ မရတော့ပါဘူး။ ပန်းပုဆရာနဲ့ပဲ ထုရမှာပါ’

အထက်ပါစကားရပ်မှာ အစ်မကြီး ပြောကြားဖူးသော မိန့်ခွန်းတစ်ခုမှ ကောက်နုတ်ချက်ဖြစ်ပါသည်။ အငြင်းပွားရန်မရှိပါ။
သို့သော်...။
ရည်ညွန်းပါဖြစ်ရပ်မှာ တိုက်ရည်ခိုက်ရည်နှင့် တတ်သိပညာရှင် များပါ
တစ်ပြိုင်တည်း အပူတပြင်း လိုအပ်နေချိန်တွင်
သစ်ခုတ်သမားရော၊ ပန်းပုဆရာတို့ကပါ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် ကိုယ်တိုင် ဆန္ဒပြု ပါဝင်ကြပါလျက် မယုံကြည်ဖွယ်ရာ
အဖယ်အကြဉ် ခံကြရသကဲ့သို့ ရှိနေပါသည်။

သို့သော် စနစ်ဆိုးကို အချိန်တိုတိုအတွင်း တွန်းလှန်ဖြိုဖျက်နိုင်ရေး အတွက် တောင်ပြိုကမ်းပြို အနိုင်ရဖို့ လိုပါသည်။ တိုက်ရည်ခိုက်ရည် အပြင် နှလုံးရည်ပြည့်ဝသော ဒေါင်ဒေါင်မြည် ကိုယ်စားလှယ်များ ဖြစ်ပါမှ
အဖွဲ့ချုပ်အနေနှင့် ခိုင်မာသည့် အစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ကာ
အဘက်ဘက်မှ ချွတ်ခြုံကျနေသော တိုင်းပြည်ကို အမြန်ဆုံး
အဖတ်ဆယ်နိုင်ပါလိမ့်မည်။

နိဂုံးချုပ်အနေနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်အရွယ်နှင့် မမျှ
ပင်ပန်းခြင်းကြီးစွာ အချိန်ပြည့် ရုန်းကန် ပူပန်နေရသော အစ်မကြီး၏ နေ့စဉ်ဘဝကို ကျွန်တော်ကောင်းစွာ စာနာနားလည်ပါသည်။ ကျွန်တော်၏စာတွင် အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါကလည်း မေတ္တာတရား ဖြင့် ခွင့်လွှတ်ပါ မည့်အကြောင်း တောင်းပန်စကား ဆိုအပ်ပါသည်။

ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ၏။

ဂါရဝတရားဖြင့်၊
လေးစားမှု များစွာဖြင့်၊
မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း၊
(၂၀၁၅) သြဂုတ်လ (၃) ရက်။

credit to ...  The Voice Weekly

PS ....

ဆရာမင်းဒင်ရဲ့ ဆောင်းပါးထဲမှာ စဉ်းစားစရာတွေ အပြည့်ပါလို့
အစအဆုံး တင်ပေးခဲ့သော်လည်း
အဘက်ဘက်က ချို့ယွင်းနေတဲ့ ကျမတို့ တိုင်းပြည်ကို
လူထုခေါင်းဆောင် အမေစုလက်ထဲ ၀ကွက်အပ်နိုင်ဖို့အတွက်

မည်သို့ပင်ဖြစ်လာလာ ကျမတို့ ပြည်သူအားလုံး
ဗိုလ်ချုပ်ရဲ့
“ခင်ဗျားတို့ဒေသကို ရွေးချယ်ခံဖို့ လွှတ်လိုက်တဲ့
ကိုယ်စားလှယ်လောင်းကို
ခင်ဗျားတို့ ကြိုက်ချင်မှကြိုက်မယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မို့
လူရွေးမှားတာ ပါကောင်းပါမယ်။
အရေးကြီးတာက ဖဆပလ အနိုင်ရဖို့လိုတယ်။
ဖဆပလထက် တိုင်းပြည်ကို ပိုလုပ်ပေးတဲ့ အဖွဲ့အစည်းမရှိဘူး။
ဒီတော့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ကို ခင်ဗျားတို့မကြိုက်လည်း
ဖဆပလ အဖွဲ့ချုပ်မျက်နှာကို ထောက်ပြီး မဲထည့်လိုက်ပါ” ဆိုတဲ့

စကားကို နှလုံးသွင်းရင်း
ကျမတို့ ရင်ထဲကမဲသည်
ဆိုင်ရာလူပုဂ္ဂိုလ် တစ်ဦးချင်းဆိုသည်ထက်
အမေစုရဲ့ NLD ပါတီအတွက်လို့ ခံယူထားရအောင်ပါ။

(mhp)

Tuesday, August 4, 2015

TRUE IMAGES (440)

"ခေါက်ရိုး ကျိုးသွားလေသောအခါ ... "

Saturday, August 1, 2015