Wednesday, September 3, 2014

"သူရဲကောင်းကြီးတဲ့"


 
"သူရဲကောင်းကြီးတဲ့"
။။။။။။။။။။။။။။။။။။။။။။။။။

လွန်ခဲ့သော သုံးလေးလခန့်က ဖြစ်ပါသည်။
ကျွန်တော်နေသည် က စမ်းချောင်း။ ရန်ကုန်မြို့တွင်းက
ဘတ်စ်ကား စီးပြီး ပြန်လာခဲ့သည်။ မိုးကလည်း ခပ်ဖွဲဖွဲ
ရွာနေသည်။

ဘတ်စ်ကားပေါ် တက်လိုက်တော့ ထိုင်ခုံနေရာလွတ်မရှိ။
သို့သော် ကိစ္စမရှိ။ ဒီလိုပဲ သွားနေကျ လာနေကျ ဖြစ်သည်။
မကြာမီပင် ကျွန်တော့်အနီးက အမျိုးသမီးတစ်ယောက် ဆင်းရန်
ထလိုက်သည်။ ကျွန်တော်လည်း ထိုနေရာကို အသာ ပင်
ဝင်ထိုင်လိုက်ပါသည်။

ခဏလောက် ရှိတော့ နောက်ခုံတန်းတွင် ထိုင်နေသူက
ကျွန်တော့်ပခုံးကို လက်နှင့် အသာတို့လိုက် ပါသည်။
လှည့်ကြည့်လိုက်တော့ဆယ့်သုံးလေးနှစ်ခန့်မိန်းကလေး
တစ်ယောက်ဖြစ်နေသည်။ သူက-

“ဘဘ သမီးက ရှေ့နှစ်မှတ်တိုင် လောက်ဆိုရင် ဆင်းတော့မှာ။
သမီးနေရာကို လာပြီးထိုင်ပါ။ ဘဘထိုင်ခုံနေရာက မိုးယိုနေတယ်”
သူက ပြောရင်းဆိုရင်းပင် ထိုင်ရာကထပြီး နေရာပေးလိုက်ပါသည်။

ကျွန်တော်ကလည်း ရှေ့ခုံက နောက်ခုံသို့ ပြောင်းပြီးနေရာယူ
လိုက်ပါသည်။ သူကိုကြည့်လိုက်တော့ ခုနှစ်တန်း ရှစ်တန်း
အရွယ်လေး ဖြစ်သည်။ ကျောင်းသို့မဟုတ် ကျုရှင်သွားမလို့ထင်
သည်။ ကျောပိုးအိတ် ကလေးလည်း ပါသည်။

“ကျေးဇူးတင်တယ်နော် သမီးလေး”
“ရပါတယ် ဘဘ”

နောက်မှတ်တိုင် ရောက်တော့ သူဆင်းသွားသည်။ ကျွန်တော့်ဘက်ကို
လှည့်လို့မျှပင် ကြည့်ဖော်မရတော့။ သူ့တာဝန်ပြီးဆုံး သွားပြီဟု
သဘောထား လိုက်ပုံရသည်။ သူဆင်းသွားတော့မှ ကျွန်တော်၏
တက္ကသိုလ်ကျောင်းသား ဘ၀ကို ပြန်လည်သတိရမိသည်။

ထိုစဉ်အခါက တက္ကသိုလ်နှင့် သိမ်ကြီးဈေး ကို အသွားအပြန် ဆွဲသော
ဘတ်စ်ကားလိုင်းကို “နဂါးလိုင်း” ဟုခေါ်သည်။
ဘတ်စ်ကားအမိုးတွင် နဂါး တံဆိပ်ကို ထောင်ထားသောကြောင့်ဖြစ်
သည်။ ယခုခေတ်ကဲ့သို့ လိုင်းနံပါတ်တွေမရှိသေး။
အရုပ်တွေနှင့် သင်္ကေတပြုထားလေ့ရှိသည်။
ကျွန်တော်တို့ နဂါးကားလိုင်းက ဘတ်စ်ကားပေါ်တွင် မတ်တပ်
ရပ်နေရသောသက်ကြီးရွယ်အို ဟူ၍ မရှိစေရ။ ကလေးတွဲလောင်းပါ
လာသော မတ်တတ်ရပ်ခရီးသည်ဟူ၍မရှိစေရ။ နီးရာ ကျောင်းသားက နေရာဖယ်ပေးလိုက်သည်ချည်းပင်ဖြစ်သည်။
ရေးမထားသောဥပဒေသဖွယ် ဖြစ်နေခဲ့ပါလေသည်။

ယခု ကျွန်တော် အဖိုးကြီးဘ၀ ရောက်သည့်တိုင်အောင် ထိုအကျင့်
စွဲနေပါလေသည်။ မိန်းကလေး ပျိုပျိုသန်သန် အရွယ် ကို ကျွန်တော် နေရာဖယ်ပေးချင်မှ ပေးမည်ဖြစ်သော်လည်း ကလေး
ချီလာသောမိခင်၊ ဖခင် တစ်ယောက်ယောက်အနားမှာ ရောက်လာလျှင်
နေရာဖယ်ပေးလိုက်သည် ချည်းပင် ဖြစ်ပါသည်။
ထို့အတူ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ယောက်
အနားရောက်လာလိုက်လျှင် လည်း ချက်ချင်း နေရာက ထပေးလိုက်
မိတတ်ပါသည်။

ခုနင်က ကျွန်တော့်ကို နေရာပေးလိုက်သော သမီးငယ်ကလေးကို
လည်း ကျေးဇူးတင်နေမိသည်။

လွန်ခဲ့သော သုံးလေးရက်ခန့်က ဖြစ်ပါသည်။
ကျွန်တော့် မြေးဦးမကလေးက ဒုတိယ နှစ် တက္ကသိုလ်ကျောင်းသူ
ဖြစ်နေပါပြီ။ သူတို့ကျောင်းက အတော်လေး
ခရီးလှမ်းလေတော့ ကျောင်းဖယ်ရီစီးပြီး ကျောင်းတက်ကြရသည်။
သူပြောတာလေးကို နားထောင်ကြည့်ပါဦး။

“ဖိုးဖိုးကြီးရယ် သမီးတို့က ဖယ်ရီကို အလုအယက်ဦးအောင်
သွားကြရတာ။ နေရာကိုလဲ ဦးအောင် တက်ကြရတာပါပဲ။ နေရာရတဲ့
အခါလဲ ရပါတယ် မရရင်တော့လဲ မတ်တပ်ပေါ့။ ဟိုတစ်နေ့ကပေါ့။
သမီးကတော့နေရာရပါတယ်။ နေရာ မရတဲ့ ကျောင်းသား ကျောင်းသူ
တွေလဲ ပါတတ်ပါတယ်။ကျောင်းသားတွေမှာ နေရာမရရင် ဘာမှ
မထူးခြားပေမဲ့ မိန်းကလေး တစ်ယောက်ထဲနေရာမရရင်
အတော်လေးကို ကြောင်တယ်။

အဲ့ဒီမှာ မိန်းကလေးတစ်ယောက် က နေရာမရလို့ မတ်တပ်ရပ်ပြီး
လိုက်လာရတယ်။ အဲ့ဒီတော့ သူ့အနားမှာထိုင်နေတဲ့ ကျောင်းသားက မနေတတ်မထိုင်တတ်ဖြစ်လာတယ်ထင်ပါရဲ့ အဲ့ဒီ ကျောင်းသူကို
နေရာဖယ်ပေးလိုက်တယ်။မိန်းကလေးကလဲ ၀င်ထိုင် လိုက်တာပေါ့။
ဒီတော့ ဘာဖြစ်တယ် ထင်သလဲ။

နောက်ပိုင်းက ကျောင်းသားတွေက
"သူရဲကောင်းကြီး၊ လူစွမ်းကောင်းကြီး" နဲ့ အော်ကြတယ်။
ဟိုကျောင်းသားခမျာမှာ သူတို့ဘက်ကိုလှည့်မကြည့်ဝံ့ဘူး။
နောက်တော့ သူ့ဘာသာသူကားအပြင်ဘက်ကို မျက်နှာလွဲပြီး လိုက်လာ
တာ လမ်းတစ်လျှောက်လုံးပဲ။ သမီးလေ၊ဒေါသလဲဖြစ်တယ်၊
စိတ်လဲ မကောင်းဘူး။”

စာဖတ်သူတော့ဖြင့်မသိ ကျွန်တော်ဖြင့် မြေးမလေး၏ စကားကို
နားထဲက မထွက်နိုင်အောင် ဖြစ်နေမိသည်။

“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ” ဆိုတဲ့မေးခွန်းတွေကလည်း ခေါင်းထဲတွင် တရစပ်ပေါ်လာနေမိသည်။

စင်စစ်နေရာပေးလိုက်သော ကျောင်းသား၏အပြုအမူမှာ ရှက်စရာအမှုလား။
ယောက်ျားလေး တစ်ယောက်အနေနှင့် လုပ်သင့် လုပ်ထိုက်သော
အမှုမဟုတ်ပါလား။ ကျွန်တော်တို့ ကျောင်းသားဘ၀ကလည်း
ဒီလိုပင်ပြူကျင့်ခဲ့ကြသောကြောင့် ရှက်စရာဟုလားလားမျှ မထင်သည့်ပြင်
ဝတ္တရားကျေသည် ဟုပင် ထင်လိုက် မိပါသေးသည်။ သို့သော် ၀ိုင်းလှောင်
ခြင်းကိုပင် ခံနေရပါလေပြီ။

တစ်ခု စဉ်းစားမိသည်က-

*** "လူတို့သည် ယုတ်နိမ့်မှု ကိုလည်း သိသည်။
မြင့်မြတ်မှုကိုလည်း သိသည်။ သို
့သော် မြင့်မြတ်မှုကို လူတိုင်း လုပ်နိုင်ကြသည် မဟုတ်။
ထိုကြောင့် မိမိမလုပ်နိုင်သည်ကို သူတစ်ပါးလုပ်လိုက်သည်ကို
တွေ့လိုက်သောအခါ မိမိ အဖြစ်ကို လိပ်ပြာငယ် လာတတ်သည်။
ထိုလိပ်ပြာငယ်ခြင်းကို ဖျောက်ချင်သောကြောင့်
မြင့်မြတ်သော အမှုကို ပြုသူအားလှောင်ပြောင် သရော် လိုက်ခြင်းအားဖြင့်
မိမိစိတ်ကို ကုစားလိုက်ကြသည်ဟုထင်မိသည်။" ***

သူတို့လှောင်ကြသလိုသာဆိုရင်ဖြင့် ကျွန်တော်တို့ခေတ်က
ကျောင်းသားတိုင်းဟာ သူရဲကောင်းကြီးတွေ လူစွမ်းကောင်းကြီး တွေသာဖြစ်လို့ နေပါလေရော့မည်ဟုလည်း
တွေးလိုက်မိပါသေးသည်။

(ဆရာအောင်သင်း)

credit to .... The Commerce Journal
via kyauklonegyi

No comments:

Post a Comment