Saturday, January 30, 2016

Thursday, January 28, 2016

"မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်း"

"မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(အမေများနေ့အတွက် အမှတ်တရပါ။)

ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ
ကျွန်တော့်ကို ညာပြောခဲ့ပါတယ်။
ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်။
တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက်
မရှိပါဘူး။ ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက
သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်။
သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို
ပြောင်းထည့်ပေးရင်းနဲ့
"သားလေးစားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ”
ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ။

ကျွန်တော် နည်းနည်း အရွယ်ရလာတော့
ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်။ မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာ
ဖြစ်ပါတယ်။ တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်။
ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်။
ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း
အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး
ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့
အသားစလေးတွေကို စားနေပါတယ်။
ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။
ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို
ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်။
“သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ"
ဒါက မေမေရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း။

တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်။
မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်။
အိမ်ပြန်ရောက်တော့ မီးခြစ်ဆံအသစ်လေးတွေ ပြန်ဖြည့်ပြီး
ဈေးထဲမှာပြန်ရောင်းပါတယ်။ အဲဒီက ရတဲ့ ငွေကလေးနဲ့
အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်။
ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်။
ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ
ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ
ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ
ရှိသေးတယ်။ ကျွန်တော်က
“မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ
ဆက်လုပ်လို့ ရသားနဲ့..”
မေမေက ပြုံးပြီး ပြန်ပြောပါတယ် ...
“သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး”
ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့
မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကိုလိုက်လာတယ်။
ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော်
စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်။
စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ
ကျွန်တော်ပြေးသွားတယ်။
မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ
ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့
ပေးတယ်။ မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက်
မချိုဘူးဆိုတာကျွန်တော် ပြောရဲပါတယ်ဗျာ။
နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး
ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး”
ဒါက မေမေရဲ့ ၄ကြိမ်မြောက် လိမ်ညာမှု။

ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း
ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါ
တော့တယ်။ မေမေ့အရင် အလုပ်ဟောင်းကိုဘဲဆက်လုပ်တယ်။
မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့
စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်။
ငတ်လုနီးပါး ဖြစ်လာတယ်။ အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်။
အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့
သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က
မကြာခန ရောက်ရောက်လာပြီး
ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန်
သူဘဲ ဖြေရှင်းပေးပါတယ်။ ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက
မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်။
တိုက်တွန်းကြတယ်။ ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်။
“ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး။
အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး”
ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့
မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ။
ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို
အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက
မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ။
ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို
မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်။
“မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ်
အမေ ငွေမလိုပါဘူး”
ဒါက မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့
အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်။
မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင်
ပါသေးတယ်။ ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ
ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို
ငြင်းပါတယ်။
“မေမေ မလာတော့ ပါဘူးသားရယ် .. မေမေက သား အခု
ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့
အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး
မေမေပျော်မှာ မဟုတ်ပါဘူးကွယ်”
မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ။

မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့်
ဆေးရုံမှာ ရောက်နေပြီ။ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်။
မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်။
အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး။
ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်။
ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က
ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို
မတူတော့ဘူး။ မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်။
မျက်ရည်တွေ အလိုလို ကျလာတယ်။ မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်။
“မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး .. မေမေ နေကောင်းပါတယ်”
ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ။

၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ
ဆုံးသွားခဲ့ပါတယ်။ မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ။

******

ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ်ထားတဲ့
အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ
သဘော ပေါက်မိပါတယ်။
ကျွန်တော်တို့ရဲ့ အမေတွေ ကလည်း ကျွန်တော်တို့ အပေါ်မှာ
ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်။
သားသမီးတွေကို ချစ်ခြင်းအားဖြင့် လိမ်ညာတဲ့ အတွက်
အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊
ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ။
ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့
အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်။
သားသမီးတွေဘက်ကရော ...
အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက်
ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ ...
ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ ... ကျွန်တော်တို့ အမေတွေရဲ့
မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လား .... ။

*************************

“သည်ကနေ့ ကျွန်တော်ဖြစ်နေသမျှ
နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ
အားလုံးပင်
အမေ ကျေးဇူးချည်း ဖြစ်သည်။”

All that I am,
or hope to be,
I owe to my angel mother.

(Abraham Lincoln)

credit to ... phonemaung & brainyquote

Sunday, January 24, 2016

TRUE IMAGES (503)

“စာဖတ်ပါ … စာအုပ်ကောင်းတစ်အုပ်ဟာ
သင့်ဘ၀ကို ပြောင်းလဲပေးနိုင်ပါတယ်။”

"နေရာချင်းလဲကြည့်မှ"

"နေရာချင်းလဲကြည့်မှ"
။။။။။။။။။။။။။။။။။။။။။။။။။


“ကိုယ့်အမြင်နဲ့ မတူလို့
သူတစ်ပါး အယူအဆတွေ မှားတယ်လို့
မထင်ပါနဲ့။
တစ်ခါတစ်လေ
အမှန်တရားဆိုတာ နေရာချင်းလဲကြည့်မှ
သိနိုင်ပါတယ်။”

အရှင်စန္ဒာဝရ(တောင်တွင်း)

****************************

ဖတ်ဘူးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

လူတစ်ယောက်က မြစ်ကမ်းစပ် တစ်ခုမှာ ထိုင်နေပါတယ်။
အဲဒီအချိန်မှာ လူတစ်ယောက် မြစ်ထဲမှာ ရေနစ် နေပါတယ်။
ရေနစ်နေသူက အခုလို အော်ပါတယ်။
“ ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော် ရေမကူးတတ်ဘူး ” တဲ့။
အဲဒီတော့ ကမ်းစပ်မှာ ထိုင်နေသူက အခုလို ပြောပါသတဲ့။
“ ငါလည်း ရေမကူးတတ်ပါဘူး။
ဒါပေမဲ့ အဲဒီလိုတော့ အော်မနေပါဘူး ” တဲ့။

Friday, January 22, 2016

TRUE IMAGES (502)

“စာတွေ့မှ လက်တွေ့ဆီသို့”

“ညောင်သံပေးလွန်းရင်”

“ညောင်သံပေးလွန်းရင်”
။။။။။။။။။။။။။။။။။။။။။။။။။။။


နေရာတကာမှာ အာကျယ်အာကျယ် မလုပ်ပါနှင့်။
ညောင်သံပေးလွန်းတဲ့ကြောင်၊
သားကောင် ရှာမရ ဖြစ်တတ်သည်။

(မီးပြတိုက်)

Wednesday, January 20, 2016

TRUE IMAGES (501)

''တစ်လှေတည်းစီး တစ်ခရီးတည်း
သွားသည်ဟု ဆိုရာဝယ်”

Sunday, January 17, 2016

“သူခိုးလေးနဲ့ သူခိုးကြီး”

“သူခိုးလေးနဲ့ သူခိုးကြီး”
။။။။။။။။။။။။။။။။။။။။။။။။။။။  


“ကျွန်ုပ်တို့သည်
သူခိုးသေးသေးလေးတွေကို
ကြိုးပေးသတ်ပြီး
သူခိုးအကြီးကြီးတွေကိုတော့
အစိုးရရုံးတွေမှာ ခန့်ထားသည်။”

We Hang The Petty Thieves
And Appoint The Great Ones
To Public Office.

(Aesop)

credit to ... brainy quote

Friday, January 15, 2016

TRUE IMAGES (500)

“အစွန်းကို ရောက်မှတော့ …”

“သန်မာစမ်းပါရစေ”

“သန်မာစမ်းပါရစေ”
။။။။။။။။။။။။။။။။။။။။။။


အလံကို
ထိပ်ဆုံးလူလက်
ထိလုလု အချိန်

ချောတိုင်ရင်းကို
တင်းတင်းဖက်ထားတဲ့
အောက်ဆုံးလူ ပခုံးသားမျိုး
တို့နှလုံးသားတွေ
သန်မာစမ်းပါရစေ… ။

(မင်းကိုနိုင်)

credit to ... Min Ko Naing

Tuesday, January 12, 2016

TRUE IMAGES (499)

“ဒီကလေးနှယ် ….”

"ရှုထောင့် (၃) ခု"

"ရှုထောင့် (၃) ခု"
။။။။။။။။။။။။။။။။။။။


“သင် ကြားသမျှ အရာအားလုံးကို
မယုံပါနဲ့။
အဖြစ်အပျက်တစ်ခုမှာ
ရှုထောင့် (၃)ခု အမြဲရှိပါတယ်။
သင့်အမြင်၊ သူတို့အမြင်နဲ့
တကယ့် အဖြစ်မှန်ပါ။”

Don’t believe everything you hear.
There are always three sides
of a story.
Yours, Theirs and The Truth.

credit to ... Quotes Cloud

Saturday, January 9, 2016

"စာဖတ်တတ်ပြီလား"

"စာဖတ်တတ်ပြီလား"
။။။။။။။။။။။။။။။။။။။။။။။။။

အတွေးတွေက ဘ၀ကိုပြောင်းလဲစေနိုင်တယ်ဆိုရင်
စာဖတ်ခြင်းက အတွေးတွေကိုပြောင်းလဲစေနိုင်ပါတယ်။
ဒီတော့ ဘ၀ပြောင်းလဲဖို့ ဆိုတာ ဖတ်တဲ့စာအပေါ်
မူတည်နေပြီပေါ့။

အရင်တုန်းကတော့ လူတွေစာအုပ်ဆိုင်ကနေငှားဖတ်လေ့
ရှိကြပါတယ်။ အခုနောက်ပိုင်းတော့ အဲ့ဒိလိုစာအုပ်လိုက်ဖတ်တဲ့သူ
နည်းသွားပါပြီ။ အွန်လိုင်းမှာအလွယ်တကူဖတ်လို့ရတဲ့ ဗဟုသုတစာတိုပေတိုလေးတွေပဲဖတ်ကြတာများ ပါတယ်။

ဒါပေမယ့် တော်တော်များများ
စာကို အပေါ်ယံပဲဖတ်ကြလေ့ရှိပါတယ်။ ခံစားမှုတိုက်ဆိုင်တာလေးတွေ တွေ့ရင်ကြိုက်တတ်လေ့ရှိကြပြီး
တကယ့်တကယ် စိတ်ထဲမှာတော့မှတ်ထားကြလေ့မရှိပါဘူး။
တကယ်တော့ စာဆိုတာ ဖတ်တတ်မှ
ဘ၀အတွက်အကျိုးရှိတာပါ။

ကျွန်တော်ရိုးရာလေးကပြုလုပ်တဲ့ပွဲလေးတစ်ခုသွားရင်းနဲ့ ပြည်မာဂျာနယ်ရဲ့အယ်ဒီတာချုပ်ပြောပြတဲ့
စာဖတ်နည်းလေးအကြောင်းကိုသိခဲ့ ရပါတယ်။
စာဖတ်တော့မယ်ဆိုရင် R2 A2 ဆိုတဲ့
စည်းမျဉ်းလေးနဲ့ဖတ်သင့်ပါတယ်။

ပထမR
=====
ပထမ Rက Readတဲ့။
ရိုးရိုးသာမန် စာတစ်ခုခုကို ဖတ်တာပါ။
ဒီအဆင့်မှာဘာမှမပါသေးပါဘူး။
ဖတ်နေတဲ့စာရဲ့ခေါ်ဆောင်ရာကို အပူအပင်မရှိ
လိုက်မျောပြီးဖတ်ရုံပါပဲ။

ဒုတိယ R
======
ဒုတိယ Rက Rethinkတဲ့။
ပြန်လည်စဉ်းစားပါ။
တစ်ချို့ကစာသာဖတ်တာ ဖတ်ပြီးသွားရင်မေ့ပစ်လိုက်ကြပါတယ်။
တစ်ချို့ကကျတော့ လည်းဖတ်ပြီးတာနဲ့ တန်းယုံလိုက်ပါတယ်။
ပြန်လည်စဉ်းစားလေ့မရှိပါဘူး။
ဒီတော့ ဖတ်ပြီးသားစာတိုင်းကိုအခုချိန်က စပြီး
ပြန်စဉ်းစားဖို့ မမေ့နဲ့နော်။

ပထမ A
======
ပထမ Aက Analyze တဲ့။
ဝေဖန်ခွဲခြား စဉ်းစားပါ။
ဖတ်ပြီးသားစာတွေက ယုတ္တိရောရှိရဲ့လား။
စာရေးသူကရောဘယ်သူလဲ။
ဘယ်နေရာ ကကိုးကားထားတာလဲ။ ယုံကြည်ရပါ့မလား။
ဘာအကျိုးကျေးဇူးတွေရလိုက်လဲ။
အဲ့ဒိစာထဲက ဘယ်အချက်ကိုမှတ်ထားဖို့လိုမလဲ စသဖြင့် အသေးစိတ်ခွဲခြားလေ့လာသင့်ပါတယ်။
ဖတ်သမျှ စာတိုင်းမျက်လုံးမှိတ်မယုံသင့်ပါဘူး။

ဒုတိယ A
=======
ဒုတိယ Aက Applyပါ။
ဒီအဆင့်ကတော့ အရေးအကြီးဆုံးပါ။
ဖတ်ပြီးသမျှစာတွေကို လက်တွေ့ဘ၀မှာအသုံးမချရင်
အကျိုးမရှိပါဘူး။
ဥပမာ မိတ္တဗလဋီကာ ဖတ်တယ်ဆိုပါစို့။
ကျွန်တော့် အသိအကျွမ်းတွေထဲမှာအပြောအဆို ဘုဘောက်ပြောတတ်သူတစ်ယောက်ရှိပါတယ်။
ကျွန်တော်ကတော့ စေတနာနဲ့ မိတ္တဗလဋီကာဖတ်ဖူးလားလို့
မဖတ်သေးရရင် ငှားမယ်လို့ပြောတော့
သူပြောတာက အဲ့ဒိစာအုပ်ဖတ်ဖူး တာကြာလှပြီတဲ့။
ကျွန်တော်ပိုအံ့သြသွားပါတယ်။
လူမှုဆက်ဆံရေးမှာ ကောင်းမွန်ဖို့ အကောင်းဆုံးတွေထဲက
စာအုပ်တစ်အုပ်ကို သူဖတ် ဖူးပါလျှက် သူပြောလိုက်တဲ့စကား၊ သူလုပ်လိုက်တဲ့အပြုအမူတွေဟာ သူများတွေအတွက်
အနှောက်အယှက်အမြဲဖြစ်နေတာကို ပိုအံ့သြ သွားတာပါ။
ဒါဘာလို့ ဖြစ်တာလဲ။
အဖြေကရှင်းပါတယ်။
စာအုပ်တစ်အုပ်ကို အပေါ်ယံသာဖတ်ကြည့်ပြီး
Applyမလုပ်တာသိသာပါတယ်။
ဒီတော့ စာအုပ်ဝယ်လိုက်ရတဲ့ ပိုက်ဆံရယ်၊
စာအုပ်ဖတ်လိုက်ရတဲ့အချိန်ဆုံးရှုံးသွားတာပဲ ရှိပါတယ်။
ဘာအကျိုးကျေးဇူးမှလည်းမရလိုက်ပါဘူး။

အခုစာဖတ်နေတဲ့သူတွေအားလုံးလည်း
R2A2 နဲ့စာကောင်းကောင်းဖတ်တတ်ကြပါစေဗျာ။

မိုးရှင်း (I.M.T)

credit to ... Myanmar Online Media

Friday, January 8, 2016

Thursday, January 7, 2016

“ဘ၀၏ နေ့ရက်များ”

“ဘ၀၏ နေ့ရက်များ”
။။။။။။။။။။။။။။။။။။။။။။။။
ဘ၀ထဲက နေ့ရက်တိုင်းဟာ နေတတ်ရင်ကျေနပ်စရာ ချည်းပါ …
ကောင်းတဲ့နေ့ရက်က သင့်ကို ပျော်ရွှင်ခြင်းတွေ ပေးတယ်။
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြုံတွေ ပေးတယ်။
အဆိုးဆုံးနေ့ရက်က သင့်ကို သင်ခန်းစာတွေ ပေးတယ်။

Wednesday, January 6, 2016

TRUE IMAGES (496)

“မြင်ရ ကြားရတာတွေ များသွားလို့ပါ။”

“မေ့လျော့ခြင်း”

“မေ့လျော့ခြင်း”
။။။။။။။။။။။။။။။။။


လေကြောင့် ပျံသန်းနိုင်တဲ့ငှက်ဟာ
လေရှိမှန်း မသိကြသလို၊

ရေကြောင့် ကူးနိုင်တဲ့ငါးဟာ
ရေရှိမှန်း မသိကြသလို၊

ဓမ္မ၊ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုးဖြစ်နေတဲ့
သတ္တ၀ါတွေဟာလည်း
ဓမ္မ၊ အဓမ္မကို ရှိမှန်း မသိကြပါဘူး။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

credit to ... အောင်သိဒ္ဓိ

TRUE IMAGES (495)

“အဖြူ အမဲ သဲကွဲပါစေ”

Sunday, January 3, 2016

"ဗိုလ်ချုပ်ပြောခဲ့တဲ့ လွတ်လပ်ရေး"

"ဗိုလ်ချုပ်ပြောခဲ့တဲ့ လွတ်လပ်ရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို
ကျွန်တော် ပြောပြဦးမယ်။
လွတ်လပ်ရေးဆိုတိုင်း
ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ
ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။

ဘာဖြစ်လို့လဲ ဆိုရင်
ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ်
ဆိုလို့ရှိရင်
စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင်
ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း
ပေါက်လာကြတော့မလို
ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။

တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့
ဘာလုပ်ချင်သလဲ ဆိုတော့
ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ...
ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက ...
အဲဒီတုန်းက ဆိုလို့ရှိရင်
လွတ်လပ်ရေး ရပြီဆိုတော့ကာ
ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။

ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။
ဟာ ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့
လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး
ဆေးတွေ လှန်းကြတယ်။
ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ
အတော်ခွကျတယ်။
အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"

"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။
လွတ်လပ်ရေး ဆိုတာဟာ
ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊
တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ
အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ
အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့
လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက်
လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"

"ပဒေသာပင် ပေါက်အောင် ဆိုရင်
ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ
ခင်ဗျားတို့ နားလည်စေချင်တယ်။

အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း
လွတ်လပ်ရေးရဲ့ တာဝန်တွေကို
ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင်
ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ
ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"

"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင်
အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ ...
အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ
အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ
တော်ကာကျမယ်။

ဒီတော့ ကျွန်တော်တို့က
တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့
အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့
အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင်
အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင်
ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း
လိုက်လှမ်းနိုင်မှ ...

အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ
နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့်
အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။

တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး
ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့်
ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊
ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့
ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ
ခင်ဗျားတို့ကို အတိအလင်း
နားလည်ထား စေချင်တယ်။"

(ဗိုလ်ချုပ်အောင်ဆန်း)

refer to .... Irrawaddy

***********

(၆၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို
ဗိုလ်ချုပ်ပြောခဲ့တဲ့
“လွတ်လပ်ရေး” အဆိုအမိန့်များနဲ့အတူ
ကြိုဆို ဂုဏ်ပြုပါသည်။

(mhp)

Friday, January 1, 2016

"2016 New Year Wish"

"2016 New Year Wish"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“သူငယ်ချင်းများ အားလုံး …
2016 အစမှသည် နောင်နှစ်ပေါင်းများစွာတိုင်
ပျော်ရွှင်ကြည်နူးစရာ နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပြီး
ချစ်သောသူများနှင့် အေးချမ်းသော ဘ၀ခရီးလမ်းကို
မမောမပန်း အပြုံးကိုယ်စီနဲ့
တွဲလက်ခိုင်ခိုင် လျှောက်လှမ်းနိုင်ကြပါစေ။”

Happy New Year 2016

(mhp)