Sunday, November 30, 2014

TRUE IMAGES (289)


" ဘောင်တွေကို ကျော်တွေး "

" ဘောင်တွေကို ကျော်တွေး "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(လွန်ခဲ့သော လ အနည်းငယ်ခန့်က ဖေ့စ်ဘွတ် အင်တာနက်
စာမျက်နှာပေါ်တွင် ပျံနှံခဲ့ဘူးတဲ့)
“အိပ်ဆေးနဲ့ ဖမ်းခေါ်သွားတာ ရေချိုးကန်ထဲနိုးလာလို့ ကြည့်တော့
မှ ကျောက်ကပ်တွေ အခိုးခံလိုက်ရတယ်”ဆိုတဲ့ပို့စ်မျိုးကို သောင်းနဲ့ချီ
Like လုပ်ပြီး ထောင်နဲ့ချီ Share လုပ်ကြတယ်။ ကွန်မင့်တွေမှာ
မိန်းကလေးတွေ သတိထားရမှာ ပေါ့ဆိုတာမျိုးတွေ၊ တော်တော်
ယုတ်မာ ပက်စက်ပါလားဆိုတာမျိုးတွေ ထောင်နဲ့ချီတွေ့ရမယ်။

ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကို ဆန်းစစ်ဖို့ထက် ချပေးလိုက်တဲ့ဘောင်
အတိုင်း လမ်းကြောင်းအတိုင်းမှာ မျောသွားတယ်။ ဒါက ဥပမာအများကြီး
ထဲက ဥပမာတစ်ခုပါ။ အဲဒါ ကျွန်တော်တို့ရဲ့ အကြီးဆုံးအားနည်းချက်ပဲ။ တကယ်တမ်းမှာ ဖြစ်သင့်တာက ကျွန်တော်တို့ကိုကန့်သတ်ထားတဲ့ဘောင် ကို ကျော်တွေးရမှာ။ ပေးထားတာထက် ပိုအောင်ဆန်းစစ်ကြည့်ရမှာ။

အဲလိုမှ မတွေးဘူးဆိုရင် လူညွန့်တုံးလာလိမ့်မယ်။
အလွယ်တကူ ပုံသွင်းရလွယ်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ ပျောက်ဆုံးလာလိမ့်မယ်။
ကျွန်တော်တို့ဆီမှာ ပညာရေးစနစ်က ၁ဝဝ ဖိုး သင်ပေးပြီး
၅ဝ ဖိုး လောက်ပြန်မေးတယ်။ သူများနိုင်ငံမှာ ၅ဝ ဖိုးပဲသင်ပေးပြီး ၁ဝဝ ဖိုး ပြန်မေးတယ်။ ခြားနားချက်က ကျွန်တော်တို့က ဘောင်ထဲမှာ အသားကျလာတယ်။ ပေးသလောက်နဲ့ ရောင့်ရဲလာတယ်။ သူများတွေက ဘောင်ကိုကျော်ပြီး တွေးတတ်လာတယ်။
ကိုယ့်အားကိုယ်ကိုး တတ်လာတယ်။ ရှာဖွေစူးစမ်းတတ်လာတယ်။

ဦးနှောက်ဟာ စဉ်းစားဖို့ ပေးထားတာပါ။ သူများ ဘာပြောပြော
ဘာရေးရေး ဟုတ်တာပေါ့၊ မှန်တာပေါ့ဆိုပြီး ယုံလွယ်လက်ခံ
တတ်အောင် ပေးထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာဆိုရင်လည်း
ဗုဒ္ဓက ကိုယ့်ဘာသာ ချင့်ချိန်တတ်အောင် ကာလာမသုတ်ကို ဟောခဲ့
တယ်။ ဒါပေမဲ့ ဟိုနေရာမှာ နဂါးပေါ်နေတယ်ဆိုလည်း ယုံတာပဲ။
ဒီနေရာမှာ သိုက်စောင့်တွေရှိတယ်ဆိုလည်း ယုံလိုက်တာပဲ။ ဘောင်
ကိုကျော် မတွေးချင်ဘူး။ ယုံလွယ်တာ ဘာဖြစ်လဲဆိုတော့
“အ” လာ “န” လာတာပေါ့။

ဆိုလိုချင်တာက ပုံပြင်တွေ၊ အကြောင်းအရာတွေက ပေးချင်တဲ့အရာ
ထက် အဖြစ်အပျက်တွေမှာ ချပေးထားတဲ့ လမ်းကြောင်းတွေထက်
ကိုယ့်ဘက်က ပိုတွေးစေချင်တာပါ။

ရေခဲတုံးရဲ့ မြင်နေရတဲ့ထိပ်ပိုင်းကိုပဲကြည့်ရင် ထိပ်ပိုင်းကိုပဲ မြင်ရမယ်။ ရေ
ထဲမှာ နစ်နေတဲ့ ရေခဲတုံးအစိတ်အပိုင်းတွေ
ရှိနေသေးပါလားဆိုတာ တွေးမြင်တတ်ရင် ဖြစ်ရပ်တစ်ခုလုံးကို ပုံရိပ်ဖော်နိုင်
ပါလိမ့်မယ်။

စဉ်းစားပါတွေးခေါ်ပါ။ ဦးနှောက်တွေ သံချေးတက်ခံမနေပါနဲ့။ အတွေး
တိမ်တိမ်နဲ့ ယုံလွယ်တဲ့ လူအလူနတွေလို့တော့ အထင်မြင် မခံရစေချင်ဘူး။

(သူရိန်လှိုင်ဝင်း)
ဆောင်းပါးရှင် "သူရိန်လှိုင်ဝင်း" ၏
"ဘောင်တွေကို ကျော်တွေးကြည့်ပါ " ဆောင်းပါးမှ

credit to .... Eleven Media Group

Saturday, November 29, 2014

TRUE IMAGES (288)

" အပြောကတော့ ရွှေမန်း ..."

" နှမြောတယ် … "

" နှမြောတယ် … "
။။။။။။။။။။။။။။။။။။။။။။
@ နှမြောတယ် …
တိုင်းပြည် လူမျိုး
နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့
အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
တရားမျှတမှုတွေခမ်းခြောက်နေတာကို
... နှမြောတယ် ..။

@ နှမြောတယ် …
" ပြည်သူရဲ့ သွေးချွေးမျက်ရည်"
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
အောက်ကို တစ်ချက်လေးတောင်
ငုံမကြည့်တဲ့သူတွေကို
... နှမြောတယ် …။

@ နှမြောတယ် …
အဆင့်မြင့်ပညာရပ်တွေကို
အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
အညွန့်တလူလူနဲ့ လူတော်တွေ …
လူကောင်းတွေဖြစ်မလာတာကို
... နှမြောတယ် …။

@ နှမြောတယ် …
မတရားမှုတွေကို ထောက်ခံ
အမှန်ကိုအမှား အမှားကိုအမှန်
အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့
မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို
... နှမြောတယ် …။

(ဘုန်းမင်းဇွန်)

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်

Friday, November 28, 2014

TRUE IMAGES (287)

“တိုင်းပြည်ရှေ့ဆက်မသွားနိုင်ပဲ
ဒီဝဲထဲမှာပဲလည်နေအောင်
အစီအစဉ်ချ လုပ်ရက်ခဲ့ကြတာလားကွယ် …”

“သေးငယ်သော်လည်း”

“သေးငယ်သော်လည်း”
။။။။။။။။။။။။။။။။။။။။။။။။။။
"သေးငယ်သောမီးပွားသည် ကြီးကျယ်သော
မီးတောက်မီးလျှံကြီးများကိုဖြစ်စေနိုင်၏။"
ထို့အတူ …
"သေးငယ်သော အကျင့်ဆိုးသည်လည်း
ယုတ်မာသော အကျင့်ဆိုးကြီးများကို
ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ် သင့်၏။ "

အရှင်ဝိစိတ္တ (မနာပ ဒါယီ)
"လောကဓမ္မဘဝ နီတိပဒေသာ" စာအုပ်မှ ....

credit to ..... ၀ိမုတ္တိရသ

Thursday, November 27, 2014

TRUE IMAGES (286)


"ရေးချင်မိတဲ့ စာ(၅)"

"ရေးချင်မိတဲ့ စာ(၅)"
။။။။။။။။။။။။။။။။။။။။။။။။
(Fair Play)
၂၂ နိုဝင်ဘာလ ၊ ၂၀၁၄ နေ့က
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်
ဗွီအိုအေသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင်
ဗိုလ်ချုပ်မှူးကြီး ကအခြေခံဥပဒေ ပြင်ဆင်ရေးသော့ချက်ဖြစ်သော
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူဦးရေ ငါးသန်းက လက်မှတ်ရေးထိုးတောင်းဆိုထားသည့်အပေါ်အောက်
ပါအတိုင်းပြောကြားခဲ့ပါသည်။
“အကယ်၍ မဲဆန္ဒ ငါးသန်းပေါ့၊ ဒီငါးသန်းရဖို့အတွက်
ဘယ်လိုကောက်လဲ၊ ပြုလဲဆိုတာတော့
ကျွန်တော်တို့ မသိပါဘူး။ ဒါကတော့ ပုံစံအမျိုးမျိုးရှိမှာပေါ့။
ဘယ်လောက်အထိ ခိုင်မာမှုရှိမယ်၊ မရှိမယ်ဆိုတာလည်း
ကျွန်တော်မပြောနိုင်ပါဘူး။ နောက်ဒီငါးသန်းဆိုတဲ့ သူတို့ပြောတဲ့
ပမာဏက လက်ရှိကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့လူဦးရေ ၅၁ သန်း
နဲ့ဆိုရင်တော့ ဆယ်ပုံ၊ တစ်ပုံပဲ ရှိတာပေါ့။
ဒီငါးသန်းရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်သလို
တစ်ဖက်ကလည်း စောစောကကျန်နေတဲ့ ၄၆သန်းသော
ပုဂ္ဂိုလ်များ၊ လူများရဲ့အထဲမှာ ၁၈ နှစ်အထက်လူများလည်း ရှိကြမှာပေါ့။
သူတို့ရဲ့ဆန္ဒတွေကိုလည်း ကျွန်တော်တို့ကကြည့် ဖို့ လိုမှာပေါ့” .....

***********************

နောက်တစ်နေ့
၂၃ နိုဝင်ဘာ၊၂၀၁၄ နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ
သတင်းဌာနတို့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းပြုလုပ်ရာတွင်
ဗွီအိုအေ က
“ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီးလွှတ်တော်
ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ်လို့တော့ ပြောပါတယ်။” ဟု ဆွေးနွေးတင်ပြရာ
ဒေါ်အောင်ဆန်းစုကြည် က
“ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။
ကျမတို့ကတော့ အဆင်သင့်ပဲ။”
ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။

***************************
အထက်ပါ သီးသန့်တွေ့ဆုံမေးမြန်းခန်း နှစ်ခုကို သာမန်ပြည်သူ
တစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါသည်။
ခံစားချက်တစ်ခုတော့ ရရှိမိပါရဲ့ …. “Fair Play”

(mhp)

credit to ..... original news agencies

Wednesday, November 26, 2014

TRUE IMAGES (285)

“လိုချင်တာ ရှိလာရင် ဟန်ပြလေးတွေ ကောင်းလာတတ်တယ်
ပြီးရင် ဒုံရင်း က ဒုံရင်းပဲ ဖြစ်တတ်တာမို့ ….."

"စိတ်တို၊ ဒေါသဖြစ်ဖို့ ...."

"စိတ်တို၊ ဒေါသဖြစ်ဖို့ ...."
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါး
ရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့
အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။ တစ်နေ့မှာ
ဘုန်းကြီးက တခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။
မသွားခင် ပန်းတွေကိုသေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို
မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။

ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ
ကွဲကြေကုန်တယ်။ ဘုန်းကြီးနှစ်သက်တဲ့သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့
ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်း
ပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။
ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင်
"ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်း
ဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး"
လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပာယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့
သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။
ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာမှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွ
ဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ် ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။

" နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့
ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့
ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။

"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး" "စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"

စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင်
ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့
တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

( နိုင်းနိုင်းစနေ )

credit to .... လူဗိုလ်ဟူသည်.

Tuesday, November 25, 2014

TRUE IMAGES (284)


“ရှုံးနိမ့်သွားရင်တောင်”

“ရှုံးနိမ့်သွားရင်တောင်”
။။။။။။။။။။။။။။။။။။။။။။။။။
"ယာယီရှုံးနိမ့်သွားတဲ့
အမှန်တရားဟာ
ယုတ်ညံ့တဲ့ အောင်ပွဲထက်
စွမ်းအားပိုရှိပါတယ်။”

“This is why right temporarily defeated
is stronger than evil triumphant.”

(Martin Luther King Jr.)
၁၉၆၄-ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာတင်လူသာကင်း နိုဘယ်ဆုယူစဉ်က ပြောကြားသည့်
မိန့်ခွန်းမှ ....

credit to ... nobelprize org & love irrawaddy

Sunday, November 23, 2014

“စစ်”

“စစ်”
။။။။။။
ရုတ်တရက်၊ ထွက်ပေါ်လာတယ်
လူတစ်ချိုရဲ့
… ဒေါသတွေဆီကနေ
လူတစ်ချိုရဲ့
… အမိန့်ပေးသံတွေဆီကနေ
လူတစ်ချိုရဲ့
… သေနတ်ပြောင်းဝတွေဆီကနေ ။

ရုတ်တရက်၊ ကျရောက်လာတယ်
နှစ်ရှည်လများ ....
လှပနေတဲ့မြို့ငယ်လေးတွေရဲ့အပေါ်
နှစ်ရှည်လများ ....
ဖူးပွင့်နေခဲ့တဲ့ပန်းခင်းလေးတွေရဲ့အပေါ်
နှစ်ရှည်လများ .....
စီးဆင်းနေခဲ့တဲ့မျှော်လင့်ချက်တွေရဲ့အပေါ် ။

ရုတ်တရက်၊ ပေါက်ကွဲသွားတယ်
လမ်းမပေါ်ကလူတစ်ချို့
ဗုံးခိုကျင်းတွေထဲ မရောက်ကြသေးခင်
ဘုရားကျောင်းဆီက
ဆုတောင်းဝတ်ပြုသံ အဆုံးမသတ်ရသေးခင်
စာသင်ကျောင်းဆီက
ကလေးငယ်တွေ အိမ်ပြန်မရောက်ကြသေးခင် ။

ရုတ်တရက်၊ ခိုးယူသွားခဲ့တယ်
ဖခင်များရဲ့ သွေးစက်တွေ
မိခင်များရဲ့ မျက်ရည်တွေ
ကလေးငယ်များရဲ့ အနာဂတ်တွေ။

ရုတ်တရက်၊ ချန်ထားပစ်ခဲ့တယ်
လေထဲမှာ စိမ့်နေတဲ့
အဆိပ်ဓာတ်ငွေ့တွေ
နံရံတွေပေါ်မှာ နစ်မြုတ်နေတဲ့
… သေနတ်ကျည်ဆံတွေ
လူတစ်ချို့ရဲ့ကိုယ်ပေါ်မှာ
တပ်ဆင်ထားတဲ့ခြေလက်အတုတွေ ။

“နောက်ဆုံးမှာတော့
မိခင်နဲ့ဖခင်တွေ နာကျင်သေဆုံးခဲ့ရတဲ့
အကြောင်းကို
သူတို့ရဲ့ကလေးငယ်တွေ
စက်ရုပ်ဆန်ဆန်ရွတ်ဆိုကျက်မှတ်နိုင်ဖို့
သမိုင်းစာအုပ်များရဲ့
စာမျက်နှာတွေပေါ်မှာ
အနက်ရောင်စာလုံးများအဖြစ်
စွန်းထင်းပေကျံသွားတော့တယ် ။”

(မြင့်မိုးအောင်)

credit to .... poem echo

PS ...
“ပြည်သူအချင်းချင်း သတ်နေကြတဲ့
ပြည်တွင်း စစ်ပွဲ နဲ့ ပဋိပက္ခ တွေ အမြန်ဆုံး ရပ်တန့်သွားပြီး
ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပါစေ …..”

Saturday, November 22, 2014

TRUE IMAGES (283)


“၀က် နဲ့ နပန်းမလုံး နဲ့”

“၀က် နဲ့ နပန်းမလုံး နဲ့”
။။။။။။။။။။။။။။။။။။။။။။။။။
“ဘယ်သောအခါမှ ၀က်တစ်ကောင်နဲ့
နပန်းမလုံး လိုက်လေနဲ့ ။
သင်တို့ နှစ်ကောင်စလုံး ရွှံ့ ပေကျန်ရစ်မယ် ။
သို့သော် ဝက်က ဒါကို ပျော်လိမ့်မယ် ။”

" Don’t ever wrestle with a pig.
You’ll both get dirty,
but the pig will enjoy it.

(Cale Yarborough)
credit to .... boardofwisdom &
English-မြန်မာ စာပဒေသာ

Friday, November 21, 2014

TRUE IMAGES (282)


“ပုံပြင်”

“ပုံပြင်”
။။။။။။။။
"ရွှေယုံနဲ့ရွှေကျား"
သက်ကယ်ရိတ်တယ်ပေါ့ကွယ် ။

မနေ့ကလည်း ဒီပုံပြင် …
ဒီနေ့လည်း ဒီပုံပြင် …
မေမေရယ်
သားသိပါတယ်
နောက်ဆုံးတော့လည်း
နွားချေး နဲ့ သလဲ ပါပဲ … ။

(ဘိုဟန်)

credit to .... လမ်းမပေါ်က သက်ပြင်းသံများ

Thursday, November 20, 2014

TRUE IMAGES (281)


"ရေးချင်မိတဲ့ စာ(၄)"

"ရေးချင်မိတဲ့ စာ(၄)"
။။။။။။။။။။။။။။။။။။။။။။။။
18 November 2014 သတင်းမှာ
“၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု
သူရဦးရွှေမန်း ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်
ဖတ်လိုက်ရတယ် … အမေ ။


အဲဒီ့ သတင်းအပေါ်အမေ ဘယ်လို
တုန့်ပြန်မလဲဆိုတာ စောင့်ဆိုင်းနေရင်း ….

19 November 2014 သတင်းမှာ
“သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်း
စုကြည် လက်ခံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ထပ်သတင်းတစ်ပုဒ်
ဖတ်မိပါတယ် ... အမေ။

ဘာတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကိုယ့်အသိဥာဏ်နဲ့
သဲသဲကွဲကွဲ နားမလည်နိုင်သေးပေမယ့် ….....

8 November 2014 အမေ့ရဲ့ ကယား ပြည်နယ်လွိုင်ကော်မြို့
ခရီးစဉ်မှာ ဒေသခံတွေကိုပြောခဲ့တဲ့ အမေ့ မိန့်ခွန်းကိုတော့ ပြန်အမှတ်
ရမိပါရဲ့ အမေ … ။ အဲဒီ့မှာ အမေပြောခဲ့တာက ....
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက
တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ်နေတယ် ….
ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ ပြည်သူလည်း
မနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်
လုပ်သွားပါ့မယ် လို့ပြောလိုပါတယ် …”
လို့ အမေပြောခဲ့တယ်နော် ….။

အမေပြောတဲ့ “ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း
သိက္ခာမကျအောင်” … ဆိုတဲ့ ပြောစကားကို ထပ်ခါထပ်ခါ ဖတ်ပြီး
(စဉ်းစား) ကြည့်မိပါရဲ့ …. ။
စဉ်းစားရင်း ရေးရေးမြင်မိတဲ့ အသိအရတော့ ....
"ယုံပါတယ် အမေ …အမေ့ စိတ်ထဲမှာ တိုင်းပြည် နဲ့ ပြည်သူသာ
အဓိက" ဆိုတာကို ….။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်းမှာ
(အများစုသော) သူတို့ ….. သူတို့ …. တွေရဲ့ အတ္တတွေ ကြားထဲ
လုပ်ရကိုင်ရတာအမေ ဘယ်လောက် စိတ်ပင်ပန်း ...
လူပင်ပန်း ဖြစ်နေမလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ် … အမေ။

နောက်ဆုံး .... အခြေအနေ နဲ့ အချိန်အခါ အလိုက် ....
ဘာတွေ ဘယ်လိုပဲဖြစ် လာလာ .... ကျိန်းသေတာ
တစ်ခုတော့ရှိတယ် …. အမေ ....။
အမေကတိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူကိုအလေးထားတဲ့ “ပြည်သူရဲ့ခေါင်းဆောင်၊လူထုရဲ့ခေါင်းဆောင်” ...
နောက်ပြီး .. အမေ လုပ်ဆောင်နေသမျှ အရာတွေဟာ
"တိုင်းပြည် နဲ့ ပြည်သူ့ အကျိုး အတွက်" ပဲ
ဆိုတာအကြွင်းမဲ့ ယုံကြည်ထားတော့ ....

အမေ ... ဘယ်လမ်းကိုညွှန်ညွှန် ဘယ်လမ်းကိုသွားသွား
အမေချပြတဲ့ လမ်းပေါ်မှာ အမေ့အပေါ် လုံးဝဥသုံ ယုံကြည်ချက်အပြည့်အ၀နဲ့ ထောက်ခံရင်းလိုက်ခဲ့မယ်
ဆိုတာတော့ သံဓိဋ္ဌာန် ချထားပါတယ်အမေ …. ။

(mhp)

credit to ..... original news agencies

Wednesday, November 19, 2014

TRUE IMAGES (280)


“မင်းသားကြီးများ .... သို့"

“မင်းသားကြီးများ .... သို့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“မင်းသားကြီး မလုပ်ရလျှင် မနေနိုင်သော
ထိုခေါင်းဆောင်တစ်စုတို့သည်
ပတ်မကြီးကို ထိုးဖောက်လျက် ရှိကြသည်။
၎င်းတို့ အတွက်မှာမူ ….
၎င်းတို့ခေါင်းဆောင်ဖြစ်မှုသာလျှင်
အဓိကဖြစ်သည်။
လူထု လွတ်လပ်ရေးမှာ သူတို့ ခေါင်းဆောင် ဖြစ်မှုလောက်
အရေးမကြီးပေ။

ထို့ကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်ရသည့်အခါတွင်
ဗမာ့ လွတ်လပ်ရေး လမ်းစဉ်ကို မည်သို့ပင် ထိခိုက်စေကာမူ
ဂရုမစိုက်ဘဲ ထိုမင်းသားကြီး မလုပ်ရသူများသည်
ပတ်မကြီးကို ထိုးဖောက်ရန်
လုံ့လပြုခဲ့ကြသည်ကို တိုင်းပြည်လူထု၏
မျက်မြင်ပင်မဟုတ်လော။”

(ဗိုလ်ချုပ်အောင်ဆန်း)

၁၉၄၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၆ နာရီ ၃၈ မိနစ် အချိန်တွင်
"ဗိုလ်ချုပ်အောင်ဆန်း ၏ မေတ္တာရပ်ခံချက် စာတမ်း" ကို
ဗိုလ်ချုပ် ကိုယ်စား မြန်မာ့အသံထုတ်လွှင့်ချက်မှ .....

credit to .... ourbogyoke

Tuesday, November 18, 2014

TRUE IMAGES (279)

"ယုတ်လုံး"

"ဇော"

"ဇော"
။။။။။။။
... သေဇော အကပ် မှာ
... ဇောချွေး တစ်စက် ကျတယ်
စက္ကန့်တံ တစ်ပတ် ဆိုတာ
ဝင်သက် ထွက်သက် များစွာနဲ့
ကျားကွက် ထိုးနေခဲ့ပါရဲ့… ။

သင်သေသွားသော်
သင်သည် အသက်မရှိ
သင့် အား ရပ်ကွက်မှ ရေချိုးပေးမည်
(ဂျီး) မတွန်းပေးပါ ... ။

စကားမတတ်သော
လူသေအလောင်း ဖြစ်၍
သင်ကြိုက်သော မိတ်ကပ်
လိမ်းမပေးပါ …
အပေါစား မိတ်ကပ် အချို့တော့
လိမ်းပေးကောင်း ပေးလိမ့်မည် ... ။

သင် ကြိုက်သော ပန်း အချို့
သင် ပန်ချင်မှ ပန်ရမည် သို့သော်
အပေါစား ပန်းအချို့ တော့
သင့် ဘေးမှာ ရှိနေဦးမှာပါ ... ။

သင့် အကြိုက် ဖက်ရှင်
ဝတ်ဆင်ပေးမည် ဟု
သင်ထင်ပါသလား...? ။

သင်သည် လူသေဖြစ်နေပြီ
သင့် အတွက်
ထမင်းအနည်းငယ် ရမည်
(အယ်လ်ဇေး ရှင်းမစားပါ...)
ကူးတို့ခ တမတ် ကွက်တိရမည်
(လှေ ဈေးတက်ရင် မကူးပါနဲ့တော့...)
ရေအိုး အကွဲ တစ်လုံးရမည်...

*** ခင်ဗျား က တော့
ဒီ ထက်မက ရှာခဲ့ရတယ်
ဒါပေမယ့်
ခင်ဗျား ရှာခဲ့သမျှ ရွှေငွေတွေ
ခင်ဗျား စီးခဲ့တဲ့ ကားတွေ က
ပိုင်ရှင် အသစ်ကို မျှော်နေပြီ
ခင်ဗျား လည်း တရွေ့ရွေ့ နဲ့
မီးခိုးခေါင်း တိုင်ကို မြင်နေရပြီပဲ ၊၊ ***
မပူပါနဲ့...
သူတို့ က လူသေကို လူသေလို
ဆက်ဆံကြပါတယ် ... ။

ခင်ဗျား ပေါင်ကြားကို
ဝါးလုံးနဲ့ ထိုးပြီး
လောင်စာ ဖြည့်ထားတဲ့
အခန်းငယ်လေးထဲ ထည့်လိုက်မယ် ... ။

နည်းနည်း လူကောင်ကြီးရင်
သုံးပိုင်းပိုင်း လို့ရပါတယ်
မြန်မြန် ပြာကျတာပေါ့ဗျာ .... ။

အပူရှိန်ကြောင့်
အဆီတွေ အသားတွေ ဖောင်းတက်လာရင်
သံချွန်တွေ နဲ့ ဂရုတစိုက်
ထိုးဖောက်ပေးကြလိမ့်မယ် ... ။

အသားလေး ကျက်သွားရင်
လူရုပ်မပေါက် တဲ့ ခင်ဗျားကို
ဘေးမှာ ပုံ ထားလိမ့်မယ်
စိတ်ပူပါနဲ့
အဖော်တွေ ရှိပါတယ် ... ။

ခွေးတကောင် ၀င်လာရင်တော့
ခင်ဗျား ကုသိုလ် ရပြီ ။

*** အဲဒီ အချိန်မှာ
ခင်ဗျား ရဲ့ ရာထူးကြီး က
မလုပ်ပါနဲ့လို့ မတားပါဘူး
အဲတာကြောင့်
သိပ် အတ္တ သိပ် မကြီးကြပါနဲ့ ။ ***

(ကျနော်)

credit to ... We live in Philosophy

PS .... "ယူတတ်ရင် သံဝေဂ တရား ရစရာပါ။"

Monday, November 17, 2014

TRUE IMAGES (278)

“လောလောဆယ်တော့ ကျော်မကောင်း၊ 
ကြားမကောင်းဖြစ်သွားတဲ့ ဒန်ပေါက် အကွက်”

"အကန်းနဲ့ အလင်းရောင်"

"အကန်းနဲ့ အလင်းရောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။
“အကန်းတွေ မမြင်ပေမယ့်
အလင်းရောင်ကတော့
အလင်းရောင်ပါပဲ”

"A Light Is Still A Light
Even Though
The Blind Man Cannot See It."
(Austrian Proverb)

credit to ..... pinterest & လူဗိုလ်ဟူသည်.

Sunday, November 16, 2014

TRUE IMAGES (277)


"ရေးချင်မိတဲ့ စာ(၃)"

"ရေးချင်မိတဲ့ စာ(၃)"
။။။။။။။။။။။။။။။။။။။။။။။။
အမေစု နဲ့ အမေရိကန် သမ္မတ အိုဘားမား တို့ diplomacy သဘောအရ
ရင်းရင်းနှီးနှီး ဆက်ဆံနေကြ တဲ့ ပုံတွေကို post တွေ၊ comment တွေနဲ့
ရိုင်းစိုင်းစွာရေးသားတိုက်ခိုက် နေတာတွေ့တော့
အလွန်စိတ်မကောင်းဖြစ်မိပါတယ်။


အမေအရွယ်နဲ့ သားအရွယ်လောက် ကိုအသက်ကွာတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့
ဂုဏ် နဲ့ သိက္ခာကိုတော့ လေးစားသင့်ပါတယ်။ အမေစု က19 June 1945 ဖွါး
အသက် က ၆၉ နှစ်၊ သမ္မတ အိုဘားမား က August 4, 1961 ဖွါး အသက်က
၅၃ နှစ်ပါ။ အဲဒါကို ကိုယ် ကြည့်တတ်တဲ့ တဏှာအမြင်၊
တဏှာအတွးတွေနဲ့  ရေးသား ဆဲဆို ပုတ်ခတ်နေကြတာတွေ ဟာ
ကိုယ့် ဂုဏ်နဲ့ အဆင့်အတန်းကို လှစ်ဟပြသလိုပါပဲ။

“ရိုင်းစိုင်းမှု” ဆိုတာ “ယဉ်ကျေးမှု” ရဲ့ ဆန့်ကျင်ဘက်ပါ။ လူကြားကောင်းအောင်
“မြန်မာ့ယဉ်ကျေးမှု” “မြန်မာ့ယဉ်ကျေးမှု” ဆိုတာကြီးကို ဗန်းပြပြီး
ကိုယ်ရိုင်းစိုင်းစွာ ဆဲဆိုနေတာတွေဟာ အဲဒီ “မြန်မာ့ယဉ်ကျေးမှု” ဆိုတာနဲ့
ကိုက် / မကိုက် ဦးစွာအရင်ဆန်းစစ်စေချင်ပါတယ်။

ဆန်းစစ်ပြီးပြီ ဆိုရင် နိုင်ငံတကာက ခေါင်းဆောင်တွေ diplomacy သဘောတရား
အရ “ရင်းနှီးရင်… ရင်းနှီးသလောက်” နွေးထွေစွာ ဘယ်လိုကြိုဆိုနှုတ်ဆက်တတ်ကြ
တယ် ဆိုတာ တဏှာအမြင်၊တဏှာအတွေးမပါပဲ ကမ္ဘာ့အမြင်၊ကမ္ဘာ့အတွေးနဲ့
ကြည့်ဖို့ တင်ပေးလိုက်ပါတယ်။

(အရှေ့တိုင်း နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ကွာတယ်ဖြစ်မှာစိုးလို့ …)
1 to 4 က အရှေ့တိုင်း ခေါင်းဆောင် တွေဖြစ်ပြီး
5 to 8 က အနောက်တိုင်း ခေါင်းဆောင် တွေဆိုပြီး ခွဲခြားတင်ပေးပါတယ်။

1. China's President and Brazil's President
2. President U Thein Sein (in Auckland, New Zealand)
3. Prime Minister of India and BJP senior leader
4. Prime Minister of Japan and Prime Minister of Turkey
5. Pope Francis and (former) Israel's President
6. German Chancellor and French President
7. U.S. President and Jay Carney (29th White House Press Secretary)
8. (former) President of Israel and (former) U.S. Secretary of State

ပုံတွေမှာမြင်ရတဲ့ အတိုင်း ….
မိန်းမနဲ့ ယောက်ျား တွေ့မှသာ ရင်းရင်းနှီးနှီး ဆက်ဆံကြတာမဟုတ်ပဲ
ယောက်ျား၊ယောက်ျား ချင်းလည်း တရင်းတနှီး နွေးထွေစွာဆက်ဆံ ကြတယ်ဆိုတာ
မြင်တတ်ပါစေ။ အဲဒါကိုလည်း gay တွေ .. sissy တွေ ဆိုပြီး မလုပ်လိုက်နဲ့ဦးနော်။

(mhp)

credit to …. Original photo uploaders

Saturday, November 15, 2014

"အနာဂတ်အတွက် ... ပြုံး"

"အနာဂတ်အတွက် ... ပြုံး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်တော့ မတွက်ထားနဲ့ မောင်ကျော်
အနတ္တဆိုတာ … ဘုရားဟောပဲ
တကယ်မရှိတဲ့အတ္တကို မဆုပ်ကိုင်စမ်းပါနဲ့
မင်း လမ်းပျောက်သွားမယ်။

အစွဲအလမ်းမကြီးစမ်းပါနဲ့ မောင်ကျော်
ကျေကျေနပ်နပ် ရစ်ပတ်ခံနေတတ်ပြီလား
ကြိုးထုံးတွေကို ဖြတ်ဖို့ခက်တာ
ငါ ကိုယ်ချင်းစာပါတယ်ကွာ။

အားမလျှော့စမ်းပါနဲ့မောင်ကျော်
“ဘ၀” … အဲဒါကိုရပြီဆိုတာနဲ့
မင်းမနားတမ်း “က”ရမှာပဲ …
ဒသဂီရိလို … ကမလား
ဦးဖိုးစိန်လို … ကမလား
မင်း သေသေချာချာစဉ်းစား။

မယုတ်ညံ့မိစေနဲ့ မောင်ကျော်
ဘယ်ကိုပဲ သွားချင်သွားချင်
မင်းဘာသာ မင်းသွားပါကွာ
ပထမတွေ … ဒုတိယတွေကအရေးမကြီးဘူး
အရေးကြီးတာက မင်းလိုရာရောက်ဖို့ပဲ
အဆင့်တွေမဟုတ်ဘူးကွ။

တန်ရာတန်ရာပဲရမယ် မောင်ကျော်
မင်းက … ၀က်သားဆိုရင်
ဝက်သားကြိုက်တဲ့လူက ၀ယ်လိမ့်မယ်
မင်းက … ပဲပင်ပေါက်ဆိုရင်
ပဲပင်ပေါက်ကြိုက်တဲ့လူက ၀ယ်လိမ့်မယ်
ဒါပေမယ့် … မင်းစိတ်ဓာတ်မကျပါနဲ့
လူတော်တော်များများကတော့
တန်ဖိုးဆိုတာကို …
အပေါစားပေတံတွေနဲ့ပဲ
တိုင်းတတ်ကြတယ်ကွ။

ပြုံးထားစမ်းပါ မောင်ကျော်
မင်းရှုံးမယ်ဆိုရင်တောင် ပြုံးလိုက်စမ်းပါ
သေတဲ့အထိတော့ မင်းမရှုံးနေပါဘူး
ကျိန်းသေပေါက်ရောက်လာမယ့်
အနိုင်တွေအတွက်
မင်းကြိုပြီးပြုံးထားလိုက်တော့ မောင်ကျော်။

မင်းပြုံးတာကြီးက မလှပေမယ့်
မှုန်သုန်နေတာထက်တော့
မဆိုသလောက်လေး သာပါတယ် မောင်ကျော်။

ဟုတ်တယ်
မင်းပြုံးလိုက်တော့မောင်ကျော် ……. ။

(werewolf)

credit to .... poemscorner

Friday, November 14, 2014

“လူကြီးမင်းများခင်ဗျာ ….”


Fri တစ်ယောက်က ဒီလို message ပို့လာပါတယ်။
(ကစားနည်းလေးတွေပို့နေတာတွေ့တော့ ဒီလိုလေးစဉ်းစားမိပါတယ်။ ရှမ်းဘုန်းကြီးအိမ်မက်လိုပေါ့ဗျာ။ 

၂၀၀၈အခြေခံဥပဒေထဲကပုဒ်မ၄၃၆နဲ့ ၅၉(စ)ကိုပြင်ပေးပါလို့တောင်းဆိုတဲ့ စာကြောင်းလေးတွေကို fbပေါ်ပိုစ့်တင်ပေးကြပါ။ 
ကိုယ့်ရဲ့ပိုစ့်ကို like နဲ့ comment လုပ်သူတိုင်းကိုလည်း ဒီစာသားကိုရေးတင်ပေးဖို့ တောင်းဆိုပေးပါနော်။ 
"၂၀၀၈အခြေခံဥပဒေထဲက ပုဒ်မ၄၃၆နဲ့ ၅၉(စ)ကို ပြင်ဆင်ပေးပါ")
သူတောင်းဆိုတဲ့ အတိုင်းတင်ပေးတာပါ။ 


for picture; credit to ….. cbcradio

Thursday, November 13, 2014

TRUE IMAGES (276)


“ကျနော့််ရဲ့ သူရဲကောင်း”


“ကျနော့််ရဲ့ သူရဲကောင်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒေါ်အောင်ဆန်းစုကြည်ဟာ
သူလုပ်ဆောင်ပြခဲ့တာတွေ
သူ့ရဲ့ စာပေအရေးအသားတွေက တဆင့်
ကျနော်အပါအ၀င် တစ်ကမ္ဘာလုံးမှာ ရှိတဲ့သူတွေကို
စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့
ဒီမိုကရေဒီရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။
သူရဲ့ သတ္တိ၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံအတွက် ပေးဆပ်ဖို့
စိတ်ပိုင်းဖြတ်ထားမှုတွေကို
ကျနော်အမြဲတမ်းပဲ လေးစားခဲ့ပါတယ်။” (၂၀၁၄)

“သူမဟာ ကျနော့််ရဲ့ သူရဲကောင်း
တစ်ယောက်ဖြစ်သလို၊ မြန်မာပြည်နဲ့
တစ်ကမ္ဘာလုံးမှ အခြေခံ လူ့အခွင့်ရေး တိုးတက်ဖို့
အလုပ်လုပ်နေသူ အားလုံး အတွက် စေ့ဆော်
အားပေးတဲ့ ရင်းမြစ်တစ်ခု ပါပဲ။” (၂၀၁၀)

(US President Barack Obama)

credit to ..... Irrawaddy Publishing Group
& Maukkha Education Magazine

PS ....
“ကမ္ဘာ့ ခေါင်းဆောင်တစ်ယောက်ရဲ့ နှုတ်ထွက်စကားပါ။”

Wednesday, November 12, 2014

TRUE IMAGES (275)

"စေတနာ"

"ငြိမ်းချမ်းရေး"

"ငြိမ်းချမ်းရေး"
။။။။။။။။။။။။။။။။
“ဘုရားသခင်တိုင်းက စစ်မှန်တဲ့ ငြိမ်းချမ်းရေး
တရားတွေပဲဟောခဲ့တယ်။
အဲဒါကို တစ်ဖက်စွန်းတွေ ရောက်ကုန်
တာကို ပြုပြင်ရမယ်။

လူတိုင်း၊ လူတိုင်း ကိုယ်ချင်းစာ
စိတ်လေးတွေ ရှိကြမယ်ဆိုရင် ......
မငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းမှလည်း
ကိုယ့်အိမ်ထောင်စုငြိမ်းချမ်းမယ်။
ကိုယ့်အိမ်ထောင်စု ငြိမ်းချမ်းမှလည်း
ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်၊ ကိုယ့်တိုင်းပြည်၊
နောက်ပြီး ကမ္ဘာကြီးငြိမ်းချမ်းမယ်။

အဲဒီတော့ ကိုယ်ကိုယ်တိုင် ပြုပြင်ရမယ်။
စိတ်ရိုင်း၊ စိတ်မိုက်တွေဝင်နေသရွေ့တော့
ဘယ်လိုမှမငြိမ်းချမ်းနိုင်ဘူး။”
(ဦးကျော်သူ)

ဆောင်းပါးရှင် "မျိုးမောင်" ၏ "ဗြဟ္မစိုရ်တရားတွေ မွေးကြမှ
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဟာ
အဓိပ္ပာယ်ရှိမယ်ဆိုသူ ဦးကျော်သူ" ဆောင်းပါးမှ

credit to .... popularmyanmar

Tuesday, November 11, 2014

TRUE IMAGES (274)


“ဘုရင်”

“ဘုရင်”
။။။။။။။။
“စာနာ၊တွေးခေါ်တတ်သူတွေ
ဘုရင်ဖြစ်မလာသရွေ့၊
ဒါမှမဟုတ်ရင်လည်း
အခု ဘုရင်ဖြစ်နေတဲ့လူတွေ
စာနာတွေးခေါ်တတ်မလာသရွေ့ကတော့
နိုင်ငံသူနိုင်ငံသားတွေဟာ …..
လောက၀ဋ်ဆင်းရဲထဲက လွတ်မြောက်နိုင်ကြမှာ
မဟုတ်ပါဘူး။”
(နီမင်းဆွေ)
ဆောင်းပါးရှင် "နီမင်းဆွေ" ၏
"နောက်ဆုံးဧကရာဇ်" ဆောင်းပါးမှ
credit to ..... Eleven Media Group

Monday, November 10, 2014

TRUE IMAGES (273)


"တွေ့ဆုံဆွေးနွေးခြင်းဆိုတာ ဒီမိုကရေစီ "

"တွေ့ဆုံဆွေးနွေးခြင်းဆိုတာ ဒီမိုကရေစီ "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးဖြစ်စဉ်
တစ်ခုတည်းမဟုတ်ဘူး။
ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုပဲ။
ယဉ်ကျေးမှုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့
တစ်ဦးနဲ့တစ်ဦး ဆွေးနွေးပြီးတော့ ပြဿ နာတွေကို ဖြေရှင်းနိုင်တဲ့
ပညာရှိရမယ်၊ ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။
တချို့က ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။
တချို့က သိလျက်နဲ့ မလုပ်ချင်ကြဘူး၊ မလုပ်ရဲကြဘူး။

ကျမတို့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်ဖို့ရာမှာ
လမ်းမှာတွေ့ဆုံရမယ့် အခက်အခဲတွေကို
ဘယ်လို ကျော်လွှားရမယ်ဆိုတာ အားလုံးက ညှိနှိုင်းပြီး
အဖြေရှာရမှာ ဖြစ်ပါတယ်။
အဲဒီအဖြေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံရမယ်၊
အကောင်အထည်ဖော်ရမယ်။"

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... DVB

Saturday, November 8, 2014

TRUE IMAGES (272)

“မောပြီးရင်း မောနေကြရတဲ့ ဘ၀များ”

“ငါ၏ - ငါသာ”

“ငါ၏ - ငါသာ”
။။။။။။။။။။။။။။။။။
“သစ်ပင်ပေါ်က သစ်ကိုင်းထက်မှာ နားနေတဲ့ငှက်ဟာ
သစ်ကိုင်းကျိုးကျသွားမှာကို ယောင်လို့တောင်မှ
စိတ်မပူပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ယုံ ကြည်မှု့ဟာ
သစ်ကိုင်းပေါ်မှာ ပုံအပ်ထားတာမဟုတ်ပဲ
သူ့ကိုယ်ပိုင်တောင်ပံတွေပေါ်မှာပဲ
ထားရှိထားလို့ပါပဲ။
သင့်ကိုယ်သင်ယုံကြည်စိတ်ထားပါ။”

“ A bird sitting on a tree is never afraid of
the branch breaking,
because her trust is not on the branch
but on it’s own wings.
Always believe in yourself ”
(Unknown)

credit to .....
Quote Analysis & English-မြန်မာ စာပဒေသာ

PS ....
လူငယ်တိုင်း မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အချင်း အစွမ်းအစအပေါ်
ယုံကြည်စိတ် အပြည့်နဲ့ရပ်တည်နိုင်ကြတဲ့
အတောင်မကျိုးသော ငှက်ငယ်မျိုးသာ ဖြစ်ကြပါစေလို့ ……. ။

Friday, November 7, 2014

TRUE IMAGES (271)


"ဇာတ်သိမ်းခန်း"


"ဇာတ်သိမ်းခန်း"
။။။။။။။။။။။။။။။။။။
“ဒေါ်စုတက် ရင် သာသနာ
ညှိုးနွမ်းမယ်” တဲ့
ဘုန်းကြီးသတ်တဲ့သူတွေက
ပြောတယ်။

“ဒေါ်စု က အုပ်ချုပ်ရေးပညာ
မတတ်ဘူး” တဲ့
တိုင်းပြည်ချွတ်ခြုံကျအောင်
အုပ်ချုပ်ခဲ့သူတွေက ပြောတယ်။

“ဒေါ်စုကပြည်ပအားကိုး
ပုဆိန်ရိုး” တဲ့
ရှိသမျှ သယံဇာတ ကုန်အောင်
ပြည်ပ ရောင်းစားနေသူတွေက
ပြောတယ်။

ဒို့တိုင်းပြည်ကိုသူတို့ ...
ဒီမိုကရေစီ ပေးလိုက်တာ
ဘာသာရေး ပဋိပက္ခတွေ
စစ်ပွဲတွေ
ထောင်ထဲရောက်သွားတဲ့
သတင်းထောက်တွေ
လူဝတ်လဲခံရတဲ့ကိုယ်တော်တွေ
လယ်သိမ်းယာသိမ်းမြေသိမ်း
ဘုန်းကြီးကျောင်းပါ
သိမ်းကြတာတွေ

ဇာတ်လမ်းအဆုံးသတ်က
“တိုင်းပြည်၏ အခြေအ နေ
အရပ် ရပ်အတွက်
တပ်မတော်မှ မလွဲသာ မရှောင်သာ
အာဏာသိမ်းလိုက် ရသည်” ပေါ့။

ဝေယံအောင်(ဓါတုဗေဒ)

credit to ..... ရဲရဲတောက်မြန်မာ

PS ......
ဘယ်သူမှ ကြိုက်မှာမဟုတ်တဲ့ “ဇာတ်သိမ်းခန်း” ပါ။
ဒါ့ကြောင့် ….
သူတို့သွားနေတဲ့ လမ်းကြောင်းအပေါ်
“အသိနဲ့ သတိ” ရှိကြစေဖို့
တင်လိုက်တာပါ။

Thursday, November 6, 2014

TRUE IMAGES (270)


"တရား(တဲ့) ဥပဒေ စိုးမိုးစေချင်"


"တရား(တဲ့) ဥပဒေ စိုးမိုးစေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့်
ဥပဒေ ချိုးဖောက်ခွင့် (ဝါ)
*** ဥပဒေအထက် တစ်စုံတစ်ယောက်၊
တစ်ဖွဲ့တစ်စု ရှိနေသကဲ့သို့ *** ဖြစ်နေခြင်းက
တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို
တစ်နေ့တခြား စိုးရိမ်ထိတ်လန့်စိတ် တိုးပွားလာစေသည်။
စိုးရိမ်ထိတ်လန့်မှုနှင့်အတူ မည်သူ့ကိုမဆို မယုံသင်္ကာ၊
သံသယစိတ်ဖြင့် အထင်အမြင်လွဲမှားမှု၊
အလွဲအဓိပ္ပာယ် ကောက်ယူမှုများ နောက်ဆက်တွဲ ဖြစ်ပေါ်
လာကာ နိုင်ငံသားအားလုံး (ဝါ) အမျိုးသား လုံခြုံရေးကိုပါ
ထိခိုက်လာနိုင်ပေသည်။”

"တရားဥပဒေ စိုးမိုးမှုမရှိ သို့မဟုတ် နိုင်ငံသား တစ်ဦးချင်း၏
လုံခြုံရေးပင် စိုးရိမ်ဖွယ် အခြေအနေ ရောက်
ရှိနေကြောင်း ပြည်သူအများ လက်တွေ့ခံစားလာ ရပြီဆိုလျှင်
အာဖရိကတိုက်ရှိ လူမျိုးတုံး သတ်ဖြတ်မှုများ
ကျူးလွန်နေသော နိုင်ငံများတွင် ကျီးလန့်စာစား နေ
ထိုင်နေကြရသည့် နိုင်ငံသားများနှင့် ဘာမျှ မကွာခြားတော့ပေ။"

အယ်ဒီတာ - " နိုင်ငံသားတစ်ဦးချင်း လုံခြုံရေး" ..... မှ
(The Voice Daily Editorial)
credit to ..... The Voice Weekly

PS .....
“သေဆုံးသွားသော အလွတ်သတင်းထောက် ကိုပါကြီး အပါအ၀င်
လူမသိ သူမသိ ဖမ်းဆီးထောင်ချ / အသတ်ဖြတ်ခံရသော နိုင်ငံရေးသမား
အားလုံး ပွင့်လင်းမြင်သာပြီး စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး
ရရှိခံစား နိုင်ကြပါစေ …… ။”

TRUE IMAGES (269)


“ပြု ပြင်ဖို့ ခက်တဲ့လူများ”


“ပြု ပြင်ဖို့ ခက်တဲ့လူများ”
။။။။။။။။။။။။။။။။။။။။။။။။။။။။
“တချို့လူတွေဟာ သူတို့ကိုယ်သူတို့
ဘယ်တော့မှအမှားကို မလုပ်ဘူးလို့ထင်မှတ်နေတယ်။
အမှားကို အမှားမှန်း
မသိတာဟာတော်တော် ပြင်ဖို့ခက်ခဲတဲ့ကိစ္စပဲ”

"ကိုယ့်အပြစ်ကို အပြစ်မှန်းမသိလို့ရှိရင် ပြင်ချင်တဲ့စိတ်က
လုံးဝမရှိဘူး၊
အပြစ်ကို အပြစ်မှန်းသိတယ်၊
ကိုယ်က ....
မှားမှန်း သိတယ်ဆိုရင် ဝန်ခံသည်ဖြစ်စေ၊
ဝန်မခံသည်ဖြစ်စေ ဒါမဟုတ်ဘူးဆိုတဲ့
အသိစိတ်ကလေး ကြောင့်ကို
တစ်နေ့၊ တစ်ချိန်၊ တစ်ခါမှာ ကိုယ့်ကိုကိုယ်ပြု ပြင်လာတဲ့
အခြေအနေကို ရောက်နိုင်တယ်၊
ကိုယ် မှားတယ် ကိုယ့်မှာအပြစ်ရှိတယ်ဆိုတာကို
လုံးဝမသိဘူး၊ လုံးဝကိုယ့်ကိုကိုယ်လည်း ဝန်မခံဘူး၊
သူများ ကို လည်း ဝန်မခံဘူးဆိုတဲ့
ပုဂ္ဂိုလ်တွေကတော့ ပြု ပြင်ဖို့
ခက်လိမ့်မယ်ထင်တယ်"

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... RFA Burmese

Tuesday, November 4, 2014

TRUE IMAGES (268)


"ရှိုက်သံ"


"ရှိုက်သံ"
။။။။။။။။။။
ပန်းခြံထဲက Sunday မှာ
သာသာယာယာ မိသားတစ်စု
သားကအဖေကို
ကျီစယ်
အမေက သမီးကို
ပုံပြောပြနေတယ်
ဖျာပေါ်မှာ အစားအသောက်တွေ
ခင်းကျင်းလို့ .... ။
ခပ်လှမ်းလှမ်းမှာ
မျက်ရည်တွေ
သံချွန် နဲ့ ထိုးကောက်လို့
ကလေးတစ်ယောက် ..... ။
(ဘိုဟန်)
credit to ..... လမ်းမပေါ်က သက်ပြင်းသံများ

Monday, November 3, 2014

TRUE IMAGES (267)


“ပြောင်းလဲနေပြီ .... တဲ့"


“ပြောင်းလဲနေပြီ .... တဲ့"
။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော်တို့တိုင်းပြည်ဟာ အထက်ကနေပြီးတော့
ဆိုင်းဘုတ်လှလှတွေတင်တယ်၊
အသံကောင်းကောင်းတွေ လွှင့်တယ်။
“ပြောင်းလဲနေပြီ၊ ပြောင်းလဲနေပြီ” လို့ ပြောသော်ငြား
လည်း
တကယ့်တကယ်ကျတော့
အထူးသဖြင့် .....
လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေဟာ
စိတ်ကြိုက်လုပ်ဖို့ ကြိုးစားနေတုန်းပဲ …. ။
(ကိုမင်းကိုနိုင်)
                                 
                                       credit to ...... ဗွီအိုအေ မြန်မာ