Sunday, August 31, 2014

TRUE IMAGES (237)


" အ လှ သ စ္စာ "


 
" အ လှ သ စ္စာ "
။။။။။။။။။။။။။။။။။။။။

*** ကောင်း တာ ကို ကြံ ၊
*** မှန်တာ ကို လုပ် ၊
*** ဟုတ်တာ ကို ပြော ၊

သင့် မနော သည် ၊
နေ့ရော ညပါ လှ နေ မည် ။ ။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to .... 0n Air စာအုပ်၊စာပေ၊ဟာသ၊ကဗျာ၊နှင့်
အခြားသောအရာများ

Friday, August 29, 2014

TRUE IMAGES (236)


“အောက်ခြေ မခိုင် သေးဘဲနဲ့
လွင်တီးခေါင်ခေါင်မှာ သရုပ်ပြဦးမယ့်
ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း”

"အဲဒါသူပဲ။”



"အဲဒါသူပဲ။”
။။။။။။။။။။။။။။

တကယ်တော့ ပင်လယ်ပြာနှင့် တံငါအို ဆိုသည့် စာအုပ်ကို ကျွန်တော်
ခပ်ငယ်ငယ်က ဖတ်ဘူးခဲ့သည်။ အဲဒီအချိန်က ငါးကြီးနှင့်
ငါးမန်းတွေကို စိတ်က လိုက်ဖတ်ကြည့်နေတာနဲ့ ဆရာကြီး ဘာပြော
ချင်သလဲဆိုတာ သတိမထားမိခဲ့။ အလွန်ကောင်းသည်ဆိုသည့်
စာအုပ်တွေကို တစ်ခေါက်မက ဖတ်ရမယ်ဆိုသည့် အသိက စေ့ဆော်
သည်ထင်သည်။ စာအုပ်ကို ပြန်စဖတ်လိုက်ကတည်းက စိတ်က အလုပ်
လုပ်နေရင်တောင် အဘိုးအိုကြီး စင်တီယာဂိုဆီရောက်နေသည်။ ပင်လယ်ပြင်ကျယ်ကြီးထဲက လှေခပ်ငယ်ငယ်ပေါ်က လူသား အဖိုးကြီး၊
ဘ၀ရှင်သန်ရပ်တည်မှု ရဖို့ အဖိုးအိုကို ရသလောက် ငြင်းဆန်နေသည့်
ငါးကြီး၊ ကြောက်စရာ ငါးမန်းအုပ်ကြီးနှင့် အဖိုးအိုကြီး။

စာအုပ် ပါးပါး လေး တစ်အုပ်နဲ့ နိုဗယ်ဆု ဘာကြောင့်ရပါသလဲ ဆိုသည့်
ကျွန်တော့် သံသယတွေကို ဆရာကြီး မောင်ဆုရှင်နှင့် ဟဲမင်းဝေးက
တစ်မျက်နှာချင်း၊ တစ်မျက်နှာချင်း ရှင်းလင်းပြသသွားသည်။

"ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို အခက်အခဲတွေ၊ အတားအဆီးတွေ၊ ချောင်ပိတ်မိနေတတ်တာတွေ သူသူငါငါ ကြုံကြ
ရတာဘဲ မဟုတ်လား။ တစ်ချို့က တည်တည်ငြိမ်ငြိမ်၊ တစ်ချို့က
ဆူဆူပူပူ တုံ့ပြန်ကြသည်။ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ဆိုတာ
ရှာကြသည်။ သိချင်ကြသည်။ ကျွန်တော်တို့လို သာမန်လူတွေက
မပြတ်သားနိုင်။ စူးစူးစိုက်စိုက်မရှိနိုင်။ ပါရမီ မရှိ။ သို့ပေသိ မိမိတတ်နိုင်
သလောက် ရုန်းကန်လှုပ်ရှားကြရတာဘဲ မဟုတ်ပေဘူးလား။

အဖိုးကြီး စင်တီယာဂို လို ရိုးရိုးရှင်းရှင်းနဲ့ ဘ၀ကို အရှုံးမပေးစတမ်း၊
ဖြူဖြူစင်စင် တုံ့ပြန်ကြလျှင် ဘယ်လောက် ကောင်းလေမလဲလို့ စာအုပ်ကို
ဖတ်ရင်း ကျွန်တော် အတွေးတွေ ချဲ့နေမိသည်။

စာအုပ်ကို သဲသဲမဲမဲ ဖတ်နေစဉ်မှာဘဲ မိတ်ဆွေတစ်ယောက်က FB မှာ
Post တစ်ခု ကောင်းတယ်။ ဖတ်ကြည့်စမ်း ဆိုတာနဲ့ ဖတ်ကြည့်မိသည်။ အမေးကောင်းကောင်းတစ်ခုနှင့် အဖြေကောင်းကောင်းတစ်ခု။
အဖြေက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဖတ်နေသော ပင်လယ်ပြာနှင့်
တံငါအိုကို ကိုးကားပြီး ဖြေသွားသည်။

မေးခွန်းက …..

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး
နိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း စွမ်းဆောင်ရွက်ချက်များ
ကြောင့်ရခဲ့တာပါလဲ။ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ 
ပါသလဲ။”

မေးခွန်းမေးသူက ဘယ်ကို ရည်ရွယ်သလဲ မသိ။ တကယ်ရိုးရိုးသားသား
မေးတာလဲ ဖြစ်နိုင်သည်။ ခါးအောက်ပိုင်း လက်သီး ထိုးဖို့ ကြိုးစားတာလဲ
ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အဖြေပေးသူရဲ့ အဖြေက အလွန်သဘော
ကျဖို့ ကောင်းသည်။

ဖြေပုံက .…

“အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။
Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။
သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ
လည်း ဘာသာပြန် ကြပါတယ် "ပင်လယ်ပြာနဲ့ တံငါအို" တဲ့ ဖတ်ဖြစ်အောင်
တော့ ဖတ်ကြည့်လိုက်ပေါ့။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။ ပြောပြ
ချင်တဲ့ အကြောင်းအရာက တော့ ရှင်းရှင်းလေးပါ။

"အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်း
လေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်း
ချမ်းရေးလို စာအုပ်ကြီး မဟုတ်ဘူး။ စာမျက်နှာ က ၁၂၇ မျက်နှာပဲ ရှိတယ်။
သူထဲပါတဲ့ အကြောင်းအရာကသာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား
ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော်နိုဗယ်ဆုရရှိသွားတာလဲ။
ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ
အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ ငါးမဖမ်း နိုင်တော့ဘူး
လို့ ထင်မြင်လာကြတယ်။ ၈၄ ရက်လောက် ငါးမှမမိတာကိုး။ နောက်ဆုံးသူ့
နောက်ကို လည်းဘယ်သူမှ မလိုက်တော့ဘူ။
မယုံကြည်ကြတော့လို့။တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့... အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။မာလင်ငါးအကြီးစားလေ။ ဒီငါးမိလို့
ကံဆိုးသွားတယ်။ သူမှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေ
တယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ် ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမ
လွှတ်ပေးဘူး။ ကံကောင်းသွားတယ် ငါးကို သူသတ်နိုင်ခဲ့တယ်။ ကံဆိုးတာက
ငါးရဲ့သွေးကြောင်း ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။နောက်ဆုံး သူကမ်းပေါ်ပြန်ရောက်သွားတယ်။ ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။
အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတ္တိကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။
သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်
ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂၇ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက
စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။

“လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။
သူမှာ ပန်းတိုင်ရှိတယ်။
သူမှာ ဇွဲရှိတယ် … သတ္တိရှိတယ်။
စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့
မြန်မာတွေ စိတ်ထဲမှာ
မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။
သူစိတ်ဓါတ်ကျသွားလား ? လက်လျော့သွားလား?
သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။
မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲ့တယ်။
အဲဒါသူပဲ။”

(ဖိုးထက်)
ဆောင်းပါးရှင် "ဖိုးထက်" ၏ " စင်တီယာဂို၊ အဘွားကြီးနှင့်
ပင်လယ်ထဲသို့" ဆောင်းပါးမှ ......

PS ....
“အမေစုတန်ဖိုး မသိသူများ
နားလည်ခြင်းများစွာဖြင့်
တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

credit to ..... မိုးမခမဂ္ဂဇင်း

Thursday, August 28, 2014

TRUE IMAGES (235)


"အကောင်းဆုံး ဆက်ဆံရေး"



"အကောင်းဆုံး ဆက်ဆံရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အကောင်းဆုံး ဆက်ဆံရေးဆိုတာ
အကောင်းဆုံးလူတွေပဲ တွေ့ဆုံကြတာ
မဟုတ်ပါဘူး။

တစ်ယောက်ရဲ့မပြည့်စုံမှုကို
တစ်ယောက်ကလေ့လာသင်ယူရတာဖြစ်ပြီး
တစ်ယောက်ရဲ့ကောင်းမြတ်တဲ့အရည်အချင်းတွေကို
ကျန်တစ်ယောက်က
နှစ်သက်မြတ်နိုးကြရမှာဖြစ်ပါတယ်။”

“The best relationship is not
one that brings together perfect people,
but rather when each individual learns to live
with the imperfections of others
and can admire the other person’s good qualities.”

(moral of a porcupine fable)

(ဘာသာပြန်သူ အမည် ဖော်ပြမထားပါ။)

credit to .... Loving Karma

Wednesday, August 27, 2014

TRUE IMAGES (234)


"ကိစ္စမရှိဘူး ဆိုရင်လည်း"



"ကိစ္စမရှိဘူး ဆိုရင်လည်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

…………………အတွက်
ဆိုပြီး

ထိုင်နေလေ
ကုန်းဘောင်ခေတ်အတွေးအခေါ်တွေထဲမှာ

ထိုင်နေလေ
ကိုလိုနီနယ်ချဲ့တွေနဲ့အတူ

ထိုင်နေပေါ့
ဖက်ဆစ်အလံအောက်မှာ

ထိုင်နေပေါ့
ကားလ်မာစ်ရဲ့အရင်းကျမ်းကိုဖတ်ပြီး

ထိုင်နေကြပေါ့
မြန်မာ့နည်းမြန်မာ့ဟန်နဲ့

*** "ထိုင်နေကြပေါ့
အမိန့်အတိုင်း
ဒါမှမဟုတ်
ဘယ်သူမှ ဘာမှမပြောမချင်း ...." ***

ကိစ္စမရှိဘူး
ငါတို့မှာ သစ်တောတွေရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ မြစ်မင်းဧရာရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ ရေနံနဲ့ကျောက်မျက်တွေရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ အဆင့်မြင့်တဲ့ယဉ်ကျေးမှုရှိတယ်

"ကိစ္စမရှိဘူး” ဆိုရင်လည်း..
ထိုင်နေကြပေါ့။

“စာရွက်ပေါ်ရေးထားတဲ့သမိုင်း
ပြင်ရေးလို့ရတယ်

"ကိစ္စမရှိဘူး” ဆိုရင်လည်း
ထိုင်နေကြပေါ့။

ကမ္ဘာကြီးလည်းပြားသွားပြီ

ရွာလည်းတည်ပြီးပြီ

iPad mini ထွက်လာပြီ

"ကိစ္စမရှိဘူး" ဆိုရင်လည်း ....
ထိုင်နေကြပေါ့။

ခရမ်းပြာထက်လူ ၏
“ရိုဒင် ငါတော့လစ်ပြီ” ကိုခံစားရေးဖွဲ့သည်။

(Cooo)

credit to .... Beautiful thing

Sunday, August 24, 2014

TRUE IMAGES (233)


“လမ်းပြဆိုတာ ဘယ်သူလဲ?”

“ခဲတံ ကပေးတဲ့ တွေးစရာ”



“ခဲတံ ကပေးတဲ့ တွေးစရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပညာရှိတွေက ခဲတံ ကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့
တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ
သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။
အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့
ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို
သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်
ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင်
ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်
မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို
အမြဲမှတ်ထားပါ။

လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို
မှတ်သားရပါတယ်။

(၁) “သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ဆိုတာ
ခံနိုင်ရည်ရှိမှ သင့် စိတ်ကူးအိပ်မက်ကို သင်အကောင်အထည်
ဖော်ဖြစ်နိုင်မှာဖြစ်တယ်။”

(၂) “ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစည်းခံနိုင်မှ
စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေကို
သင်ပိုင်ဆိုင်မှာဖြစ်တယ်။”

(၃) “သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။
အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့
တခြားသူရဲ့အကူအညီကို ယူပါ။ဒါမှ လှပတဲ့ဘဝကို
သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။"

(၄) “ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ
သင် အားစိုက်ထုတ် ကြိုးစားရလေပါ။
ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။”

(၅) “သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပ
အရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို
မြဲမြဲမှတ်ထားပါ။”

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to …. လွတ်လပ်ခြင်းကောင်းကင်

Saturday, August 23, 2014

TRUE IMAGES (232)

“သူတို့ ချမှတ် / အကောင်အထည်ဖေါ်ခဲ့တဲ့
မြန်မာ့နည်းမြန်မာ့ဟန် ပညာရေး ကြောင့် …..”

“ဒါမျိုးတွေ … မြန်မာပြည်တွင်လုပ်သည်”



“ဒါမျိုးတွေ … မြန်မာပြည်တွင်လုပ်သည်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ မြန်မာ့နည်းမြန်မာ့ဟန်
မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြော
တာမဟုတ်ဘူး …ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။

@ ပဲ နဲ့ ခဲ
ငယ်ငယ်က "ဓန Magazine" ရဲ့ "ပဲ နဲ့ ခဲ" ဆောင်းပါးမှာ
ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ
သွားကျိန်းသွားတယ်။ အားရပါးရများ
ဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း...ရောဆဲ ရောလတ္တံ့လို့သိရတယ်။

@ ကြက်သားရေထိုး
ဆရာဝန် မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက်
ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေ
အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာ
အိမ်ရှင်မတွေအိမ်မှာ ကြက်သားကို ရေထည့်ပြုတ်စရာမလို
အောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။

@ ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်
ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး … အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်
သွားလေတော့… မြန်မာပြည်သူပြည်သားတွေအတွက်
အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေး
ဘာလေးထည့်ပေးတယ်။ ….

@ ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီ
တကမ္ဘာလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို
ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို
အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။
အဲဒါကိုလည်း အင်မတန်မှ ရွှေဥာဏ်တော် ထက်မြက်တော်
မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေသုံးပြီး
ခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို
ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူ
ရရှိပါတယ်။

@ ပါရာစီတမောသွေးဆေး
တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရော
တာလောက်တော့ တို့တွေကပျင်းတောင်ပျင်းသေးတယ် လို့ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင်
ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေး
အစ ပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရ
မလိုဖြစ်သွားပါတယ်။

@ ဆိုးဆေးလှလှ
အစားအစာဆိုးဆေးက အရောင်သိပ်မလှလို့ အ၀တ်
ဆိုးဆေးတွေဘာတွေ သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့
ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။ဖရဲသီးရောင်း
ရင် ဓားမှာ ဆေးသကြားသုတ်ထားတာလည်း ရှိတယ်။

@ ရွှေညောင်ပင်ကို ကားပြရတယ်
ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်
မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း မြန်မာပြည်တွင်
လုပ်သည်ပဲ။

@ စားအုန်းဆီမွှေးမွှေး
တကမ္ဘာလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့စားအုန်းဆီကို ပေါပေါလောလောရောင်းပေး
တာမျိုးကိုကြတော့ "ကွက်လပ်ကွက်လပ်" ရဲ့ စေတနာလို့ပဲ
ထားလိုက်ကြရအောင်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင်
ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း
စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။
မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် ။

@ ExpiryDate ဖြစ်ရင် label လဲပေးတယ်
အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။
မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။
တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊ ကျန်တဲ့မုန့်ထုပ်တွေ၊
Expired ဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့
မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတာ။

@ ပလတ်စတစ်အကြော်
အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီ
တွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။
စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။
ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက
အခု ပလတ်စတစ်ရေဘူး ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင်
recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့စိတ်ကူးထားသ
လားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်
ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့်
ဒီ reuse၊ replace၊ recycle အကြော်ကြီးကိုတော့
ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။
မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။

@ ယမ်းစိမ်းကင်
ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။
အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း
ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကို
ညီညွတ်တော့တာပါပဲ။

@ ပိုးလောက်လန်းရေသန့်ဗူး
ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုး
ကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတက်နေ
တဲ့ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။
ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။
အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသ
တည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ … ပါရမီရှင်တွေချည်းပဲ။
ပါရမီသေတစ်ယောက်မှမပါဘူး။

@ သတင်းစာ ရေစိမ်
အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။ ကိုယ့်ဘာသာ
ကိုယ် မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာ
ကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့
ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း မပီသဘူးတော့
အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား ..
"မင်းတစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား
အားလုံးပြန်ထုတ်မလား" ဆိုမှ တိုးပေးတယ်။
နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊
ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေ
စိမ်ထားရတယ်။

@ ဆီကို ရေထိုး ၊ ဘိလပ်မြေ ကျစ်စာခဲရော
ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံ
ဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက်
နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်း
တာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ ထိုးထွင်းဥာဏ်
နဲ့ ပြည့်စုံမှုမှာတော့ စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။
ဘိလပ်မြေကို ကျစ်စာခဲေ၇ာ ပါကင်ပြန်ပိတ် ….
ဒါလည်းမြန်မာပြည်တွင်လုပ်သည်။

@ မြေမှုန့် သနပ်ခါး
သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထား
တာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။အင်မတန်ကြီးကျယ်တဲ့အမြော်
အမြင်ပေတကား။သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတု
ထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင်
သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ
မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေ
သတည်းတွေပဲ။

@ ကားခုံတွေပြင်တယ်
ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေ
က 45 ခုံပါ။ ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာလိုက်တယ်။
မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျတော့ 65 ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။
သူများနိုင်ငံမှာလို အရေးပေါ်ကိစ္စ လည်း မရှိလေတော့ အရေးပေါ်
ထွက်ပေါက် များကိုလည်း ခုံနဲ့ ပိတ်ပစ်ကြပါတယ်။ ဒါနဲ့ပဲ ခရီးသည်များ
ခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း ထိုင်ရတာတို့တွေ
ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း ဂတ်စ်အိုးထား
ရဖို့ အဓိကဆိုတော့ လူက ဘယ်လိုထိုင်ထိုင်..ရတယ်မဟုတ်လားဗျာ။

@ ၀ါးပိုးဝါး နဲ့ ဆလပ်လောင်း
လွန်ခဲ့သောနှစ်များဆီက .. ဆောက်လက်စ အဆောက်အဦးတစ်ခုကို
ဝင်စစ်တော့ တိုက်အလည်တိုင်တွေမှာ သံချောင်းတွေ ရှိရမယ့် အစား
ဝါးပိုးဝါးတွေခံပြီး ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်း
တော့လည်း သံချည်သံကွေးမလုပ်ပဲ ၀ါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့
နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။ ဒါနဲ့ ကမ္ဘာကို
ဒီနည်းပညာသစ်ချပြဖို့ မ၀ံမရဲ ဖြစ်နေသေးတာကြောင့် ကန်ထရိုက်ကို
အစိုးရ အစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြ
ပါသတဲ့။

@ ဘီစကစ်အမှုန့် ကွေကာအုတ်
ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ ကိုယ်တို့အတွက်
ကတော့.. ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ။
oat ဆိုတဲ့ ဂျုံနဲ့ လုပ်ရမယ့် ကွေကာအုတ်ကို အချို့က ဘီစကွတ်စက်ရုံက
အကျိုးအပဲ့ မုန့်အစတွေ ၀ယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာ
အုတ် ထုတ်ပါသတဲ့။

@ အုန်းဆံခွံ ခြင်ဆေးခွေ
တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့
ဘာလုပ်ဖို့တုန်း တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ
ထုတ်ဖို့အတွက် အဓိက က အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့
မှတော့ ခြင်ပြေးတာ မဆန်းပါဘူးလို့ပဲပြောချင်တယ်။

@ နွားနို့တစ်ရူးဖတ်
နွားနိုထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြ
တယ်မဟုတ်လား ။ အဲဒီနွားနို့ ထဲမှာ မလိုင်ဖတ်ကလေးတွေ
ပါတယ်လေ။ မလိုင်ဖတ်မပါရင် မသောက်ချင်တဲ့ သူတွေ ၊
နွားနို့ အစစ်လို့ မထင်သူတွေအတွက် မလိုင်ဖတ်အတုပေါ့ဗျာ။
နွားနို့သောက်ချင်စိတ်လည်း ပျောက်ရင်ပျောက်သွားလိမ့််မယ်။
တစ်ရူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး နွားနို့ထဲထည့်ပါသတဲ့။

@ ဖွဲနုငရုတ်သီးမှုန့်
ဟယ် .. ဒီငရုတ်သီးအနုမှုန့် ကဘာမှလည်း အရသာမရှိပါလား…
အရောင်ထွက်တာပဲရှိတယ်…မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့်
အရသာခံမနေပါနဲ့ … ဖွဲအရသာကိုသာ မြည်းကြည့်ပါတော့လို့ပြော
ချင်ပါတယ်။

@ ပုံနှိပ်စာအုပ်အတု
ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့ ဈေးကွက်တစ်ခုပါ..
လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်..ကျောင်းက စာအုပ်က
ခွဲတမ်းနဲ့ ရတာမလို့တဲ့.. ကလေးက ဖတ်စာအုပ် မရဘူးတဲ့
(ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်
မလို့ဟာကိုကွာ …. တောက်… ဖတ်စာအုပ်မရှိတာနဲ့ မဆောက်
လိုက်ရဘူး ... ဤကား စကားချပ်)
ဝယ်ခဲ့ပေးဆိုတာနဲ့ ၀ယ်ဖူးတယ်.. ဈေးကလဲကောင်း စာရွက်
အသား ကလဲကောင်း .. အပြင်က စာအုပ်က ပိုကောင်းနေတယ်..ဟ
ဆိုတော့ ရောင်းတဲ့လူက
"အတုမို့ လို့ ကောင်းတာပါတဲ့ဗျာ ….." ။

မိတ်ဆွေတို့လည်း " မြန်မာပြည်တွင်လုပ်သည်” ထဲက ဘာတွေ
ကျန်သေးလဲဆိုတာ ၀ိုင်းဖြည့်ပေးလိုက်ပါအုံး ……

(fwd msg မှ ကောက်နုတ်သည်။)

credit to .... "original writer" via mandalaygazette

PS ....
ကျမတို့ရဲ့ လက်ရှိ လူနေမှု့ဘ၀ကို အချက်အတော်များများက
မီးမောင်းထိုးပြနေသလိုပါပဲ။
ခေါင်က မလုံတော့ မိုးစိုမခံရအောင် တွေးဆ/ဆင်ခြင်ပြီး
တိမ်းရှောင်သွားရမှာက “ကိုယ့်တာဝန်” .......

Friday, August 22, 2014

TRUE IMAGES (231)

"မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး
နဲ့ အတူ မပျံနိုင်သေးတဲ့ ချိုးငှက်"

"မြန်မာ့နည်း မြန်မာ့ဟန်"



"မြန်မာ့နည်း မြန်မာ့ဟန်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့တဲ့ ...
လူအများစုကြီး သာယာဝပြောတဲ့ လူ့ဘောင်မျိုး
မြန်မာနိုင်ငံ မှာ ပေါ်ပေါက်ဖို့ အလှမ်း ဝေးခဲ့ရတာ ဟာ၊
စစ်တပ်ရဲ့ နိုင်ငံရေးအရ စွက်ဖက်ခဲ့မှုက
အဓိက တရားခံ ပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်တွေ
ဖော်ဆောင်ဖို့ ရာ စစ်တပ်ရဲ့ အကြီးအကဲတွေက
သူတို့ဖော် ဆောင် ပေးမှ ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့၊
တကယ်လည်း ဆိုရှယ်လစ် စံနစ်ရဲ့ အနှစ်သာရကို
မဖော်ဆောင် နိုင်ခဲ့ပဲ၊
(မြန်မာ့နည်း မြန်မာ့ဟန်) ဆိုပြီး စခန်းသွားခဲ့တဲ့ အတွက်
တိုင်းပြည် ချွတ်ခြုံကျခဲ့ရပါတယ်။

တပ်မတော်ဟာ ….
နိုင်ငံရေး နဲ့ ဘောဂဗေဒ ဆိုင်ရာ ကိစ္စတွေ မှာ
အထူးလေ့ကျင့် သင်ကြားခံထားရသူတွေ မဟုတ်ပါပဲနဲ့၊
အရာရာကို သူတို့ စွမ်းဆောင်နိုင်တယ် ဆိုတဲ့
ခံယူချက်မျိုး ရှိခဲ့လို့ပဲ။”

(ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
ဘဘ သူရဦးတင်ဦး)

PS ...
“မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်
မြန်မာ့နည်း မြန်မာ့ဟန် စီမံအုပ်ချုပ်မှု
မြန်မာ့နည်း မြန်မာ့ဟန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
မြန်မာ့နည်း မြန်မာ့ဟန် လွှတ်တော်
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ
ဆိုပြီး စခန်းသွားခဲ့ ကြလို့ တိုင်းပြည် ချွတ်ခြုံကျနေဆဲ
မကြာမီ ….
မြန်မာ့နည်း မြန်မာ့ဟန် PR စနစ်
ဆိုပြီး ဆက်စခန်းသွား ကြ ဦးမှာလား ?”

credit to ..... ဘီဘီစီ (မြန်မာပိုင်း)
via thithtoolwin

Thursday, August 21, 2014

TRUE IMAGES (230)


“မျက်ကန်းထက် ဆိုးတာ”


“မျက်ကန်းထက် ဆိုးတာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မျက်လုံးကန်းတာထက် …
အတွေးအခေါ်ကန်းနေတာက

"အလင်းရောင်" နဲ့
ပိုပြီးတော့ …

ဝေးကွာသွားစေပါတယ်

အရှင် နန္ဒမာလာ (ရွှေနန္ဒ)

credit to ..... ဒဿနရောင်ခြည်

Wednesday, August 20, 2014

TRUE IMAGES (229)


“ချစ်ခြင်းမေတ္တာဆိုတာ"


 
“ချစ်ခြင်းမေတ္တာဆိုတာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။

အိမ်တစ်အိမ်ကို သွားလည်တုန်းက ကြုံခဲ့ရတဲ့အတွေ့ အကြုံကို
ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အဲဒီမှာ သားတွေ
သမီးတွေ က မိအို ဖအို တွေကို ထားပြီး မေ့မေ့ပျောက်ပျောက်
နေခဲ့ကြပါတယ်။ အဲဒီ ဂေဟာမှာ သက်ကြီးရွယ်အို တွေဟာ အားလုံးပြည့်ပြည့်စုံစုံရှိကြပါတယ်။ ကောင်းမွန်တဲ့ အစား
အသောက်၊ သက်သောင့် သက်သာရှိတဲ့နေရာ၊
တယ်လီဗီးရှင်း ... အားလုံးရှိပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ
တံခါးဝကိုပဲ ကြည့်နေကြတယ်။ ရယ်ရယ်ပြုံးပြုံးဖြစ်နေတဲ့
လူလည်းတစ်ယောက်မှ မမြင်ခဲ့ရဘူး။

ကျွန်မက သီလရှင်ဘက်ကို လှည့်ပြီး
” ဒီလူတွေဟာ အားလုံး သက်သောင့်သက်သာ ရှိပေမယ့်
ဘာဖြစ်လို့တံခါးကိုပဲ ကြည့်နေကြတာလဲ။
ဘာဖြစ်လို့ မပြုံးကြတာလဲ” လို့ မေးလိုက်တယ်။

သီလရှင်က ဖြေတယ်
“သူတို့ မျှော်နေကြတာပါ။ သား ဒါမှမဟုတ် သမီးသူတို့ဆီ
အလည်လာဖို့ မျှော်လင့်နေကြတာပါ။ အမေ့လျော့ခံနေရ
တော့ သူတို့ စိတ်ထိခိုက်နေကြပါတယ်” တဲ့။

တွေ့လား။ ချစ်ဖို့ မေ့လျော့ ပျက်ကွက်မှုဟာ စိတ်ဓာတ်ရေးရာ ဆင်းရဲချို့တဲ့မှုကို ဆောင်ကြဉ်းလာပါတယ်။
ကျွန်မတို့ရဲ့ မိသားစုမှာ အထီးကျန် ခံစားနေရတဲ့ လူ၊
နာဖျားမကျန်းရှိတဲ့လူ၊ စိုးရိမ်သောက ရောက်နေရတဲ့လူ ရှိနိုင်
ပါတယ်။ ကျွန်မတို့တွေ အဲဒီမှာရှိကြရဲ့လား?
ဒါမှမဟုတ်
ကိုယ့်ကိစ္စ ကိုယ့် အကျိုး ကို ပဲ ရှေ့တန်းတင် နေကြသလား?
ဒါတွေဟာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် မေး ရမယ့်
မေးခွန်းတွေပါ။

ကျွန်မ တို့ မှတ်ထားရမှာက
*** ချစ်ခြင်း မေတ္တာဆိုတာ အိမ်မှာစပါတယ်။
လူသားနဲ့ အနာဂတ်ဟာလည်း မိသားစုကတစ်ဆင့်
သွားရတာပါ။ ***

အနောက်နိုင်ငံမှာ လူငယ် ကောင်လေး၊ ကောင်မလေးတွေ
အများအပြား မူးယစ်ဆေးစွဲနေတာကို တွေ့ရလို့ အံ့သြရပါ
တယ်။ ဘာဖြစ်လို့ မူးယစ်ဆေးဝါး သုံးရတယ် ဆို တာ ဖော်
ထုတ်ဖို့ ကျွန်မကြိုးစားပါတယ်။ အာရှထက်ရုပ်ဝတ္ထုပစ္စည်းတွေ
အများအပြားရှိလျက်သားနဲ့ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ။
အဖြေက
” မိသားစုမှာ သူတို့ကို လက်ခံမယ့်လူ ဘယ်သူမှ မရှိလို့ပါ” တဲ့။
ကျွန်မတို့ရဲ့ ကလေးတွေဟာ ကျွန်မတို့အပေါ်အခါ ခပ်သိမ်းမှီခို
နေရတာပါ။ ကျန်းမာရေး၊ အာဟာရ၊ လုံခြုံရေး ဒါတွေ အားလုံး
အတွက် သူတို့ဟာ ကျွန်မတို့ကို ယုံကြည်မှု၊ မျှော်လင့်မှုတွေနဲ့
အားကိုးတကြီး ရှိကြပါတယ်။ ဒါပေမဲ့အဖေနဲ့ အမေက
အလုပ်တွေ များလွန်းလို့ ကလေးတွေအတွက် အချိန်
မပေးနိုင်ဖြစ်ကြရပါတယ်။ ဒါကြောင့် ကလေးတွေ လမ်းပေါ်
ရောက်ကြရပါတယ်။ မူးယစ်ဆေး ဒါမှမဟုတ် တခြား
အရာတွေနဲ့ ပတ်သက်ရပါတယ်။

(Mother Teresa)
မာသာထရီဆာ၏ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံမိန့်ခွန်း မှ

ဆောင်းပါးရှင် "အလင်းဆက်(IR)" ၏ "မာသာထရီဆာ၏
နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံမိန့်ခွန်း" ဆောင်းပါးမှ .....

credit to ...... Popular Journal

Tuesday, August 19, 2014

TRUE IMAGES (228)


"သရဲ"


 
"သရဲ"
။။။။။။။

ခေါင်းမပါတဲ့ သရဲက
မျက်လုံးပြူးပြတယ် ... တဲ့

ယုံတဲ့သူကယုံတယ်
တုန်တဲ့သူကတုန်တယ်

* အဆေးခံရတာလား
* ပုံသွင်းခံရတာလား
* ပျင်းတာလား
ဒါမှမဟုတ်
* မွေးကတည်းက
---- မပါတာလား။

ငန်းဗိုက်ထဲက
ရွှေဥတွေကို
အိုးတွေနဲ့ထည့်
သက်ကယ်ခင်းထဲ
မြုပ်ခဲ့သတဲ့ ...

အဲဒီ ...
ခေါင်းမပါတဲ့သရဲက
ငါကိုပြောသွားတာ ... ။

(Cooo)

PS ..... သူတို့ပြောတဲ့ မည်သည့် ယုံတမ်းစကား မဆို
ကျိုးကြောင်းဆက်စပ်ပြီး စဉ်းစားပါလေ .....
အမေစု သမ္မတ ဖြစ်ရင် မွတ် ....... ဆိုပဲ .... ဆိုပဲ

credit to ... Beautiful thing

Monday, August 18, 2014

TRUE IMAGES (227)

 "ဖြေရှင်းပုံ"

"တိမ်မြှုပ်နေတဲ့ စွမ်းရည်တွေ"


 
"တိမ်မြှုပ်နေတဲ့ စွမ်းရည်တွေ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၁၉၆ဝ) ခုနှစ်က ဟားဗပ်တက္ကသိုလ်ပါမောက္ခ Rosenthal
ဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်း
မှာ ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။

ကျောင်းစဖွင့်ချိန်မှာ Rosenthal ဟာ ကျောင်းအုပ်ဆရာကြီး
ထံ ခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေ
ခဲ့တယ်။

ဆရာ၊ ဆရာမတွေကို Rosenthal က
"ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားတို့ဟာ ဒီကျောင်းက အထူးချွန်
ဆုံးသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ ဒါကြောင့်
ကျွန်တော်တို့ စီစစ်ရွေးချယ်ထားတဲ့ အထက်မြက်ဆုံး
ကျောင်းသား အယောက်(၁ဝဝ)ကို အတန်းသုံးတန်းခွဲပြီး
ခင်ဗျားတို့ကို သင်ကြားခိုင်းမှာဖြစ်ပါတယ်။ ဒီကျောင်းသား
တွေရဲ့ အသိဉာဏ်က တခြားကျောင်းသားတွေထက် မြင့်
ပါတယ်။ သူတို့ဒီထက်အမှတ်ကောင်းအောင် ခင်ဗျားတို့
သင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လို့ပြောတော့ ဆရာ၊ ဆရာမတွေက ဝမ်းသာအားရ
"အတတ်နိုင်ဆုံး ကြိုးစားမယ်"လို့ ဆိုပါတယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ဒီကျောင်းသားတွေကို
တခြားကျောင်းသားတွေကို ဆက်ဆံသလိုပဲ သာမန် ဆက်ဆံရမယ်။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေ
ကိုလည်း သူတို့ဟာ စီစစ်ရွေးချယ်ထားတဲ့ ကျောင်းသား
ဖြစ်ကြောင်း မသိစေရပါဘူးလို့
ဆရာ၊ ဆရာမတွေကို သတိပေးခဲ့ပါတယ်။

တစ်နှစ်နေပြီးနောက် အဲဒီအတန်းသုံးတန်းကကျောင်းသား
တွေက တစ်ကျောင်းလုံးရဲ့ရှေ့ဆုံးမှာ ရှိနေခဲ့တယ်။

ဒီအချိန်ကျမှ ကျောင်းအုပ်ဆရာကြီးက ဆရာ၊ ဆရာမတွေကို
အဖြစ်မှန်ပြောပြပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေ
ဟာ တမင်စီစစ်ရွေးချယ်ခဲ့တဲ့ ထက်မြက်ကျောင်းသားတွေ
မဟုတ်ပါဘူး။ ကျောင်းသားတွေထဲက ရရာ ရွေးကောက်ယူ
လိုက်တဲ့ သာမန်ကျောင်းသားတွေပဲဖြစ်တယ်။

ဒီလိုဖြစ်မယ်လို့ ထင်မှတ်မထားခဲ့တဲ့ ဆရာ၊ ဆရာမတွေက
သူတို့ရဲ့သင်ပြမှု အဆင့်မြင့်တယ်လို့ပဲ မှတ်ယူခဲ့ကြတယ်။

ကျောင်းအုပ်က နောက်အဖြစ်မှန်တစ်ခုကို ပြောပြပြန်တယ်။
တကယ်တော့ ဆရာ၊ ဆရာမတွေကို တစ်ကျောင်းလုံးထဲက
အထူးချွန်ဆုံးကို ရွေးထုတ်ခဲ့တာ မဟုတ်ပါဘူး။
ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ဆရာ၊ ဆရာမတွေ
ပဲဖြစ်ပါတယ် ... တဲ့ ...။

(ဘာသာပြန်သူ အမည် ဖော်ပြမထားပါ။)

*****************************************************

"ဆက်စပ်တွေးကြည့်နိုင်အောင်ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(Gothe) ဂျိုသီးက ပြောဘူးတယ်။

*** “လူတစ်ယောက်ကို သူဖြစ်နေ ရှိနေတဲ့ အတိုင်း
ဆက်ဆံရင် သူဟာ အဲဒီ သူဖြစ်နေ ရှိနေတဲ့
အနေအထားမှာပဲ ရပ်တန့်ကြွင်းကျန် နေလိမ့်မယ်။

သူ့ကို သူဖြစ်နေ ရှိနေတဲ့ အနေအထား အတိုင်း
မဆက်ဆံဘဲ သူ ဖြစ်သင့်ရှိသင့်တဲ့၊ သူ ရောက်ရှိနိုင်တဲ့
အနေအထား အတိုင်း ပြောဆို ဆက်ဆံပေး လိုက်ရင်
အဲဒီလူဟာ …..

သူဖြစ်သင့် ရှိသင့်တဲ့၊ သူရောက်ရှိနိုင်တဲ့ အခြေအနေ၊
ဘဝအနေထားကို ရောက်လာ လိမ့်မယ်။” .... တဲ့ ***

“If you treat an individual as he is,
he will remain how he is.
But if you treat him
as if he were what he ought to be and could be,
he will become what he ought to be and could be.”

(Johann Wolfgang von Goethe)

ဘာသာပြန်သူ ...... ဇေယျာထက်

credit to ...... shwemyotaw & The Voice Weekly

Sunday, August 17, 2014

TRUE IMAGES (226)


"ဆင်ခြင်ဉာဏ် ရှေ့ထား"



"ဆင်ခြင်ဉာဏ် ရှေ့ထား"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗုဒ္ဓဘုရားရှင်သည် ပုဂ္ဂိုလ်အမျိုးမျိုးတို့အား တရားဟော၍
ဆိုဆုံးမတော်မူခဲ့၏။ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့သော
ပုဂ္ဂိုလ်တို့တွင် သားတော်ရာဟုလာလည်း ပါဝင်သည်။
ဘုရားရှင်သည် သားတော်ရာဟုလာ ရှင်သာမဏေ
ဖြစ်စဉ်တွင်လည်း ဆိုဆုံးတော်မူခဲ့သည်။ ရဟန်းဘ၀သို့
ရောက်ရှိစဉ်တွင်လည်း ဆိုဆုံးမတော်မူခဲ့သည်။ ယင်းသို့
ဆိုဆုံးမရာ၌ အောက်ပါအဆုံးအမလည်း ပါဝင်သည်။

*** "ရာဟုလာ -
ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့် အလုပ်ကို လုပ်ရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။

ရာဟုလာ -
သင်သည် ကိုယ်ဖြင့် အလုပ်တခုကို ပြုလုပ်မည်ရှိသောအခါ
ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာ ဖြစ်မည်လော။
သူတပါးဆင်းရဲခြင်းငှာ ဖြစ်မည်လော။
မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှာ ဖြစ်မည်လော။
ဤအမှုသည် အကုသိုလ်လော၊
ဆင်းရဲဒုက္ခကို ပွားစေတတ်သလော။
ဆင်းရဲခြင်းအကျိုး ရှိသလော ဟု ဆင်ခြင်ရမည်။

ယင်းသို့ဆင်ခြင်၍ -
ငါပြုလုပ်မည့်အမှုသည် မိမိ ဆင်းရဲခြင်းငှာဖြစ်၏။
သူတစ်ပါး ဆင်းရဲခြင်းငှာဖြစ်၏။
မိမိ သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ ဖြစ်၏။
ဤအမှုသည် အကုသိုလ်တည်း။
ဆင်းရဲဒုက္ခကို ပွားစေတက်၏။
ဆင်းရဲခြင်းအကျိုးရှိ၏ ဟု သိလျှင်
ထိုအမှုကို စင်စစ် မပြုအပ်ချေ။

ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာမဖြစ်။
သူတစ်ပါးဆင်းရဲခြင်းငှာလည်း မဖြစ်။
မိမိသူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ မဖြစ်။
ဤအမှုသည် ကုသိုလ်တည်း။
ချမ်းသာကို ပွားစေတက်၏။
ချမ်းသာခြင်းအကျိုးရှိ၏ဟုသိလျှင်
ထိုအမှုကို စင်စစ် ပြုလုပ်အပ်၏။" ***

ဤအဆုံးအမသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်
ကျောင်းတော်၌ ဘုရားသီတင်းသုံးတော်မူစဉ်
သားတော်ရာဟုလာအား တရားဟောတော်မူရင်း
ထည့်သွင်းဟောကြားသော အဆုံးအမဖြစ်သည်။
မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊
၂-ဘိက္ခုဝဂ်၊ ၃-အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၌
အထင်အရှား ပါရှိသည်။

ဤအဆုံးအမသည် ဗုဒ္ဓခေတ် တခေတ်တည်းနှင့်သာ
သက်ဆိုင်သည်မဟုတ်။

ရာဟုလာတပါးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။

ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်သည်မဟုတ်။

ခေတ်အဆက်ဆက် လူအမျိုးမျိုး၊ ဘာသာအဖုံဖုံ
အားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။

ဤအဆုံးအမကို လိုက်နာ ကျင့်ကြံသူတိုင်း
လောကီ လောကုတ္တရာ နှစ်ဖြာသော
ကောင်းကျိုးကို ဖြစ်စေသည့် အဖိုးမဖြတ်နိုင်သော
အကျိုးကျေးဇူးကို ရရှိလိမ့်မည်ဟု ယူဆမိပါသည်။

credit to ..... မင်္ဂလာသတင်းစဉ်

Saturday, August 16, 2014

TRUE IMAGES (225)


"အကန်းတွေ …"


 
"အကန်းတွေ …"
။။။။။။။။။။။။။။။။။။။။

“မျက်ကန်း လမ်းပြ "

“မျက်ကန်း တစ္ဆေ မ ကြောက် "

“ဆင်ကန်း တောတိုး "

ဤ သုံးမျိုးမှ
ဆက်တိုင်း ဘဝ
မကြုံရလို
တောင်းဆု ဆိုမိ
ရင် မချိတမ်း

မျက်ကန်း လမ်းပြ
ခြေ မချ ဝံ့
နှိုင်း မချင့် နိုင်
မပြတ်ပိုင် မူ

နောက်ဆွယ်လူထု
မည်သို့ပြုရ
မကယ် မ, စွမ်း
အကန်း လမ်းပြ…

(မောင်မြတ်သာ)

credit to ..... HWH For Android

Friday, August 15, 2014

TRUE IMAGES (224)


"လောကအမြင်"



"လောကအမြင်"
။။။။။။။။။။။။။။။။။။။

@ လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ
သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့်
ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

@ လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ
သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို
ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့်
နွမ်းနယ်ကြ၏။

@ ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း
ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍
သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည်
အသက်ကြီးလာသည်နှင့်အမျှ
ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။

OUTLOOKS ATTITUDES
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

The foolish are pessimistic.
They share their dark side with others,
And are rewarded with grief and disaster.

The clever are optimistic.
They share their bright side with others and
are Rewarded with goodness
but exhausted by pretense.

They wise are realistic.
They share the awareness of good and bad
with others,
And strengthen their lives as they grow.

(Charles Akara)

တူဒေးအယ်ဒီတာအဖွဲ့

(The Foolish, The Clever, The Wise)
ကို ဘာသာပြန်သည်။

credit to ...... shwemyotaw

Thursday, August 14, 2014

TRUE IMAGES (223)


"မည်သို့ပင်ဖြစ်စေ…"



"မည်သို့ပင်ဖြစ်စေ…"
။။။။။။။။။။။။။။။။။။။။။။။။။

သင်သည် …
ချမ်းသာသည် ဖြစ်စေ၊
ဆင်းရဲသည် ဖြစ်စေ၊

သင့်ဘ၀ …
တည်ငြိမ်သည် ဖြစ်စေ၊
မတည်ငြိမ်သည် ဖြစ်စေ၊

သင်သည် …
ဥာဏ်ရည်ထက်မြက်သည် ဖြစ်စေ၊
သာမန် ဥာဏ်ရည်မျိုးပဲ ရှိသည် ဖြစ်စေ၊

သင်သည် …
ရုပ်ရည်ချောမောသည် ဖြစ်စေ၊
မချောမောသည် ဖြစ်စေ …

အချို့လူများက …
သင့်ကို နှစ်သက်သဘောကျပါလိမ့်မည်။

အခြားသူများကလည်း …
သင့်ကို ဂရုမစိုက်ဘဲ မနေနိုင်ပါ။

လူတိုင်းလူတိုင်းက …
ရာနှုန်းပြည့်
“သဘောကျ နှစ်သက် လက်ခံခြင်း ခံရသူ” ဟူ၍
လောကတွင် တစ်ဦးတစ်ယောက်မျှ မရှိပါ။

(မြတ်ငြိမ်း)

credit to ..... Beautiful thing

Wednesday, August 13, 2014

TRUE IMAGES (222)


“စဉ်းစားတတ်အောင် … စာဖတ်ပါ”


 
“စဉ်းစားတတ်အောင် … စာဖတ်ပါ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"လူငယ်တွေစာဖတ်မှ
ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ်ကောင်းမယ် ...

စာဖတ်တယ်ဆိုတာ စာအုပ်ထဲကပါတဲ့ကိစ္စတွေကို
အလွတ်ကျက်တာ မဟုတ်ဘူး ...

စာအုပ်ထဲမှာပါတဲ့အရာတွေကို စဉ်းစားတတ်ဖို့ပဲ ...
စာဖတ်တယ်ဆိုတာ ....
စဉ်းစားတတ်အောင် သင်ပေးတာ..."

“စာဖတ်ကြပါ၊

စာဖတ်ခြင်းဆိုတာ .....
ကမ္ဘာကြီးကို ဆက်သွယ်နိုင်တဲ့
အလွယ်ကူဆုံး မျက်လုံးတစ်စုံပါပဲ။

မျက်စိမှိတ်ပြီး မကြောက်ကြပါနဲ့၊"

( ဒေါ်အောင်ဆန်းစုကြည်)

credit to ..... SarPayLawKa &
Tisarana Vihara Association

TRUE IMAGES (221)


"စီးဆော နှင့် ကျွန်တော်"



"စီးဆော နှင့် ကျွန်တော်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်တို့ ငယ်ငယ်က ကစားကွင်းများသို့ ရောက်ဖူးကြ
လိမ့်မည်။ ဒန်း များ၊ လျှောများ၊ စီးဆောများ စီးဖူးကြ
လိမ့်မည်။ လူငယ်တို့ သဘာဝ ပျော်ပျော်ရွှင်ရွှင် ခုန် ပေါက်
ဆော့ က စားဖူးကြပါမည်။ ကျွန်တော် လည်း လူငယ်ပီပီ
လွတ်လပ်ပေါ့ပါး ပြေးလွှား ဆော့ က စား ဖူးခဲ့သည်။
သို့သော် အမှုအမှတ်မထား။ များမကြာမီကမှ အမှတ်မထင်
သတိပြုမိ သော ကစားနည်းမှာ ‘စီးဆော(See -Saw)’
ပင်ဖြစ်သည်။

စာဖတ်သူလည်း ငယ်ငယ်က စီးဖူးလိမ့်မည်ဖြစ်၍ မျက်စိထဲ
မြင်ယောင်ကြည့်စေလိုပါသည်။ စီးဆော၏ ပုံသဏ္ဌာန်မှာ
ပျဉ်ပြားတစ်ချပ်နှင့် အလယ်မှ ထောက်တိုင်တခု ပါရှိပါသည်။
ပက်လက်ပျဉ်ပြားတချပ်၏ အလယ်တည့်တည့်တွင်
အပေါက်ဖောက်၍ဖြစ်ဖြစ်၊ အပေါက်မပါဘဲဖြစ်ဖြစ်
ထောက်တိုင်တစ်ခု ထောက်ထားပါသည်။

ကလေးငယ်နှစ်ဦးက ပျဉ်ပြားတစ်ဘက်တစ်ချက်ဆီတွင်
တက်ထိုင်သည်ဆိုပါစို့။ ဘယ်ဘက်က ကလေးက ဖိနှိပ်ထိုင်ချ
လျှင် ညာဘက်မှ ကလေးမှာ မြင့်တက်သွားပါသည်။
ဘယ်ဘက်မှ ကလေး ထိုင်ရာက ထလျှင် ညာဘက်မှ ဖိနှိပ်
ထိုင်ချရသည်။ တနည်းဆိုရသော် ဘယ်ဘက်မှကလေးက
မြင့်သွား၍ ကျန်တဘက်မှာ နိမ့်ဆင်းသွားရသည်။
"တဘက်မှာ မြင့်တက်နေလျှင် ကျန်တဘက်မှာ နိမ့်ကျနေမည်"
ဆိုသော သဘောတရားကို ပထမဆုံး ဆင်ခြင်မိပါသည်။

ထို့ပြင် ပန်းခြံထဲ၌ စီးဆော ဆော့ကစားနေသော ကလေးငယ်
နှစ်ဦးအနက် အမြင့်ရောက်သွားသည့် ကလေးမှာ တဘက်
ကလေး ထက်ပို၍ ပန်းခြံ၏ရှုမျှော်ခင်းများကို မြင်တွေ့နိုင်မည်။
ပတ်ဝန်းကျင်၏ အလှတရားများကို ခံစားနိုင်မည်။ တဖန်
မိမိက နှိမ့်ချပေးခြင်းအားဖြင့် တဘက် ကလေးအား ထိုရှုခင်း
များအား ကြည့်ရှုခွင့်ပေးရာရောက်သည်။

ဤသို့ဖြင့် "အတုံ အလှည့်သဘော လိုက်လျောပေးကြသည်။
အပေးအယူသဘော အပြန်အလှန် ဖြည့်စည်းပေးကြသည်။
အနိမ့်၌ရှိနေစဉ်ထက် အမြင့်သို့ ထောင်တက်ရချိန်တွင် ပို၍
ပျော်စရာကောင်းသည်။ ထို့ကြောင့် ပျော်ရွှင်မှုကို ဝေမျှခံစား
မိကြသည်။ win-win (သူမသာ၊ ကိုယ်မနာ)သဘောမျိုးဖြစ်
သည်။"

အတ္တကင်းစင်သော ကလေးတို့ဘ၀တွင် ဆော့ကစားခဲ့ကြသည့်
အဆိုပါ ကစားနည်းမှာ အတ္တ၀ါဒချိုးနှိမ်ရေးကို ကောင်းစွာ
လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
"မိမိချည်း ကောင်းစား၍ မပြီး။ ပျော်ရွှင်မှု၊ ချမ်းသာမှု၊ အောင်မြင်
မှုများကို တကိုယ်တည်းရယူနေခြင်းဖြင့် လောကအလှမဆင်နိုင်။
မိမိ ညီအစ်ကို၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးနားချင်းများ
အပါအ၀င် လူ့အဖွဲ့ အစည်းတို့ကိုပါ သူ့အလှည့်ကိုယ့်အလှည့်
နေရာပေးသင့်သည်ဟူသော အသိ" ကို မွေးဖွားပေးသည်။

ငယ်ရွယ်စဉ်က အပျော်သဘောဖြင့် ဆော့ကစားခဲ့သော်လည်း
ကြီးပြင်းလာသောအခါ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင်
ကိုယ်ကျ ပါဝင် ဆောင်ရွက်လာချိန်တွင်
သူများကောင်းကျိုး-ကိုယ့်ကျောင်းကျိုး၊
အတ္တ-ပရ ညီညွတ်မျှတအောင် ဆောင်ရွက်ရာတွင်
စီးဆောကစားနည်းက သင်ခန်းစာပေးသည်။

လူ့လောက လူ့ဘ၀တွင် အနိမ့်အမြင့်၊ အတက်အကျ၊
အဆိုး အကောင်း ရှိစမြဲပင်။

လူတစ်ဦးချင်းစီ၏ ကောင်းမှု၊ ဆိုးမှု ကျင့်မူချက်များကို
ကိုယ်တိုင် ဝေဖန်နှိုင်းယှဉ်၍ ညီမျှခြင်းထိုးကြည့်နိုင်စေရန်
လည်း စီးဆောက လှုံ့ဆော် တိုက်တွန်းသည်။

ထို့ကြောင့် စီးဆောဥပမာမှတဆင့် ကျွန်တော်တို့ နေ့စဉ်ဘဝ
တွင် တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး၊
ပတ်ဝန်းကျင်ရေး၊ တရားမျှတရေး စသည့် နယ်ပယ်စုံတို့တွင်
သဟဇာတဖြစ်စေရန် ကောက်ယူဆင်ခြင်နိုင်သည်။

ပန်းခြံများတွင် ကလေးငယ်တို့ ပျော်ရွှင်ကြည်နူးစွာ See -Saw
စီးနေကြတာကို မြင်ရတိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်နှင့် မည်မျှ
သဟဇာတဖြစ်ကြပြီလဲ၊ မည်မျှ အစွန်းမရောက်အောင် နေထိုင်
နိုင်ကြပြီလဲ။ အပေး အယူ၊ အလျှော့အတင်း ကျင့်မူတတ်ပြီလား၊
အတ္တ-ပရ ညီညွတ်မျှတနိုင်ပြီလားဆိုတာ
ဆင်ခြင်ကြည့်နိုင်ပါကြောင်း ….။

ရှိုးသစ္စာ (လားရှိုး)

credit to ..... myanmarchronicle

Monday, August 11, 2014

TRUE IMAGES (220)


"တွေးဆ/ဆင်ခြင်ဖို့"


 
"တွေးဆ/ဆင်ခြင်ဖို့"
။။။။။။။။။။။။။။။။။။။။။။။။

@ “ပင်လယ်ကို ခြေထောက် ရေမစိုပဲ
ကူးလို့ရရင် ရပါလိမ့်မယ်။
ဘဝကိုတော့ မျက်လုံးမှာ
မျက်ရည်မစိုပဲ မကူးခတ်နိုင်။”

@ “သင့်မျက်စိက ကောင်းတာမြင်ခဲ့ရင်
လောကကြီးကို သင် ချစ်လာမယ်။
သင့်လျှာက ကောင်းတာပြောခဲ့ရင်တော့
လောကကြီးက သင့်ကို ချစ်လာပါလိမ့်မယ်။”

@ “သင် ပြောတာထက် ပိုများအောင်
လုပ်ပါ၊
သင် လုပ်တာထက် ပိုနည်းအောင်
ပြောပါ။”

@ “ကျောင်းမှာက သင်ခန်းစာကို
အရင် သင်ရတယ် ..
ပြီးမှ စာမေးပွဲကို ဖြေရတယ်။
ဘဝမှာတော့ စာမေးပွဲကိုဖြေပြီးမှ
သင်ခန်းစာကိုရတယ်။”

@ “မှန်သောစကားတိုင်း မလှသလို၊
လှသောစကားတိုင်းလည်း မမှန်။”

( ငြိမ်းလဲ့)

credit to ..... စိတ်ခွန်အားပေး စာစုများ

Sunday, August 10, 2014

TRUE IMAGES (219)


"လုပ်ယူမှရသော သာသနာ"



"လုပ်ယူမှရသော သာသနာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သြကာသနဲ့ ဝန်ချခြင်းဟာ
ရတနာသုံးပါးပြစ်မှားခြင်းနဲ့သာ ဆိုင်ပြီး
ဟိုဖားသတ် ငါးသတ်ခဲ့တာတွေ
တို့ဆီ ယူမလာခဲ့နဲ့ကွယ့်။

အဲ - ယူလာလို့ ကျေပါတယ်ဆိုလည်း
ဝမ်းဖောဝမ်းကားနေဦးမှာပဲ။

အတုံ့အလှည့် အမြဲရှိနေလိမ့်မယ်။
တံငါသေ ငါးဖြစ်၊ ငါးသေ တံငါဖြစ်တာလည်း
ဒီအတိုင်းပဲ ရှိလိမ့်မယ်။

ဘယ်သူမှ ဓါးခုတ်ရာ လက်ဝင်လျှိုလို့ မရဘူး။
ဘုရားလည်း အာမခံ မလိုက်နိုင်ဘူး။
သိကြားလည်း အာမခံ မလိုက်ရဲဘူး။
မိမိစေတနာကို ကျော်လွန်ပြီး ကောင်းအောင်၊
ဆိုးအောင် ဝင်ကူပေးလို့ မရဘူး။

တို့သာသနာက တောင်းယူလို့ရတဲ့
*** သာသနာ မဟုတ်ဘူး။
လုပ်ယူမှရတဲ့ သာသနာမျိုး။
ဆုတောင်းတယ်ဆိုတာ ဆန္ဒပြုတာ။
သွားရမယ့် လမ်းမှန်းဆတမ်းတနေတာ။
ဆုတောင်းပြည့်ဖို့က ပြောသလိုလုပ်မှကွယ့်။

(မဟာဗောဓိမြိုင် ဆရာတော်ကြီး)

credit to ..... ဓမ္မဒါနကုသိုလ်ရှင်

Saturday, August 9, 2014

TRUE IMAGES (218)


"ယုံကြည်မှု့ ရှိကြမယ် ဆိုရင်"


"ယုံကြည်မှု့ ရှိကြမယ် ဆိုရင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သတ္တဝါတွေထဲမှာ ခွန်အားအကြီးဆုံး ဆိုတဲ့ ဆင်၊

ဧရာမသစ်ပင်ကြီးတွေ ကိုပါ တွန်းလှဲနိုင်တဲ့ ဆင်ဟာ
သူ့ ခွန်အားနဲ့ ယှဉ်လိုက်ရင်
အင်မတန်သေးငယ်တဲ့ သံကြိုးလေးမှာ
မရုန်းကန်ဘဲ ငြိမ်ခံနေတာ
မလွတ်မြောက်ချင်လို့တော့
မဟုတ်လောက်ဘူး။

အဲဒီသံကြိုးလေးဟာ သူရုန်းလိုက်ရင်
ပြတ်သွားမယ်ဆိုတာ သူမသိလို့ပါတဲ့။

တစ်နည်းအားဖြင့် အဲဒီသံကြိုးလေး ကို
သူမဖြတ်တောက် နိုင်ဘူး၊
မလွတ်မြောက်နိုင်ဘူးလို့ ယုံကြည်နေလို့ပါ။

(ဇေယျာထက်)
ဆောင်းပါးရှင် " ဇေယျာထက် " ၏
"သင့်ဘဝကိုမပြောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှာ
သင့်ဘဝကို မရောင်းပါနဲ့ " ဆောင်းပါးမှ

credit to ...... Maukkha Education Magazine

TRUE IMAGES (217)


"ရေးချင်မိတဲ့ စာ"



"ရေးချင်မိတဲ့ စာ"
။။။။။။။။။။။။။။။။။။။။။

ရှစ်လေးလုံးသမိုင်းရဲ့ ဖြစ်ရပ်မှန်ပုံရိပ်တွေ၊ post တွေ FB ပေါ်
တင်ထားတာတွေကို ဖတ်မိပြီး ဒီ post လေးကို ရေးဖြစ်တာပါ။

၈၈ တုန်းက ဆယ်ကျော်သက်လူငယ်ပိုင်းဖြစ်နေပြီဖြစ်တဲ့
ကျမအတွက် ရင်နင့်ဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်ပေါင်း
များစွာဟာ မနေ့တစ်နေ့ကလိုပါပဲ။
အဲ့ဒီ အချိန်က မြင်၊ သိ၊ ကြား ရသမျှ ရင်နင့်ဖွယ်
အဖြစ်ဆိုးတွေကို ယနေ့ထိ စက်ဆုတ် မုန်းတီး ရွံရှာ ဆဲပါ။
ဒီအဖြစ်ဆိုးတွေကို ကိုယ်တိုင်နောက်ထပ် မကြုံချင်သလို
နောက်လာမယ့် မျိုးဆက် - လူငယ် လူရွယ်များကိုလည်း
မတွေ့ကြုံ မခံစားစေချင်ပါ။ ဘယ်အရေးအခင်းမျိုးဘဲ ဖြစ်ဖြစ်
ထိပ်ဆုံးက သေကြ ကျေကြ ရမှာ ကျောင်းသားလူငယ်
ရဟန်းရှင်လူ ပြည်သူတွေပါ။

ယုတ်မာ ရက်စက် ကောက်ကျစ် တတ်တဲ့နိုင်ငံရေး
လှည့်ကွက် (အရေးအခင်း) တွေကို "မှန်ကန်တဲ့ အသိတရား၊
စဉ်ဆက်မပြတ်ရှိသင့်တဲ့ သတိတရား" များကို
ကျမတို့တစ်တွေ လက်ကိုင်ထား ပြီးရှောင်ရှားဖို့ လိုအပ်မယ်လို့
ထင်ပါတယ်။

"အသိတရား"တွေမှန်ကန်ဖို့ ဆိုတာ ကျမတို့ဖြတ်သန်းခဲ့ရတဲ့
ဘဝပေးသင်ခန်းစာတွေနဲ့အတူ ဗုဒ္ဓရဲ့အဆုံအမတွေ၊
မှန်ကန်တဲ့လမ်းညွှန်မှု့ကိုပေးနိုင်တဲ့ စာကောင်းပေကောင်း
တွေကနေ တစ်ဆင့်ရရှိနိုင်ပါတယ်။ ဖတ် မှတ် လေ့လာစရာတွေ
အလွန်ပေါများတဲ့ ယခုခေါတ်အခါမှာ ဆင်ခြင်တုံ "သတိတရား"
လေးတွေတော့ ကပ်ထာပြီး ဖတ်မှတ် စေချင်ပါတယ်။

ကျမတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး၊
နိုင်င်ငံရေး (နိုင်ငံအရေး)တွေ ကို မှန်ကန်တဲ့ "အသိတရား"တွေနဲ့ တည်ဆောက်မှသာ အောက်ခြေခိုင်မယ့်
လူ့ဘောင်တစ်ရပ် ဖြစ်လာမှာပါ။

ဒီနေရာမှာ အလျဉ်းသင့် လို့ ကျမ ဥပမာ အမြင်လေး တစ်ခုနဲ့
ပြောချင်ပါတယ်။

ဗိုလ်ချုပ်ဟာကျမတို့ရဲ့ ကိုယ့်မြေ ကိုယ့်ရေ ကို တစ်ပါးသူ
လက်ထဲကပြန်ရအောင် အသက်စွန့်ယူပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ပြန်ယူပေးတဲ့ ဒီမြေပေါ်မှာ အလုံပိတ် အိမ်ကြီးကို
ဆောက်ပြီး အာဏာရှင်တို့က အိမ်ကြီးရှင်အဖြစ်ခံယူကာ
မတရား သဖြင့် မင်းမူအုပ်စိုးခဲ့ပါတယ်။

သည်းမခံနိုင်တဲ့ တစ်ချိန်မှာတော့ ၈၈ ဆိုတဲ့ လူထုကြီးဟာ ဒီအလုံပိတ်အိမ်ကြီးကိုဖြိုချခဲ့ကြပါတယ်။

အိမ်ကြီးရှင်တို့ကလည်း ဖြိုချမှု့ကြောင့် ယိုင်နဲ့နဲ့ဖြစ်သွားတဲ့ ဒီအိမ်ကြီးကိုပြန်ဆောက်ဖို့ကြိုးစားကြတယ်။

ဒါပေမယ့် ၈၈ ကတည်းက ပြည်သူ့ရှေ့ကနေအမြဲတမ်းကြံ့ကြံ့
ခံရပ်တည်ပေးခဲ့တဲ့ အမေစု ရဲ့ခေါင်းဆောင်မှု့နဲ့ ယိုင်နဲ့နဲ့ဖြစ်
သွားတဲ့ အိမ်အိုကြီးရဲ့ နေရာမှာ ဒီမိုကရေစီအုတ်မြစ်ကို
ချခဲ့ပါတယ်။

အမြော်အမြင် အတွေးအခေါ် အင်မတန်ကြီးမားတဲ့ အမေစု
ရဲ့ ခေါင်းဆောင်မှု့အောက်မှာ ကျန်မတို့တစ်တွေဟာ
မည်သည့် သံသယစိတ်မှမထားဘဲ ဒီ ဒီမိုကရေစီ
အုတ်မြစ်ပေါ်မှာ လှပတဲ့ အိမ်ကြီးကိုဆောက်လုပ် ရမှာပါ။

အဲဒီလို ဆောက်ကြဖို့ရာ မှာ ကျမတို့တွေ နားလည်မှု့ အပြည့်နဲ့
( ဒီမြေပေါ်မှာနေ ဒီရေကို အေးအတူ ပူအမျှ သောက်နေကြတဲ့
"မြန်မာနိုင်ငံသား" မည်သူမဆို ) စည်းလုံးညီညွတ်စွာ
"အသိတရား၊သတိတရား" များကို လက်ကိုင်ထား ပြီး
လက်တွဲ ဆောက်မှသာ ရမှာပါ။

ဆောက်ကြရမယ့် သူတွေကိုယ်တိုင်က ဘေးထိုး စကားတွေနဲ့
တစ်ခု မဟုတ် တစ်ခု အချင်းများ ရန်ပွားနေကြရင် ကျမတို့
ဘယ်လိုဆောက်လို့ ပြီးနိုင်မှာလဲ။

(ဒါပေမယ့် ဒီနေမှာ သာမန်မဟုတ်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကို
ဖျက်စီးဖို့ကြိုးစားနေတဲ့ virus တွေကိုတော့ အဝင်ခံဖို့ မလိုပါ။)

နိဂုံးအနေနဲ့ ....
ကျမတို့ရဲ့ လွတ်လပ်ရေးကို အသက်ပေးပြီး ယူပေးခဲ့တဲ့ ဗိုလ်ချုပ်၊
ကိုယ့်ဘဝကို အလောင်ကျွမ်းခံပြီး ဒီမိုကရေစီ လမ်းပြပေးခဲ့ -
အုတ်မြစ်ချပေးခဲ့တဲ့ အမေစု နဲ့ ၈၈မျိုးဆက်တွေ၊
ဒီမိုကရေစီရရှိရေးအိပ်မက်များနဲ့ ရှစ်လေးလုံး အရေးအခင်း မှာ
စွန့်လွတ်သွားခဲ့ကြတဲ့ အသက် ဝိဥာဉ်တွေကို
လေးစားတန်ဖိုးထားရင် ........

ကျမတို့တွေ စည်းလုံးညီညွတ်စွာ လက်တွဲကြရင်း
"အသိတရား၊သတိတရား" များကို လက်ကိုင်ထားကာ
အေးချမ်းသာယာသော၊ ဖွံဖြုးတိုးတက်သော ဒီမိုကရေစီ
လူ့ဘောင်သစ်ဆီသို့ ကိုယ်နိုင်တဲ့ ဝန်လေးတွေနဲ့ အတူ
တစ်ထောင့် တစ်နေရာ ကနေ ထမ်းရင်း
ဆက်လက်လျှောက်လှမ်းရအောင်ပါ ........ ။

(moe hnin pwint)

Friday, August 8, 2014

TRUE IMAGES (216)


"လွယ်အိတ်လေးရဲ့ သမိုင်း"




"လွယ်အိတ်လေးရဲ့ သမိုင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆယ့်ငါးနှစ်သား ကလေးတယောက်
ခေါင်းထဲငိုသံတွေ စွဲနေတယ် ...
ဆဲသံတွေ နားထဲကြားနေတယ် ...
အော်သံခေါ်သံ အတိနဲ့
ငါ့ရဲ့ ကမ္ဘာသစ်ကြီးက
အမှောင်အတိပြီးနေတယ် ... ။

ဒိုင်းခနဲတစ်ချက် ...
"အင့်"ခနဲပါသွားတဲ့ အသက်
အလောင်းချင်း ထပ်လို့ ...

အဖြူစိမ်းလေးတွေရေ ...
ငါတို့ကဗျာရွှတ်သံ ...
ငါတို့စာအံသံ ...
ငါတို့ခေါင်းလာင်းသံလေးတွေ တိတ်
ကျောင်းရဲ့အလံ ထိပ်မှာ
ဒေါင်းရဲ့အလံတွေ ချိတ်ခဲ့ရတယ် ... ။

"တောက်"... ခတ်သံနင့်နင့်နဲ့
ရင်ကအသစ်မဖြစ်တော့တဲ့ အနာဂတ်
ပေတ၇ာလမ်းမ ထက်မှာ
ငါ့ဘဝကို စုတ်ဖြဲ လိုက်တယ်...
ငါ့ရဲ့စာသင်ခန်းမပျောက်လို့ ...
ပေတရာလမ်းမထက်လျောက်ခဲ့တယ် ...

သားပျောက်တဲ့အမေ ...
အဖေပျောက်တဲ့ သား ...
ညီလေးပျောက်သွားတဲ့ အစ်ကို ...
အစ်ကို ပျောက်သွားတဲ့ နှမ ...
အဲဒီလမ်းမထက်မှာ သူတို့တညံညံ ...
ပျောက်သွားတဲ့ ငိုသံတွေ ...
ဘယ်ချောင်ထိုးထားသလဲ ...

လမ်းဘေးမြောင်းထဲ ...
တောထဲတောင်ထဲ ...
မြေသားတွင်းထဲ ...
လမ်းဘေးဝဲယာ...
မမြင်ရတော့တဲ့ ...
ဝိဥာဉ်တွေ
သူတိုရဲ့ကျောင်းလွယ်အိတ်လေး
အမျှဝေပါ ... ။

အရှင်လတ်လတ် မြေတူးစက်ထဲ
ဝင်အိပ်ရဲခဲ့တဲ့
ကျောင်းလွယ်အိတ်လေးတွေရေ ...

အရှင်လတ်လတ် မြောင်းထဲက
မတတ်နိုင်ခဲ့တဲ့
လွယ်အိတ်လေးတွေရေ...

ကြေးစည်တဝေဝေ အမျှစေလည်း
့ကျေနပ်မယ်မဟုတ်...

ကျောင်းရဲ့ခြံရိုးမှာ
သမိုင်းရဲ့ အဖြူစိမ်းပေါ်
အရောင်စွန်းခဲ့တာက...

သွေးးး...။ ..... ။ ..... ။

(ပဥာက်)

credit to ..... htarwayathitsar


TRUE IMAGES (215)

“စွန့်လွတ်သွားခဲ့ကြတဲ့ အသက် ဝိဥာဉ်တွေ ကို
လေးစားတန်ဖိုးထားရင်း
ငါတို့တွေ နားလည်မှု့ အပြည်နဲ့ ………..”

"၈.၈.၈၈ သမိုင်းကြောင်း အကျဉ်းချုပ်"



"၈.၈.၈၈ သမိုင်းကြောင်း အကျဉ်းချုပ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၁၉၈၇ ခုနှစ်)

သြဂုတ်လ ၁၀ရက်
ဦးနေ၀င်း တစ်နိုင်ငံလုံးသို့ ပြောကြားသော မိန့်ခွန်းတွင်၊ သူ အုပ်ချုပ်ခဲ့သည့်
၂၅နှစ်တာ ကာလ အတွင်းတွင် အမှားများ ပြုလုပ်ခဲ့ကြောင်း၊ အချိန်အခါ အား လျော်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း
တိုင်းပြည်သို့ ၀န်ခံလိုက်သည်။

စက်တင်ဘာ ၅ရက်
၂၅ကျပ်၊ ၃၅ကျပ် နှင့် ၇၅ ကျပ်တန် ငွေစက္ကူတို့ကို တရားမ၀င်တော့ကြောင်း
နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ်ရေးထိုးထားသည့်
ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်၏ ငွေကြေးလည်ပတ်မှု
၈၀ ရာခိုင်နှုန်း ရပ်တန့်သွားခဲ့သည်။ တရားမ၀င်ကြေငြာခဲ့သော
ငွေစက္ကူများအား ပြန်လဲလှယ်ခွင့် မပေးခဲ့ချေ။

စက်တင်ဘာ ၆ရက်
အစိုးရက တက္ကသိုလ်နှင့် ကောလိပ်အားလုံးကို ပိတ်လိုက်သည်။ အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို နေရပ်အသီးသီးသို့ ပြန်ပို့လိုက်သည်။

အောက်တိုဘာ ၁၄ရက်
ပြည်သူ့လွှတ်တော်က ငွေစက္ကူတန်ဖိုးချခဲ့မှုကို ဘဘောတူ
အတည်ပြုလိုက်ပြီး ဖျက်သိမ်းခဲ့သော ငွေစက္ကူများအစား ၄၅ကျပ် ၉၀ ကျပ်
တန်တို့ဖြင့် အစားထိုးလိုက်သည်။

အောက်တိုဘာ ၂၆ရက်
တက္ကသိုလ်များ ကောလိပ်များကို ပြန်လည်ဖွင့်ပေးလိုက်သည်။

အောက်တိုဘာ ၂၈ရက်
နံနက် ၄နာရီခွဲခန့်၌ ရန်ကုန်မြို့သမ္မတ ရုပ်ရှင်ရုံတွင် ဗုံးပေါက်ကွဲခဲ့သည်။

နိုဝင်ဘာ ၂ - ၃ရက်
စစ်တွေဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး
ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာ ၇ရက်
ပျဉ်းမနား ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် တိရစ္ဆာန်မွေးမြူရေးနှင့်
ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေ၀င်း ဓာတ်ပုံကို
မီးရှို့၍ ဆန္ဒပြကြသည်။

ဒီဇင်ဘာ ၁၁ရက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်
ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြုကြေညာလိုက်သည်။

(၁၉၈၈ ခုနှစ်)

မတ်လ ၇ရက်
ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်၌ ည၉နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲသည်။
ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့်
အစိုးရ အသစ် ဖွဲ့စည်းရန် အကြုံပြုထားသည့် အိတ်ဖွင့်စာကို
ဦးနေ၀င်းထံ ပေးပို့ခဲ့သည်။

မတ်လ ၁၂ရက်
ရန်ကုန်မြို့ ကြို့ကုန်း အနောက်ပိုင်း စန္ဒာဝင်း လဘ္ဘရည်ဆိုင်တွင် စက်မှု
တက္ကသိုလ်ကျောင်းသား အချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားကြသည်။
ကျောင်းသားတစ်ချို့ ဒဏ်ရာရပြီး ကျန်လူများနှင့် ကျောင်းသားများကို
သက်ဆိုင်ရာက ထိန်းသိမ်းလိုက်သည်။

မတ်လ ၁၃ရက်
ကျောင်းသားအား ရိုက်နှက်ခဲ့သူ တရားခံအား သက်ဆိုင်ရာက လွှတ်ပေးလိုက် သဖြင့် ကျောင်းသား ၂၀၀ခန့် ရပ်ကွက် ပြည်သူ့ကောင်စီရုံးသို့ သွားကာ ကန့်ကွက်ကြသည်။ ကျောင်းသားများနှင့် လုံထိန်းများ အဓိကရုဏ်း
ဖြစ်ပွားကြပြီး လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှု တက္ကသိုလ်
ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့သည်။ ရက်အနည်းငယ်ကြာတွင်
နောက်ထပ် ၆ယောက်ခန့် ပစ်ခတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
(မှတ်ချက် - ကိုဖုန်းမော် သေဆုံးသွားသော မတ်လ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားခဲ့သည်။)

မတ်လ ၁၄ရက်
စက်မှုတက္ကသိုလ်ကျောင်းသားများက အခြား တက္ကသိုလ်များသို့
လုံထိန်းများ၏ ကျောင်းသား များအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့
ငွေစက္ကူဖျက်သိမ်းခြင်း ကို ရှုတ်ချသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

မတ်လ ၁၅ရက်
စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသိုကျောင်းဝင်းကို ၀င်စီးလိုက်သည်။
အစိုးရမှ ကျောင်းသားများ အပေါ် အပြစ် ပုံချထားသည့် ကြေညာချက်
တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ကျောင်းသား အများအပြားကို
ဖမ်းဆီးလိုက်သည်။

မတ်လ ၁၆ရက်
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ လှိုင်ကောလိပ်နှင့် စက်မှု
တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ဆန္ဒပြ ချီတက်လာသည်။ အင်းလျားကန်အနီးသို့ ရောက်သောအခါ လုံထိန်းများနှင့် စစ်တပ်က
ပစ်ခတ်ပိတ်ဆို့ကာ တားဆီးခဲ့သည်။ ကျောင်းသားများစွာ ပစ်သတ်ခံ
ရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လုံထိန်းတပ်ဖွဲ့များ
ဝင်ရောက် လာကြသည်။

မတ်လ ၁၇ရက်
ကိုဖုန်းမော်၏ အသုဘသို့ ပို့ဆောင် သဂြိုလ်ရန် ထောင်ပေါင်းများစွာသော
ကျောင်းသား လူထုက ကြံတော သင်္ချိုင်းအပြင်ဘက်တွင် စောင့်ဆိုင်း
နေခဲ့ကြသည်။ သို့သော် ကိုဖုန်းမော်၏ အလောင်းကို အခြား တစ်နေရာတွင်
တိတ်ဆိတ်စွာ သဂြိုလ်လိုက်ကြောင်း သိရသည်။ ကိုဖုန်းမော် သေဆုံးသည့်
ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရန် ကော်မရှင် တစ်ရပ်ဖွဲ့လိုက်ကြောင်း အစိုးရက ကြေညာလိုက်သည်။ ရန်ကုန် တက္ကသိုလ်အတွင်း ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်သည်။
ကျောင်းသား တစ်ထောင်ခန့်ကို အင်းစိန်ထောင်သို့ ပို့လိုက်သည်။

မတ်လ ၁၈ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ် ဆူးလေ
ဘုရားသို့ ချီတက်လာပြီး အခြား ကျောင်းသားများနှင့် ပူးပေါင်းလိုက်သည်။
အစိုးရက တပ်မ ၂၂၊ ၆၆၊ ၇၇ တို့ကို ခေါ်ယူလိုက်ပြီး ဆန္ဒပြသူများကို
ထောင်ပေါင်းများစွာ ရိုက်နှက်ဖမ်းဆီး ခဲ့သည်။ ထိုနေ့ကို သွေးစွန်းသော
သောကြာနေ့ ဟု လူအများ သတ်မှတ်ပြီး တပ်မှူးဗိုလ်ချုပ် စိန်လွင်မှာ
ရန်ကုန်မြို့၏ လူသတ်သမား ဟု အမည်တွင်ခဲ့သည်။ ကျောင်းများ၊
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

ဧပြီလ ၉ရက်
အစိုးရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင်
ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ကျောင်းသား ၃ယောက်သေဆုံးပြီး
၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်းထား
သည်ဟု ကြေငြာသည်။

မေလ ၁၀ရက်
မြန်မာ့တပ်မတော်သည် နယ်စပ်ဒေသများတွင် ညှဉ်းပန်းမှု၊ ဖမ်းဆီး
သတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမပြုကျင့်မှု၊ ရွာသားများ ပေါ်တာအဖြစ်
အတင်းစေခိုင်းကာ လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် လူသားမိုင်းရှင်း
ကိရိယာဖြင့် အသုံးပြုမှုများအတွက် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

မေလ ၃၀ရက်
ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်သော ကျောင်းသားဦးရေမှာ
၃၀ရာခိုင်နှုန်းသာ ရှိခဲ့သည်။အစိုးရဆန့်ကျင်သောစာရွက်စာတမ်းများ ပြန်လည်
ဖြန့်ဝေကြသည်။ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများ၏ ထောင်တွင်း
ညှဉ်းပန်းနှိပ်စက်ခံ အတွေ့အကြုံများနှင့် ကျောင်းသူများ အား လုံထိန်းများ၏
အဓမ္မကျင့်မှု သတင်းများ ပျံ့နှံ့သွားခဲ့သည်။

ဇွန်လ ၈ရက်
ဦးအောင်ကြီးမှ နောက်ထပ် အိပ်ဖွင့် ပေးစာကို ဦးနေ၀င်းထံ ပို့ခဲ့သည်။
ယခုစာတွင် စီးပွားရေး နိုင်ငံရေး ပြဿနာများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖော်ပြထားသည်။

ဖွန်လ ၁၃ရက်
မတ်လတွင် အသတ်ခံရသူများအတွက် အောက်မေ့ဘွယ် အခမ်းအနား
ကျင်းပရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မတ်လ၏ ဖြစ်ရပ်မှန်များ
ကို ဇွန်လ ၁၇ရက် နောက်ဆုံးထားပြီး မထုတ်ပြန်ပါက ပြဿနာများ ပိုမိုကြီးထွား လာလိမ့်မည်ဟု ကျောင်းသားများက ရာဇသံပေးလိုက်သည်။

ဇွန်လ ၁၅ရက်
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲများ ဆန္ဒပြ ပွဲများ စတင်ပေါ်ပေါက်လာသည်။

ဇွန်လ ၁၆ရက်
ကိုမောင်မောင်ကျော်၊ ကိုမိုးသီးဇွန်တို့၏ ဟောပြောပွဲများ တက္ကသိုလ် ကျောင်းဝင်း
များ အတွင်း ပေါ်ပေါက်လာသည်။

ဇွန်လ ၁၇ရက်
ရန်ကုန် တက္ကသိုလ် အတွင်းမှ သင်တန်းများ အားလုံး ရပ်စဲလိုက်သည်။ ဆန္ဒပြပွဲနှင့် ဟောပြောပွဲများ ပြည်လမ်း ဆေးတက္ကသိုလ်သို့ ရောက်သွားခဲ့သည်။

ဇွန်လ ၂၀ရက် ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ရန်ကုန်တက္ကသိုလ်ရှိ စည်းဝေးပွဲများသို့ သံဃာတော်များပါ
တက်ရောက်သည်။အစည်းဝေးမှ ကျောင်းထုတ်ခံရသော ကျောင်းသားများကို
ကျောင်းပြန်တက်ခွင့် ပေးရန်နှင့် မတ်လအတွင်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ ကို ဖော်ထုတ်အပြစ်ပေးရန် တောင်းဆိုကြသည်။ ရန်ကုန် တက္ကသိုလ်ကို
ရဲနှင့် စစ်တပ်က ညနေ ၆နာရီတွင် ၀ိုင်းရံပိတ်ဆို့လိုက်သည်။

ဇွန်လ ၂၁ ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ ရန်ကုန်မြို့လယ်သို့ ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။
ဟံသာဝတီ လမ်းဆုံ အရောက်တွင် လုံထိန်းများက မျက်ရည်ယို ဗုံးများ၊
သေနတ်များဖြင့် စတင်ပစ်ခတ်ကြသည်။ ကျောင်းသားများကလည်း ဂျင်ကလိများဖြင့် ပြန်လည်ပစ်ခတ်ကြသည်။အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
ကျောင်းသား ပြည်သူ ၈၀ခန့်နှင့် လုံထိန်း ၂၀ခန့် သေဆုံးကြသည်။ အစိုးရ
အာဏာပိုင်များက ဇွန်လ ၂၁ရက်နေ့မှ သြဂုတ် ၁၉ရက်နေ့အထိ လူစုလူဝေး
မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

ဇူလိုင် ၁ရက်
အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ နံနက် ၄နာရီသို့ ပြင်ဆင်လိုက်သည်။

ဇူလိုင် ၇ရက်
မဆလ ပါတီ၏ အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ရက်နေ့တွင်ကျင်းပ ပြုလုပ်မည်ဟု
ကြေညာခဲ့သည်။ မတ်အတွင်း ဖမ်းဆီးထားခဲ့သော ကျောင်းသားများကို ပြန်လွှတ်ပေး
မည်ဟု ကြေညာခဲ့သည်။

ဇူလိုင် ၉ရက်
ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းသည်။ ကျောင်းထုတ်ခံရသော ကျောင်းသား
များလည်း သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့်
ကို ပြန်လည် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့သည်။

ဇူလိုင် ၁၈ရက်
မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းတွင် ဖမ်းဆီးခဲ့သော ဆန္ဖပြသူများ၄၁ဦးသည်
ထောင်ကားပေါ်တွင် အသက်ရှုကျပ်ကာ သေဆုံးခဲ့မှု အတွက် တာဝန်ရှိသည်
ဟု ပြည်ထဲရေး ၀န်ကြီးဦးမင်းခေါင်က ၀န်ခံပြောကြားပြီး ရာထူးမှ နှုတ်ထွက်သွားသည်။

ဇူလိုင် ၂၂ရက်
ပြည်မြို့၌ အရေးပေါ် အခြေအနေကြေညာပြီး အုပ်ချုပ်ရေး တာဝန်အားလုံးကို
တပ်မတော်သို့ လွှဲပေးလိုက်သည်။

ဇူလိုင် ၂၃ရက်
မဆလ ပါတီ အရေးပေါ် ညီလာခံကို ကျင်းပသည်။ ဥက္ကဌ ဦးနေ၀င်းက မိန့်ခွန်းပြောပြီး သူနှင့်အတူ မဆလပါတီ ဒုဥက္ကဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊
တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟိုကော်မတီအလုပ်အမှုဆောင်ဝင်
များ ဖြစ်သည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနားယူတော့မည်ဟု ကြေညာသည်။ တစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် တင်သွင်းခဲ့သည်။

ဇူလိုင် ၂၆ရက်
မဆလပါတီ ဗဟို ကော်မတီ အစည်းအဝေးကျင်းပပြီး ဦးစိန်လွင်အား ပါတီဥက္ကဌသစ်
အဖြစ် တင်မြှောက်လိုက်သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့်ပြုသော်လည်း ဦးကျော်ထင်၊ ဦးအေးနှင့် ဦးထွန်းတင်တို့ကို ပြန်လည်ေ၇ွးကောက်တင်မြှောက်ကြသည်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ အကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်တို့ကို ရာထူးမှ ပယ်ရှားလိုက်သည်။

ဇူလိုင် ၂၇ရက်
ပြည်သူ့ လွှတ်တော် အစည်းအဝေးကျင်းပပြီး နိုင်ငံတော် ကောင်စီဥက္ကဌနှင့် နိုင်ငံတော်
သမ္မတ အဖြစ် ဦးစိန်လွင်ကို တင်မြှောက်သည်။ ဦးထွန်းတင်အား ၀န်ကြီးချုပ်၊ ဦးကျော်တင်အား နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး၊ ဒေါက်တာ
မောင်မောင် အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်သည်။

ဇူလိုင် ၂၈ရက်
ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့် ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရုံ့းကြသည်။ မြေထဲမြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်သည်။

သြဂုတ် ၁ရက်
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ် ၈ရက် နေ့တွင်
ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်သည့် စာရွက် စာတမ်းများ ဖြန့်ဝေကြသည်။

သြဂုတ် ၂ရက်
ရွှေတိဂုံစေတီတော်၌ ကျောင်းသားများ အစည်းအဝေးကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြသည်။

သြဂုတ် ၃ရက်
ရန်ကုန်မြို့တွင် မာရှယ်လော စစ်ဥပဒေကို ညနေ၆နာရီ ထုတ်ပြန် ကြေညာခဲ့သည်။
ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်း မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။

သြဂုတ်လ ၅ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု
ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

သြဂုတ်လ ၆ရက်
အထက် မြန်မာနိုင်ငံတောင်ရှိ မြို့များတွင်လည်း ဆန္ဒပြပွဲများ
ဆက်လက် ဖြစ်ပွားခဲ့သည်။ ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း
ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်သည်။

သြဂုတ် ၈ရက်
ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ
သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့် ဆိုရှယ်လစ် စီးပွားရေး
စနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။

သြဂုတ် ၉ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂မှ စစ်သားများ ရန်ကုန်မြို့တွင်
လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံး ပိတ်လိုက်သည်။ ဆန္ဒပြပွဲများ
ဆက်လက် ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၀ရက်
ရန်ကုန်မြို့ ဆန္ဒပြသူများအား စစ်သားများက ဘရင်း ကယ်ရီယာများ ပေါ်မှ
ပစ်ခတ်သဖြင့် အမြောက်အမြား သေဆုံးခဲ့ပြန်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်းသို့ စတင်ပစ်ခတ်ခဲ့သည်။ မြောက်ဥက္ကလာပတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်သည်။

သြဂုတ်လ ၁၂ရက်
ဥိးစိန်လွင် ရာထူးမှ ဆင်းသည်။ ပြည်သူများ သံပုံများ တီးကာ ကခုန်ကြသည်။ ရန်ကုန်ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာ ရသူများဖြင့် ပြည့်နှက်လျှက်ရှိသည်။

သြဂုတ် ၁၉ရက်
ဒေါက်တာမောင်မောင်အား မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်သည်။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းဦးဆောင်သည့် ပြည်သူ့ဆန္ဒလေ့လာရေး
ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်သည်။

သြဂုတ် ၂၀ ရက်
ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေး၇န်၊ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ပေးရန် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြသည်။

သြဂုတ် ၂၄ရက်
မာရှယ်လော စစ်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ ဒေါက်တာမောင်မောင်က
တစ်ပါတီစနစ် သို့ ပါတီစုံစနစ် ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲပြုလုပ်ပေးရန်
ကတိပြုလိုက်သည်။

သြဂုတ် ၂၆ရက်
ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ အထွေထွေ သပိတ်ကြီးကြောင့်
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့သည်။

အင်းစိန်ထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့သည်။

သြဂုတ်လ ၂၇ရက်
ကာကွယ်ရေး ၀န်ကြီးချုပ် စစ်ဦးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန်ဆေးရုံရှေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။

သြဂုတ် ၂၈ရက်
ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်လိုက်သည်။
မင်းကိုနိုင်အား ဥက္ကဌအဖြစ် တင်မြှောက်ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
အဖွဲ့ချုပ် ကို တည်ထောင်လိုက်သည်။

ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။ အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့သည်။

စက်တင်ဘာ ၁၇ရက်
ကုန်သွယ်ဝန်ကြီးဌာန ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သား ၂၄ဦး လက်နက်ချပြီး ကုန်သွယ်ရေး ၀န်ကြီးဌာန အဆောက်အဦးကို ရဟန်းပျိုသမဂ္ဂနှင့် ကျောင်းသားများက သိမ်းပိုက်လိုက်သည်။ အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။ ကျောင်းသားများ စတင်ပြီး တောခိုကြသည်။

စက်တင်ဘာ ၁၈ရက်
ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ကို ဖွဲ့လိုက်ကြောင်း ကြေညာသည်။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြင်မထွက်ရ အမိန့်ကို ဆန့်ကျင်ကြသည်။ စစ်တပ်မှ ပစ်ခတ်ခဲ့သည်။

စက်တင်ဘာ ၁၉ရက်
ဆန္ဒပြသူများ နှင့် စစ်တပ်များ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။
မြို့ပေါ်ရှိ ပြောက်ကျားများက ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား
ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးကောင်စီနှင့် အခြား အာဏာပိုင်အဖွဲ့များကို ဖျက်သိမ်းလိုက်သည်။

စက်တင်ဘာ ၂၄ရက်
ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကို ဖွဲ့စည်းလိုက်သည်။

ကောက်နှုတ်ချက်။ သမိုင်းအကြောင်းကို စနစ်တကျ မှန်ကန်စွာ ဖော်ပြပေးလိုသဖြင့်
mmcp မှ မပျိုပျိုမေ၏ တင်ပြမှုများကို မျှဝေလိုက်သည်။

(ရေးသားသူ Tea)

credit to ...... myhome16

Tuesday, August 5, 2014

TRUE IMAGES (214)


"သံကြိုးကြီးနဲ့ ချည်ထားတယ်ဆိုတော့ ....... "

" မြင့်မြတ်တယ်ဆိုတာ …"



" မြင့်မြတ်တယ်ဆိုတာ …"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြင့်မြတ်တယ်ဆိုတာ ဘာလဲ။

ကိုယ့်ပစ္စည်းကို ကိုယ်တန်ဖိုးထားတာဟာ
ဘာမှမဆန်း။
သူများပစ္စည်းကို တန်ဖိုးထားပြနိုင်မှ
တကယ်ဆန်းသည်။

ကိုယ့်သွေးသားမို့ မေတ္တာစိတ်ထားနိုင်တာ
ဘာမှမဆန်း။
ကိုယ့်သွေးသား မဟုတ်သည့်တိုင်
မေတ္တာစိတ် ထားနိုင်သည်ကမှ
တကယ်ဆန်းသည်။

ကိုယ့်ဘာသာ ကိုယ့်သာသနာကို
တန်ဖိုးထားကြတာ ဘာမျှမဆန်း။
အခြားဘာသာကို အပြန်အလှန်
လေးစားပြနိုင်တာကမှ တကယ်ဆန်းသည်။

(ပေါ်လင်းဦး)
ဆောင်းပါးရှင် "ပေါ်လင်းဦး" ၏
"အာဇာနည် အလွမ်း" ဆောင်းပါးမှ ......

credit to ...... The Voice

TRUE IMAGES (213)


"ဘောလုံး (၅) လုံး"


"ဘောလုံး (၅) လုံး"
။။။။။။။။။။။။။။။။။။။။။။။။

“ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာ
ကြာသော မိန့်ခွန်း ”

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့
ဂိမ်းတစ်ခုလို့ ယူဆပါ။
ယင်းဘောလုံး (၅)ခုကတော့ .....

၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။

အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်
ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။
သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့်
ပြန်လည်ခုန်တက်လာပါတယ်။

ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့
မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့
ဖန်ဘောလုံးနဲ့တူပါတယ်။
လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။
သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။
သင်ဒါတွေကိုနားလည်းထား ရပါမယ်။

အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။
ပြီးတဲ့အခါမှာ ထားခဲ့ပါ။
ကျန်တဲ့အချိန်တွေကို မိသားစု၊ မိတ်ဆွေ၊ ကျန်းမာရေး နဲ့
သင့်တင့်မျှတတဲ့ အနားယူအပန်းဖြေမှုမျိုးများအတွက်
အချိန်ပေးပါ။

တန်ဖိုးရှိတယ်လို့ယူဆမှသာ
အမှန်တကယ်တန်ဖိုးရှိလာမှာဖြစ်ပါတယ်။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ..... LAS Group ပညာရေးအကြံပေးအဖွဲ့ 