Tuesday, March 31, 2015

TRUE IMAGES (391)

"ပေါ်လာပြီ"

"ရှေ့ကို တက်နိုင်ကြဖို့ဆိုရင်"

"ရှေ့ကို တက်နိုင်ကြဖို့ဆိုရင်"
   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   
“တချို့က ငါတို့ ဘယ်တော့မှ မမှားဘူး ဆိုတဲ့
ပုံစံမျိုးနဲ့ ရပ်တည်တယ်။

အဲဒီဟာက ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း  အကျိုးမပြုဘူး။
ကိုယ့်ကိုကိုယ်လည်း  အကျိုးမပြုဘူး။

ငါ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ထင်တဲ့သူဟာ
ဘယ်လိုလုပ် ကိုယ့်ကိုကိုယ်ပြန်ပြီး ပြုပြင်နိုင်မလဲ?

ငါလည်း မှားနိုင်တာပဲ၊
ငါလည်း အားနည်းချက်တွေ ရှိနိုင်မှာပဲဆိုတာ လက်ခံမှ
ကိုယ့်ကိုကိုယ် ပြုပြင်ပြီးတော့ ရှေ့ကိုတက်နိုင်မှာ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... ဗွီအိုအေ (မြန်မာပိုင်း)

Monday, March 30, 2015

TRUE IMAGES (390)

"ပုံပြောကောင်းသော ဦးဦးများ"

“ရွေးချယ်ပိုင်ခွင့်”

“ရွေးချယ်ပိုင်ခွင့်”
။။။။။။။။။။။။။။။။။။။ 


လူတစ်ယောက်ထံမှ အစစ အရာရာ
သိမ်းပိုက် သွားနိုင်သော်လည်း
တစ်ခုကိုမှု ယူ၍မရ။

ယင်းကား …
လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
“မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်”
ဖြစ်ပေသည်။

“Everything can be taken from a man
but one thing:

the last of the human freedoms -
to choose one’s attitude
in any given set of circumstances,
to choose one’s own way.”

(Viktor E. Frankl)

credit to ... goodreads & Fireflies

Saturday, March 28, 2015

TRUE IMAGES (389)

"အရူး စကား"

“ဗဟိုချုပ်ကိုင်မှု့ ဆိုသည်မှာ …”

“ဗဟိုချုပ်ကိုင်မှု့  ဆိုသည်မှာ …”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တခါက ဒီမိုကရေစီ နိင်ငံတစ်နိုင်ငံနှင့်
ဗဟိုချုပ်ကိုင်မှု့စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံတို့ အကြား
ဆွေးနွေးပွဲ ကျင်းပနေကြသည်။

ဆွေးနွေးနေကြစဉ်
ဒီမိုကရေစီ နိုင်ငံဖက်မှ အရာရှိတစ်ဦးက ခြေ ထောက်ဆန့်လိုက်ရာ
တဖက် နိုင်ငံမှ စကားပြန်အမျိုးသမီး၏ ခြေထောက်ကို မတော်တဆ
ထိမိသွားသည်။

ချက်ချင်းပင် အရာရှိက ယင်းအမျိုးသမီးအား ခွင့်လွှတ်ရန်
တောင်းပန်လိုက်သည်။

ယင်းသို့ တောင်းပန်ခြင်းကို အမျိုးသမီးက ဘာမှမတုံ့ ပြန်ဘဲ
နံဘေးရှိ သူ့နိုင်ငံမှ ဗိုလ်ကြီးတစ်ဦးကို ကပ်၍ တစုံတရာကို
တီးတိုး ပြောလိုက် သည်။ ယင်းဗိုလ်ကြီးက သူ၏ ဘေးရှိ ဗိုလ်မှုးကြီးအား တဆင့်တီးတိုး ပြောလိုက်ပြန်သည်။ ဗိုလ်မှုးကြီး ကသူ့ ဘေးရှိ
ဗိုလ်ချုပ်ကြီးအား တီတိုး ပြောလိုက်ပြန်သည်။

ဗိုလ်ချုပ်ကြီးက အစည်းအဝေးခန်းမ၏ အပြင်သို့ ထွက်ပြီး
သူ၏ နိုင်ငံရှိ ခေါင်းဆောင်ကြီးထံသို့ ဖုန်းခေါ် လိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ပြန်ဝင် လာပြီး
ဗိုလ်မှုးကြီးအား တိုးတိုး ပြောလိုက်သည်။
ဗိုလ်မှုးကြီးက တဖန် ဗိုလ်ကြီးကို ပြန်၍ တီးတိုး ပြောလိုက်ပြန်သည်။
ဗိုလ်ကြီးက စကားပြန် အမျိုးသမီးအား နားအနား ကပ်၍ ပြောပြန်သည်။

ထိုအခါကျ မှ စကားပြန်အမျိုးသမီးက မတော်တဆ ထိမိလာသူ
တဖက်နိုင်ငံမှ အရာရှိအား
"ကိစ္စမရှိပါဘူးရှင်" ဟု ပြန်ပြော လိုက်လေတော့သည်။

(ဖုန်းလိုင်းများ ကောင်း၍ တော်ပေသေးသည်။
သို့မဟုတ်က နောက်နေ့မှပြန် ပြောနိုင်လိမ့်မည် ထင်သည်။)

(Ooba San)

credit to .... lubo601

Wednesday, March 25, 2015

TRUE IMAGES (388)

"လိမ်ညာခံရခြင်း"

"ရေးချင်မိတဲ့ စာ(၈)"

"ရေးချင်မိတဲ့ စာ(၈)"

“balance လုပ်ပြီး ကြည့်ပေးပါ။”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကျွန်တော်တို့မှာ ဟိုက ရိုက်လို့
ဒီကပြန်ပြီး ရိုက်ရတဲ့ သဘောပဲရှိတယ်။” ဆိုပြီး
လက်ပံတန်းမှာ ကျောင်းသားဆန္ဒပြမှုကို ရဲက နှိမ်နင်းတာနဲ့ ပတ်သက်လို့ 
ဘီဘီစီနဲ့ အင်တာဗျူးမှာ သမ္မတကြီးဦးသိန်းစိန်က
ရဲတွေအနေနဲ့ "မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်" အရသာ
ကာကွယ်လိုက်တဲ့သဘော ဆန်ဆန်ဖြေသွားခဲ့ပါတယ်။

အဲ့ဒီ အဖြေနဲ့ ပတ်သက်ပြီး  Topic တစ်ခုတော့ ပေးလိုပါတယ်။
ပုံပါ သတင်းဓါတ်ပုံတွေထဲက မော်တော်ယာဉ်တွေ၊
လူနာတင်ယာဉ်တွေကတော့ သက်မဲ့တွေမို့ ရန်စနိုင်လောက်တဲ့ (သို့)
ပြန်ရိုက်နိုင်လောက်တဲ့
စွမ်းအားမျိုးတော့ရှိမယ် မထင်ပါ။

ဘာမှပြန်မလုပ်နိုင်တဲ့ သက်မဲ့တွေ အပေါ်တောင်
ဤမျှလောက် အငြိုးတကြီးဒေါသထွက်ရိုက်နှက်နေကြတယ်ဆိုရင်
ပြသနာအရင်းခံလို့ ယူဆထားတဲ့ဆန္ဒပြသူတွေအပေါ်
အဘယ်မျှ လောက် နှိမ်နင်းမလဲဆိုတာတွေးကြည့်ယုံနဲ့ အဖြေရှိပါတယ်။   

သို့ဆိုလျှင် သမ္မတ အဖြေစကားနှင့် ဓါတ်ပုံမှတ်တမ်းတွေအရ
ဤနှိမ်နင်းမှုသည်

မိမိကိုယ်ကိုမိမိ ကာကွယ်ပိုင်ခွင့်ဘောင်အတွင်းကလုပ်တာ
ဟုတ်/မဟုတ်၊

အကြမ်းဖက်ဖြိုခွင်းမှုလို့ စွပ်စွဲကြတာ
မှန်/မမှန်၊ 

နိုင်ငံတကာ လုပ် ထုံးလုပ်နည်း (International Practice) နဲ့
ညီ/မညီ ဆိုတာ

ရိုးရိုးလေးစဉ်းစားယုံနဲ့ အဖြေကပေါ်ပြီးသားပါ။

အဲဒီ အင်တာဗျူးမှာပဲ သမ္မတကြီးဆက်ပြောထားတာက
“ဒါတွေနဲ့ balance လုပ်ပြီး ကြည့်ဖို့ကောင်းတယ်။”
ဆိုတဲ့ စကားအတိုင်းသမ္မတကြီးလည်း အဲဒီ သတင်းဓါတ်ပုံတွေနဲ့ အတူ
“balance လုပ်ပြီး ကြည့်ပေးပါ။” ... လို့

(mhp)

credit to .... original news & photos agencies

Monday, March 23, 2015

TRUE IMAGES (387)

"နဂိုရှိမှ နဂိုင်းထွက်မှာ ... :-)"

"တန်ဖိုး"

"တန်ဖိုး"
။။။။။။။။။။


ကျွန်တော် ၈တန်းကျောင်းသားဘ၀တုန်းက မေမေမွေးနေ့
လက်ဆောင်ပေးထားတဲ့ ရွှေလက်စွပ်လေးကိုဝတ်ပြီး ကျောင်းကို
သွားခဲ့ဖူးပါတယ်။

ဘာရယ် ညာရယ်မဟုတ်ပါဘူး ...
လက်စွပ်လေးကလဲ ကျွန်တော့်ရဲ့ဘယ်ဘက်လက်သန်းကြွယ်မှာ
ငြိမ်ငြိမ်လေးနေနေသလို၊ ကျွန်တော်ကလည်း သူ့ကိုသိပ်ဂရုမစိုက်မိခဲ့ပါဘူး။

ဒါပေမယ့် ... ကျွန်တော့်ရဲ့ လက်စွပ်ကလေးကို ဂရုစိုက်မိတဲ့
သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြောပါတယ်။
"ငါတို့လိုကျောင်းသားတွေအတွက်တော့ အဲဒီ့ရွှေလက်စွပ်ဟာ ဒီဘောလ်ပင်တစ်ချောင်းလောက်တောင် တန်ဖိုးမရှိပါဘူးကွာ"

သူ ဘာသဘောနဲ့ပြောတယ်ဆိုတာ ကျွန်တော်နားမလည်ပေမယ့် ...
သူ့စကားကြီးက သိပ်သဘာဝမကျဘူးလို့ခံစားလိုက်မိပါတယ်။
ကျွန်တော် သူ့ကိုဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ... စိတ်ထဲမှာ စဉ်းစားမိတာက ...
[ဒီလက်စွပ်နဲ့ ဘောလ်ပင်တစ်ချောင်းလိုချင်ရင် အချိန်မရွေးလဲယူလို့
ရနိုင်တယ် ... လက်စွပ်ကိုလိုချင်ရင်တော့ ဒီဘောလ်ပင်နဲ့
လဲယူလို့မရနိုင်ဘူး ] လို့ ...

အဲဒီ့နေ့မှာပဲ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ် ... ။
ကျွန်တော်တို့ ကျောင်းဆင်းချိန်မှာပါ ... ။

မိုးတွေကသဲကြီးမဲကြီးရွာချနေတယ်။
ကျောင်းဝင်းအပြင်ဘက်ကို ကျွန်တော်တို့ရောက်ရောက်ခြင်းမှာပဲ
စူးစူးရဲရဲ အော်သံတစ်ခုကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ...
ကလေးငယ်တစ်ယောက် လမ်းပေါ်စီးနေတဲ့ရေတောထဲမှာ
ငိုယိုအော်ဟစ်လို့ ... ။

ကျွန်တော်တို့တွေ အပြေးအလွှားသွားကြည့်တော့ ရေတွေဖုံးနေလို့
မမြင်ရတဲ့ ချိုင့်ထဲကိုနင်းမိပြီး ခြေထောက်ခေါက်သွားလို့ ကလေးရဲ့ခြေထောက်ကြီးက ယောင်ကိုင်းနေတယ်။
လဲအကျမှာ လက်ထောက်လိုက်လို့ထင်ရဲ့ လက်ဖျံမှာလဲ လက်ငါးလုံးလောက် ပွန်းပဲ့သွားပြီး သွေးသံရဲရဲနဲ့ ...။

ကလေးကလည်း ငို၊ ကလေးအမေရဲ့မျက်နှာကိုကြည့်တော့လည်း
ဇီးရွက်လောက်ပဲရှိတော့တယ် ...။

အဲဒါနဲ့ပဲ ကျွန်တော်တို့ ကားတစ်စီးကို အမြန်တားပြီး
ဆေးရုံသွားကြမယ်လို့ပြင်တော့ ...
ကလေးအမေက မျက်နှာငယ်လေးနဲ့ပြောတယ်။
"ပိုက်ဆံမရှိဘူး ..."  တဲ့။

အဲဒါနဲ့ ကျွန်တော်လဲ သူတို့ကိုဆေးရုံပို့ထားခဲ့ပြီး ...
နီးစပ်ရာအပေါင်ဆိုင်တစ်ခုမှာ လက်စွပ်လေးကိုသွားပေါင်လိုက်တယ်။ ရတဲ့ငွေနဲ့ လောက်လောက်ငငဖြစ်သွားတော့မှ
ကျွန်တော်တို့လဲ စိတ်အေးရတော့တယ်။

ကလေးအမေကလည်း ကျေးဇူးတင်စကားတွေ တဖွဖွပြောရင်း
ပိုက်ဆံကို တနည်းနည်းနဲ့ ပြန်ဆပ်မယ့်အကြောင်းတွေပြောတယ်။
"ရပါတယ် အန်တီ၊ ပြန်ပေးစရာမလိုပါဘူး ..."

အားလုံးပြီးဆုံးသွားတဲ့နောက်မှာ ...
ကျွန်တော်တို့သူငယ်ချင်းတစ်စုလည်း ဆေးရုံပေါ်ကဆင်းပြီး လမ်းမပေါ်ကိုပြန်ရောက်လာကြတယ်။

မိုးက အခုတော့ သူမဟုတ်သလိုပါပဲ ... ။

မနက်တုန်းက ကျွန်တော့်ရဲ့လက်စွပ်လေးနဲ့ပတ်သက်ပြီး
ဘောလ်ပင်တစ်ချောင်းလောက်တောင် တန်ဖိုးမရှိဘူးလို့ပြောတဲ့
သူငယ်ချင်းက ကျွန်တော့်ကို ပြန်ပြီးတောင်းပန်တယ်။

ကျွန်တော်က ဘယ်လိုမှသဘောမထားပါဘူး။
ဒါပေမယ့် ... သူ့ရဲ့အမြင်တွေရှင်းသွားအောင်
စကားတစ်ခွန်းတော့ပြောဖြစ်ခဲ့တယ်။

"အရာဝတ္ထုတစ်ခုရဲ့တန်ဖိုးဆိုတာ သူ့ရဲ့ပိုင်ရှင်က သူ့ကိုဘယ်လို
အသုံးချသလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါကွာ ...
ဥပမာ ... တိုင်းပြည်ကိုကာကွယ်သူတစ်ယောက်ရဲ့
လက်ထဲက သေနတ်တစ်လက်နဲ့
တိုင်းပြည်ကိုဖျက်ဆီးနေသူတစ်ယောက်ရဲ့
လက်ထဲက သေနတ်တစ်လက်တို့ရဲ့
တန်ဖိုးမတူညီဘူးဆိုတာမျိုးပေါ့ ... ။"

(နေဘုန်းလတ်)

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

Sunday, March 22, 2015

TRUE IMAGES (386)

“လူနပ် ချမ်းသာ”

"မတရားဘူး ဆိုရင်"

"မတရားဘူး ဆိုရင်"
။။။။။။။။။။။။။။။။။။။။။။။

“အစိုးရဟာ မတရားသဖြင့် လုပ်သလား?

မဟုတ်မမှန်တဲ့ ကိစ္စတွေကို လုပ်သလား?

ကိုယ့်မလုပ်ဘဲနဲ့ သူများတွေကို
လုပ်ရင်လည်း မခံရဘူး။

ကိုယ့်ရန်သူကိုပင်
မတရားလုပ်လို့ရှိရင် မခံရဘူး။

ဒီနေ့ ကိုယ့်ရန်သူကို လုပ်တယ်။

နောက်နေ့ ကိုယ့်ကို လုပ်ရင် လုပ်လိမ့်မယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... Prometheus In The New Age

Saturday, March 21, 2015

TRUE IMAGES (385)

“ကာကွယ်/စောင့်ရှောက်ခံရခြင်း
ရှိ/မရှိ ၏ တစ်ဖက်စီ၌ …”

"လူ့ သဘာဝ"

"လူ့ သဘာဝ"
။။။။။။။။။။။။။။။။


သန်းကြွယ်သူဌေးက
သူ့ကိုယ်သူ ဂုဏ်ဖော်ချင်တဲ့အခါ
“ကိုယ်ထူးကိုယ်ချွန်သမား” တဲ့ ၊

အမှုဖြစ်ပြီး အဖမ်းခံရပြီ ဆိုတဲ့အခါကျတော့
“ငယ်ငယ်တုန်းက
စရိုက်ကြမ်းတဲ့ မိဘတွေနဲ့
ကြီးပြင်းလာရလို့ပါ”  တဲ့ …

The millionaire calls himself
a “self-made man”,
but if he gets arrested,
he blames his abusive parents.
( Hanoch McCarty )

(ဆရာ) ဖေမြင့် ဘာသာပြန်သည့်
"အတွေးကတ်ပြား" ဆောင်းပါးမှ ....

credit to ... Fireflies

Friday, March 20, 2015

TRUE IMAGES (384)

“ဆိုးမွေတော့ ခံစား
ကောင်းမွေကျ စံစားခွင့် မရှိ
(ပွန်းတွေသာစကားပြောတတ်လျှင် … မှ)”

"ပွန်းတွေသာစကားပြောတတ်လျှင်"

"ပွန်းတွေသာစကားပြောတတ်လျှင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


@အောင်မြေကို ချဉ်းနင်း
တဖက်ကင်းကို ဝင်ချက်ရတာ
ကျုပ်တို့လိုပွန်းတွေပါ။

@ စစ်နိုင်လို့ ဗျူဟာမြောက်ရင်
အောင်ပွဲခံ ချီးမြှောက်မှုတွေက
ချက်ထိုးသူနဲ့ ပရိတ်သတ်အတွက်
ပွန်းတွေနဲ့ မအပ်စပ်ပါဘူးလေ။

@ ချက်ခုံရဲ့နောက် ဘေးမှာ
တိတ်တိတ်လေး တန်းစီ
နောက်တစ်ချီအတွက် အားမွေးကြရတာ
ပွန်းတို့ရဲ့ မဟာအခွင့်အရေးပေါ့။

@ ချက်ခုံဘေးက အသံတွေကြားတယ်
ခင်ဗျာ ...
တစ်ဖက်ပွန်းတွေကိုထိုးသတ်
ကျုပ်တို့ က သိပ်ရက်စက်တယ် ... ဟုတ်စ
ချက်ထိုးသူရွှေ့တိုင်းတက်
ကျုပ်လုပ်ရပ်တွေက
ဦးနှောက်မဲ့တယ် ... ဟုတ်စ
ဟင်း ... ဟင်း ... ဟင်း။

@ သူတို့လည်း ပွန်း
ကိုယ်လည်း ပွန်း
အချင်းချင်းတွေ မသိသလို
ရန်ငြိုးတွေလည်း မရှိခဲ့ပါဘူး ...

လက်ဝါးရဲ့ တစ်ဖက်စီ
အမှန်တွေ ညီကြပေမဲ့
အရောင်တွေ ကွဲတယ်
ဟုတ်တယ်...
ကျုပ်ရှေ့ကကောင်တွေနဲ့
အရောင်တွေက တကယ်ကိုကွဲတယ်။

@ ပွန်းပွန်းချင်း ထိုးသတ်
ဂုဏ်ယူတန်နေတာလည်း မဟုတ်ဘူး
အကွက်တွေပေါ်လျှောက်သွား
အားယားတိုင်း
သွေးဆာနေတာလည်း မဟုတ်ဘူး
အကွက်ရွှေ့တဲ့ သခင်ထံ
ထမင်းစားသစ္စာခံနေကြတာလည်း မဟုတ်ဘူး။

@ ဟုတ်တယ်
ကျုပ်ရဲ့ နောက်မှာ
ကျုပ်ရဲ့ အရောင်တွေ အသေအချာရှိတယ် ...

@ ကျုပ်ရှေ့က ပါဝါ
မနိုင်နိုင်ဘူးဆိုတာ ဦးနှောက်မှာသိနေတယ်
ချက်ထိုးသူ ထိုးကျွေးတော့
အေးဆေးပါ မာန်ကိုတင်း
ကျုပ်အသက် မပြင်းရင်
နောက်တစ်ဘဝမှ တစ်ကပြန်စကြရုံပေါ့
ကျုပ်ကမှ မာန်မတင်းရင်
ကျုပ်အရောင်တွေ ဗျင်းခံရတော့မယ်။

@ ဟုတ်တယ်
ကျုပ်နောက်မှာ
ကျုပ်ရဲ့အရောင်တွေ အသေချာရှိတယ်။

@ ဒါပါပဲဗျာ
ဆိုးမွေတော့ ခံစား
ကောင်းမွေကျ စံစားခွင့် မရှိတာ
လောကရဲ့နိယာမတဲ့ လား ...
ဟင်း ... ဟင်း ... ဟင်း ...

အဲဒါဆိုရင်တော့
ခင်ဗျားတို့လောက က
သိပ်အတ္တကြီးတာပဲ ဗျာ ... ။

(ရုပ်ဆိုး)

credit to ... bawacheyar 

PS ....

ဒီကဗျာကိုဖတ်ပြီး
အတွေးလေးတစ်ခု ၀င်လာပါတယ်။  
တကယ်တော့ ....
အရောင်တွေကွဲတဲ့ အညတရ ပွန်းပွန်းချင်း
ထိုးသတ်နေကြတာထက်  
အရောင်တွေ တူတဲ့ နှစ်ဖက် ပွန်းပွန်းချင်း
ထိုးသတ်နေကြတာ
ပိုပြီးေ ကြကွဲ ၀မ်းနည်းစရာကောင်းလှပါတယ်။

အရောင်တူတွေမို့ နှစ်ဖက် အမှန်တွေ ညီကြပြီး
ဆိုးမွေတွေ ခံစား စရာမလိုတော့တဲ့
စစ်မှန်သော ငြိမ်းချမ်းရေးနဲ့အတူ
သာယာဝပြောသော
ပြည်ထောင်စုကြီး ဖြစ်ပါစေတော့လို့
ဆုတောင်းရင်း ….

(mhp)

Thursday, March 19, 2015

TRUE IMAGES (383)

“တရားခံပျောက်တဲ့ နည်း”

"ချင့်ချိန်ပြီးတော့ ယုံ"

"ချင့်ချိန်ပြီးတော့ ယုံ"
။။။။။။။။။။။။။။။။။။။။။။။


ဒို့ဗမာပြည်က ကောလာဟလနဲ့ ပတ်သက်ရင် အတော်ရယ်စရာကောင်းတာ၊
ဘာမှ စစ်စစ်ဆေးဆေး မရှိဘူး၊

ဒီတော့ မင်းတို့ခေတ်မှာ အဲဒီ ကောလာဟလတွေ ခဏခဏဖြစ်အောင်
လုပ်နေတယ်၊ ဘယ်အဖွဲ့အစည်း လုပ်နေသလဲ မသိဘူးပေါ့ကွာ၊
ဒါ သူတို့သိမှာပေါ့၊

ဘာမှ အကျိုးမရှိဘူး၊ ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီ၊ ဘယ့်နှယ်လုပ်လိုက်တယ်၊ ညာနှယ်လုပ်လိုက်တယ်၊
ဒါတွေကို မဆင်မခြင် မစဉ်းစားဘဲ ကြားသမျှ အကုန် မယုံရဘူး၊

မင်းတို့ ဘိုးတော်လက်ထက်က ဦးပေါ်ဦးလျှောက်ထုံး၊
ဦးပေါ်ဦး လျှောက်ထားတယ်၊ ဘိုးတော်က သူများ ကုန်းတိုက်တဲ့ဟာတွေကို
သူက နဲနဲယုံတဲ့ အလေ့အထ ရှိပုံရပါတယ်၊

အဲဒီလို ယုံတဲ့အလေ့အထရှိတော့ တနေ့ ဦးပေါ်ဦးက လျှောက်တယ်၊
"မှန်ပါဘုရား၊
အရှင်မင်းကြီးရဲ့ ဆင်ထိန်းက အရှင်မင်းကြီးရဲ့ ဆင်တော်ကြီးကို
တကောင်လုံး ပြုတ်ပြီးတော့ စားဖို့ ကြံစည်နေပါတယ်ဘုရား၊"

အဲဒီလိုလျှောက်တော့ ဘိုးတော်က ခေါင်းကုတ်ပြီး၊
"ပေါ်ဦးရယ် ဆင်ကြီးတကောင်လုံး ထည့်ရအောင် အိုးရှိမယ်
မထင်ပါဘူးကွာ၊” လို့ ပြောတော့

 ပေါ်ဦးက ထပ်လျှောက်တယ်။
"မှန်ပါဘုရား၊
ဆင်ကိုပြုတ်စားမယ်လို့ ဆိုပေမဲ့ အိုးကို ချင့်ပြီးတော ယုံရပါတယ်” တဲ့။

မင်းတို့လဲပဲ နေရာတကာ သူများပြောတာ လျှောက်ပြီးတော့ မယုံနဲ့၊
ကိုယ့်ဗမာပြည်ရဲ့အကြောင်း သိနေပြီပဲကွ၊
ဗမာပြည်ရဲ့ အလေ့အထ ဘယ်လိုလဲ?
ပညာညာဏ်နည်းတယ်၊
ပညာညာဏ်နည်းတော့ ထိုင်ပြီးတော့ ကောလာဟလတွေ လွှင့်နေကြတယ်၊
ဒါ ဗမာပြည်ရဲ့ အလေ့အထပဲ၊
ဒီတော့ ကောလာဟလသတင်းတွေ ခဏခဏဖြစ်တတ်ပါတယ်၊
မင်းတို့ အဲဒါတွေ ချင့်ချိန်ပြီးတော့ ယုံ။

(မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ)

credit to ....
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ

Wednesday, March 18, 2015

TRUE IMAGES (382)

“ဆီးသီးပုံပြင် အစ”

"အတ္တ အကျဉ်းသား"

"အတ္တ အကျဉ်းသား"
။။။။။။။။။။။။။။။။။။။။။။။

@ ငါသည် တစ်ခါက
ဖယောင်းတိုင်ကဲ့သို့ဖြစ်၏။
ထို့ကြောင့် ...
မီးတောက်ကို ချစ်လေသည်။

@ ငါတို့သည် ...
လူသားများဖြစ်၏။
လက်ဖ၀ါးတွင် အမှားလက္ခဏာပါလေသည်။

@ မိုး၏အမြင့်ကိုမသိ ... ဟု
ကိုယ့်ကိုကိုယ် အထင်ရှိ၏။
အမှန်ကား
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

@ ၀င်သက်နှင့် ယူခဲ့သမျှ
ထွက်သက်နှင့်ပြန်ပေးရမည်။
ဒါ........ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည်။

@ ကိုယ့်ကိုကိုယ်
ဒိုင်းနှင့်ကာထားပြီးမှ
သူတစ်ပါးကို ဓားဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ထိုက်။

@ တစ်ခါက
ဤလက်တို့ အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီမှာချိတ်မည်နည်း။

@ ငါကတော့ (ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စ ပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲ ဖုံးသွားချင်တော့၏။

(တာရာမင်းဝေ)

credit to ... The Equalizer

Tuesday, March 17, 2015

TRUE IMAGES (381)

“(အဘတို့) လူကြီးတွေ”

"တစ်ထောင့် တစ်နေရာ"

"တစ်ထောင့် တစ်နေရာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျွန်တာ့် မိတ်ဆွေ တစ်ယောက် ...
လူသူကင်းသော မက္ကဆီကို ကမ်းခြေရဲ့  နေ၀င်ဆည်းဆာအချိန် ၊
ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက
ဟိုးအဝေးမှာ လူတစ်ယောက်ကို လှမ်းမြင်နေရသည်။

နည်းနည်းနီးလာတော့  ဒေသခံတစ်ယောက်ဖြစ်ကြောင်း
သတိပြုမိသည် ။

သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် 
သွားနေရမှ တစ်စုံတစ်ရာ ကို ငုံ့ ကောက်ကာ
ပင်လယ်ရေထဲလွှင့် ပစ်သည်။

သည့် နောက် အဲလိုပဲ နည်းနည်း
လျှောက်သွားလိုက် တစ်ခုခုတွေ့ လျှင် ကောက်ယူလွှင့် ပစ်လိုက်
လုပ်နေသည် ။

ကျွန်တော့် မိတ်ဆွေ သူ့ နားကိုရောက်သွားပြီး
သေသေချာချာကြည့် တော့ လှိုင်းနှင့် ပါလာပြီး
သဲသောင်ပြင်ပေါ် တင်ကျန်နေသည့်  ကြယ်ငါးတွေကို ရေထဲပြန်
ပစ်ထည့် ပေးနေချင်းဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်ဖြင့်  လုပ်နေသလဲဟု သိချင်ဇောဖြင့် 
“ မိတ်ဆွေ ၊ မသိလို့ မေးပါရစေခင်ဗျာ ...
အဲဒါဘာများ လုပ်တာပါလဲ ခင်ဗျာ ”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ ပေးနေတာလေ ၊
ခင်ဗျာမြင်တဲ့ အတိုင်းပဲ ..
အခုဒီရေကျချိန် သောင်ပြင်ပေါ် တင်ကျန်ခဲ့ တဲ့ ကောင်တွေဟာ
နောက်တစ်ကြိမ် ရေတက်ချိန်ကို အကြာကြီးစောင့် နေရမှာပေါ့ ၊
ဒါပေမဲ့  အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီးသေမှာပဲ ”

“ဟုတ်ကဲ့  အဲဒါတော့  ကျွန်တော်လည်း သဘောပေါက်ပါတယ် ...
ဒါပေမယ့်  ဒီကမ်းခြေတစ်လျှောက်မှာ
ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ ၊ အဲဒီကောင်တွေအားလုံးကို
ခင်ဗျား ... ဘယ်လိုလိုက်ကောက်မလဲ၊
တစ်ယောက်တည်း မနိုင်ဘူးလေဗျာ ... ပြီးတော့ 
စဉ်းစားကြည့်  ဒီကမ်းရိုးတန်းတစ်လျှောက်လုံးဆိုရင်
ခုလိုသဲသောင်ပြင်ပေါင်း ရာချီရှိနေမှာပေါ့ ၊
ဒီသောင်စပ်တိုင်းမှာရှိနေမဲ့  ကြယ်ငါးတွေဘယ်လိုလုပ်မလည်း ၊
သူ့ ဘ၀နဲ့ သူဖြစ်နေမှာ၊ ခင်ဗျားတစ်ယောက်ကြောင့်  ဘာတွေ ထူးခြားပြီး ပြောင်းလည်းသွားနိုင်မှာလဲ ဗျာ ... ”

ဒေသခံ ပုဂ္ဂိုလ်က ပြုံးသည်။
နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်ပြီး ...

“တခြားကောင်တွေအတွက် မထူးခြားပေမယ့် ၊
ဟော့ဒီကြယ်ငါးလေး တစ်ကောင်အတွက်တော့ 
ထူးခြားသွားတာပေါ့ ဗျာ ” ဟု ဆိုကာ
ပင်လယ်ရေထဲ လှမ်းပစ်ထည့် လိုက်လေတော့ သည် ။

ဖေမြင့်  ဘာသာပြန်သည် ။

(Jack Canfield နှင့်  Mark V. Hansen တို့ ၏
One At A Time)

credit to .... goodblood49

PS ....

မှန်ပါတယ်။

“ကျမတို့ အားလုံးဟာ
သူ့နေရာနဲ့ သူ
သူ့ပညာနဲ့ သူ
သူ့ကျွမ်းကျင်ရာနဲ့ သူ
အသုံးဝင် အသုံးတွင်နေကြတယ်ဆိုတာ
ငြင်းချက်ထုတ်ဖို့ရန်မလိုပါ။

မိမိ မိသားစုအတွက်သာမက
မိမိ ဒေသအတွက်
မိမိ တိုင်းပြည်အတွက်
တစ်ထောင့်တစ်နေရာကနေ
ကိုယ်နိုင်ရာဝန်ကို စစ်မှန်တဲ့ စေတနာနဲ့
အကျိုးပြု သယ်ပိုးနေကြမယ်ဆိုရင်ဖြင့် ….”

(mhp)

Sunday, March 15, 2015

TRUE IMAGES (380)

"လက်ဆင့်ကမ်း သယ်ဆောင်ခြင်း"

"လိမ်လည်မှု"

"လိမ်လည်မှု"
။။။။။။။။။။။။။။။။


“မုသာဝါဒ လိမ်လည်မှုတွေ
ပိုင်ဆိုင်ထားသူတစ်ယောက် အတွက်

သူ ရရှိလာမယ့် အရာတွေကတော့ …
သူ အမှန်တရားကို ပြောတဲ့အခါမှာလည်း
သူ့ကို မယုံကြည်တော့တာပါပဲ။”

“All that one gains by falsehood is,
not to be believed
when he speaks the truth.”

(Aristotle)

credit to .... izquotes

Saturday, March 14, 2015

TRUE IMAGES (379)

"သြော် ... သူတို့က စစ်သားတွေလေ ..."

“ဆန္ဒ နဲ့ လက်တွေ့ဘဝ”

“ဆန္ဒ နဲ့ လက်တွေ့ဘဝ”
။။။။။။။။။။။။။။။။။။။။။။။။။။။


@ တို့ လိုချင်တာက
ဒီမိုကရေစီ အစစ်
တို့ ရနေတာက...
စစ် ဒီမိုကရေစီ ။

@ တို့တွေ အားကိုးတာက
တရားဓမ္မ
တို့တွေ ဖြစ်နေတာက
အဓမ္မ တရား ။

@ ငါတို့တွေ မျှော်မှန်းတာက
သာယာဝပြောတဲ့ ရွှေနိုင်ငံ
ငါတို့တွေ ရောက်သွားတာက
“ဝ” ပြောသမျှ
သာယာနေရတဲ့ ဟိုဝှာနိုင်ငံ ။

@ ကဲ ... ပြောပြန်ရင်လည်း
လက်ထိပ်စော်နံ
ခံနေရပြန် ရင်လည်း
သေချင်စော်နံ ။

@ အမှန်တရား ဆိုတဲ့အရာဟာ
ယောင်လို့တောင်
မရှာနိုင်သေးတဲ့ဘဝမှာ
ကျောချလည်း ဓားပြမှန်းမသိသေး ။

ဟိုဒင်းချလည်း အာသာကမပြေသေးတဲ့နောက်
မမှားလည်း မှောက်သာခံရုံမှတပါး
တစ်ခြား ဘာများတတ်နိုင်ဦးမည်နည်း ။

(ခန့်ညီဖေ)

credit to ... mr7cho

Friday, March 13, 2015

TRUE IMAGES (378)

"ကုရာ နတ္ထိဆေးမရှိ။"

"စစ်အစိုးရပုံစံပါပဲ"

"စစ်အစိုးရပုံစံပါပဲ"
။။။။။။။။။။။။။။။။။။။။။

“ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းရမယ့်ကိစ္စကို
အကြမ်းဖက်တယ်ဆိုကတည်းက
စစ်အစိုးရရဲ့ သရုပ်သကန်ကိုဖော်ပြတာဘဲ။

ကျနော်တို့ ကျောင်းသားတွေမှာ ဘာမှမရှိဘူး။
အလွန်ဆုံးရှိမယ်ဆိုရင် ဘောလ်ပင်ဘဲရှိမယ်။
ပြည်သူတွေကိုလည်း မေးကြည့်ပါ။ အကုန်မြင်ပါတယ်။

ဒါ … ကျောင်းသားတစ်ယောက်ကို
ခွေးရိုက်၊ နွားရိုက်ကို ရိုက်ပြီးတော့ ဆွဲတင်တာ။

ဒါသူတို့ရဲ့ အကျင့်ဟောင်းကို ပြန်ဖော်ပြတာလို့ မြင်တယ်ဗျ။
သူတို့ဖာသာ ဘယ်လိုဘဲ ဒီမိုကရေစီအစိုးရလို့ ခေါ်ခေါ်
ဒါစစ်တပ်ရဲ့ ပုံစံအတိုင်းပဲ ဖြစ်နေတယ်။
စစ်အစိုးရပုံစံပဲ ဖြစ်နေတယ်။

ကျနော်တို့ အနေနဲ့ကတော့ ဒီကျောင်းသားလှုပ်ရှားမှုဟာ
ဘယ်တော့မှ မသေသွားဘူး။”

ကိုသီဟ၀င်းတင်
(ဗကသများ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ
ပြောရေးဆိုခွင့်ရှိသူ)

credit to .... ဒီဗွီဘီ

Thursday, March 12, 2015

TRUE IMAGES (377)

"ပြန်လည် သွတ်သွင်းခြင်း"

"ဖြေရှင်းနည်း မှန်ဖို့"

"ဖြေရှင်းနည်း မှန်ဖို့"
။။။။။။။။။။။။။။။။။။။။။။။

“ပြဿ      နာ ဟာ …
ဘယ်လောက် အရေးကြီးသည်ဖြစ်စေ၊
ဖြေရှင်းနည်းက ပိုအရေးကြီးပါတယ်။

ပြဿ      နာ  ဖြေရှင်းတတ်ဖို့
ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးစေလိုသူတွေ
အားလုံး လေ့ကျင့်ယူရပါ လိမ့်မယ်။

အနိုင်အရှုံးဆိုတာ ထာဝရ မဟုတ်တဲ့အပြင်
နိုင်ခြင်း၊ ရှုံးခြင်းဟာ အဓိကမဟုတ်ပါဘူး။
အဓိက ကျတာက နိုင်ခြင်း၊ ရှုံးခြင်းရဲ့
အကျိုးဆက် ပါ။”

ဆောင်းပါးရှင် "ကိုလေးမြတ်" ၏
"အဖိုးထိုက်ရတနာ ဒီစကား – ၁၀၀"  ဆောင်းပါးမှ

credit to ... Irrawaddy

TRUE IMAGES (376)

"လေ"

“လူမှန်ဆို … Sorry”

“လူမှန်ဆို … Sorry”
။။။။။။။။။။။။။။။။။။။။။။။။

ဥက္ကဌကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး
မေးခွန်း တစ်ခုမေးတယ် ။

၂+၂ = ၅ မှန်သလား ?

ပထမ မန်နေဂျာက
"လုံးဝ တစ်ရာ ရာခိုင်နှုန်းမှန်ပါတယ် .. ဥက္ကဌကြီး "

ဒုတိယ မန်နေဂျာက
"၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ်"
လို့ ဖြေတယ် ။

တတိယ မန်နေဂျာက
"လုံးဝ မှားပါတယ် ၂ + ၂ = ၄" ရပါတယ် ။

နောက်တစ်နေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို
ရုံးမှာ နောက်ထပ် မတွေ့ရတော့ပါ ။

တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာလဲ ဆိုပြီး
ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။

ဥက္ကဌကြီးက ရှင်းပြတယ် ။

ပထမ မန်နေဂျာ က
"လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း သူသိတယ်။"
[သူနဲ့ အလုပ်ဖြစ် နိုင်တယ်။]

ဒုတိယ မန်နေဂျာ က
"ဥာဏ်ပညာ ရှိတယ် ။ သူ ဥာဏ်ပညာ ရှိတာလည်း သူသိတယ်။"
[သူလည်း အလုပ်ဖြစ်တယ်။]

တတိယ မန်နေဂျာက
"လူမှန် ။ သူ လူမှန်ဆိုတာလည်း သူသိတယ်။"
[သူကျတော့ လူ့ဂွစာ အရမ်း လက်ပေါက်ကပ် ပြီး
ပေါင်းသင်းရ ခက်မယ်။]

ဒါကြောင့် သူ့ကို မလိုတာ ရှင်းပြပြီးတာ နဲ့
သူ့လက်ထောက်ကိုပါ မေးခွန်း ထုတ်လိုက်တယ်။
မင်းရော ဖြေပါအုံး

"၂ + ၂ = ၅ မှန်သလား ?"

လက်ထောက်က ပျာပျာသလဲ နဲ့
"ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတာ ။
ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ် ။
ဆရာ့ လို ပညာရှိ စကားကို တပည့်လို ဘာမဟုတ်တဲ့ ကောင်က
ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး" ဆိုတော့

ဥက္ကဌ ကြီးက
"မင်းက လူလည် လူပါး။လူ ချစ်ခင်တယ်။"

ဝမ်းနည်းစရာပဲ ဒါ ... ဒို့ ရဲ့ ဒီခေတ်ရဲ့ လက်ရှိ အခြေနေတွေပါပဲ ။

"ဒီလို မေးခွန်းတွေကို မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လို ဖြေကြမလဲ ?"

(အတွေး)

credit to .... အတွေး

Sunday, March 8, 2015

TRUE IMAGES (375)

"မရပ်သေးပါ။"

"တုံ့ပြန်မှု"

"တုံ့ပြန်မှု"
။။။။။။။။။။။

“လူတစ်ဦးက
တစ်ဦးအပေါ်မှာ ဖြစ်စေ၊
နိုင်ငံတစ်ခုက
တစ်ခုအပေါ်မှာ ဖြစ်စေ၊
ဖိနှိပ် ချုပ်ချယ်မှုတွေ၊
ခေါင်းပုံဖြတ်မှုတွေ
ပြုလုပ်ခဲ့ကြလို့ဘဲ
ဒီကမ္ဘာကြီးမှာ
ဒုက္ခပင်လယ်ဝေခဲ့တာဟာ
အကြိမ်ကြိမ်ရှိပါပြီ။

တရားမဲ့ခြင်း၊
ဖိနှိပ်ချုပ်ချယ်ခြင်း၊
ခေါင်းပုံဖြတ်ခြင်းတို့
ဆက်လက်တည်ရှိနေသရွေ့
တုံ့ပြန်လက်စားချေမှုဟာ
ကမ္ဘာပေါ်မှာ မကြာခဏ
ပေါ်ပေါက်နေဦးမှာပါဘဲ။”

(Nelson Mandela)

credit to ... phonemaung

Saturday, March 7, 2015

TRUE IMAGES (374)

“စေတနာ မပါတော့ …
ကျွေးပေမယ့် မကျွေးသလိုပါပဲ။
(ပေးတယ်ပြောပြီး) 
ပေးပေမယ့်လည်း မပေးသလိုပါပဲ။”

"ရွှေပြည်တော် မျှော်တိုင်းဝေး"

"ရွှေပြည်တော် မျှော်တိုင်းဝေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


@ သောသောရုတ်ရုတ်
မျက်လှည့်ပွဲ
လူအုပ်ထဲမှာ
ခင်ဗျားတို့လည်းပါ ကျနော်လည်းပါ
အမေစုလည်းပါ
ဟီလာရီကလင်တန်လည်းပါ
ကျနော်တို့ အလိမ်ခံရပြီဗျာ … ။

@ ကြွေကကပ်နေပြီး
ထပ်ကောင်ချည်းပေါ်နေတဲ့ ...
လေးကောင်ဂျင်ဝိုင်းမှာ
ဖေါ်မြူလာအားကိုး
ထိုးသားတွေက
ရိုးသားနေတော့လည်း
ဒိုင်စားတာဟာ သဘာဝပေါ့ … ။

@ ဘာတတ်နိုင်သေးလဲ?
ကျုပ်တို့ရှိတာ ပုံအော
ဂုဏ်သိက္ခာသော ဘာသော
ဘဝတွေရော အသက်တွေရော
မှော်ရုံတောမှာ … မျောသွားပြီ … ။

(toetoe)

credit to ... Satesayyar

Friday, March 6, 2015

TRUE IMAGES (373)

“နာမည်ပဲ ပြောင်းထားတာ။”

"အမေရိကန်ချွေးမ"

"အမေရိကန်ချွေးမ"
။။။။။။။။။။။။။။။။။။။။။။


အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက်
စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။
ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက
ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို
အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။

***********************

မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်
တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။

ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊
ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊
ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။

တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။
ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။

တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ
သက်တောင့်သက်သာရှိတယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါလို့
စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို
ဘာသိဘာသာ နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး
"မေမေ...မေမေ.. လူစီကပြောတယ်။
သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။
တကယ်လားဟင်!"
လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး
"ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့
ထော်ဘီခေါင်းညိတ်ပြတယ်။
ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။
အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန်
မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး တရုတ်ပြည်ကမြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။
မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။
ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ
ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ
သယ်ပြန်လာတတ်သေးတယ်။

**********************

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို
မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။
"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။
မှတ်ထား ... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"

ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။

"ဟုတ်ကဲ့..."

သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။

ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။
ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။
ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ
စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။

အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။
အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ်
တက်ထိုင်တယ်။
ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး
"ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား၊
သားလည်း ဝန်ခံကတိပြုထားတယ်လေ" လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။
ငိုနေရင်းက
"မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။

"ဝန်ခံခဲ့တဲ့ကတိအတိုင်း လိုက်နာရမယ်လေ"
စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက်
အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။
ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ
သတိရလိုက်မိတယ်။
အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ
လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။
အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက်
ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို
ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့
စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။

နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွှင့်ပစ်ဖို့ကြံတိုင်း
ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့
အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။
ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။

မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့
"မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား"
လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး

"မရဘူး သား..."

"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား"

"ရတာပေါ့..."  နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီ
ဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီ
နောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို
ကျွန်မ သတိရမိတတ်တယ်။

မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။
လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။
ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာ
အရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

***********************

တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။
ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်
တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်တယ်။
စစချင်းမှာ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။
အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။
ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ ဘေးမှာရပ်ပြီး
ကောင်မလေးတွေ ငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။
အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ
အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး
တဝါးဝါးနဲ့ အော်ငိုတော့တယ်။
ဒါကို စူစန်က
"နာလား.. နောက်တစ်ခါ ထပ်လုပ်ရဲသေးလား" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း
ကျွန်မ ယုံကြည်မိပါတယ်။

************************

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး
လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး
တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။
ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။
လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို
တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့
စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။
လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။
ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။
သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး
ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။
တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း
ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနက လူစီကိုတွန်းထားတဲ့စိတ်က
မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့
"မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်"
လို့ဆိုတယ်။

"ကစားချင်ရင် သူတို့ကို သွားရှာလေ..."

"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။

"မရဘူး... ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။
ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင်
သွားဖြေရှင်းမှရမယ်"

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေး
ချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။
အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး...
ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

*************************

စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ
အလည်လာကြတယ်။
အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့
စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ
အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။

ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။
စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။

အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ
နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။
ဒါကို စူစန်မိခင်က
"ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကိုတားခဲ့တယ်။

တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ
"မေမေ... သားမှားပြီ" လို့ သူဆိုတယ်။

စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က
"ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။

"သိပါတယ်" လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။
စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။
ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။

*** ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ
သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ
"ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ
အမေဘက်က အဘိုးအဘွားက တားလိုက်၊
အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊
လင်မယားချင်း ရန်ဖြစ်လိုက်နဲ့
ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။ ***

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က
ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

*** "ကလေးကို မိဘတွေကပိုင်တယ်။
ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို
ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။
သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊
အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်
ဆိုတာကို သူသိတယ်။
ဒါဟာ သူရဲ့အပြုအမူတိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင်
သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။
မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး
ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။
ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်" ***

"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ်
ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊
မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။
မဖြစ်သင့်ဘူး"

****************************

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့
"သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။
ဖေဖေ ဝယ်ပေးလို့ရမလား" လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး
"ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ်
မဟုတ်လား၊ ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး
လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။
ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး
"ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး
လက်ဆောင်ပေးမယ်တဲ့"
လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

*************************

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ
သူ့မေမေကို အရမ်းချစ်ခဲ့တယ်။

အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့
သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို
သူလက်ဆောင်ပေးတတ်တယ်။

တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို
သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။
စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။

************************

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊
လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို
ကျွန်မ မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။

ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ
ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း
ကျွန်မကောက်ချက်ချမိပါတယ်။

(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

credit to ....  SHANGYI

Thursday, March 5, 2015

TRUE IMAGES (372)

“သတိထားပါ …
Own Goal တွေ
ဖြစ်ပေါင်းလည်း များပြီ။”

"ပြောင်းလဲကြည့်ရအောင်"

"ပြောင်းလဲကြည့်ရအောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အမုန်းနဲ့ တွေ့ရင်
လူတိုင်းဟာ အိုမင်းသွားကြတယ်… ။

အချစ်နဲ့ တွေ့ရင်တော့
လူတိုင်းဟာ နုပျိုသွားကြတယ် … ။

ဒေါသနဲ့ တွေ့ရင် လူတိုင်းဟာ
ပူလောင်သွားကြတယ် … ။

မေတ္တာနဲ့ တွေ့ရင်တော့
လူတိုင်းဟာ အေးချမ်းသွားကြတယ် … ။

လူတိုင်းမှာ …
မလိုတဲ့ အပူတွေမရဖို့နဲ့
လိုချင်တဲ့ ငြိမ်းအေးမှု့လေး တဒင်္ဂ ဖြစ်ဖြစ်ရအောင်
ကိုယ့်စိတ်ကို ပြောင်းလဲကြည့်ကြရအောင် … ။”

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ... ကဗျာချစ်တဲ့ လူ

PS ...
စာသား အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

Wednesday, March 4, 2015

TRUE IMAGES (371)

“စားတာက ငါတို့ အလုပ် …
စိုက်ဖို့က မင်းတို့အလုပ် …

"၁၀၀%"

"၁၀၀%"
။။။။။။။။။။


“ဒီမိုကရေစီလိုချင်လို့ရှိရင် အပေးအယူ
အညှိအနှိုင်း ဆိုတာတော့ အမြဲရှိရမယ်၊

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် …
ပြဿနာကို အကောင်းဆုံးဖြေရှင်းတဲ့နည်းကတော့
ညှိနှိုင်းပြီးဖြေရှင်းရမှာပဲ၊

ပြဿနာဖြေရှင်းတယ်ဆိုတာ
တစ်ဖက်တည်းတော့မဟုတ်ဘူး၊
ဟိုဖက် ဒီဖက်ပေါ့နော်၊

အားလုံးက အပေးအယူလုပ်လို့ရှိရင်
တစ်ဖက်က ငါလိုချင်တာ တစ်ရာရာခိုင်နှုန်းရမှဆို
ဘယ်တော့မှ အပေးအယူမဖြစ်ဘူး။"

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... RFA Burmese

Tuesday, March 3, 2015

TRUE IMAGES (369)

"ဘယ် - ညာ တောင်ပံ ...
တူစုံခတ်နိုင်ပါမှ ..."

"တန်ဖိုးရှိသော စကားလုံး (၁၀) လုံး"

"တန်ဖိုးရှိသော စကားလုံး (၁၀) လုံး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


(၁)The most selfish one-letter world is'I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့
တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... ။

(၂)The most satifying two-letter world is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး
စကားလုံးကတော့ `ငါတို့' ပါ။ အဲဒါကို အသုံးပြုပါ ... ။

(၃)The most poisonous three-letter world is' Ego '. Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့
အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(၄)The most used four-letter world is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့
`ချစ်ခြင်းမေတ္တာ´ ပါ။ အဲဒါကို တန်ဖိုးထားပါ။

(၅)The most pleasing five-letter world is' Smile ' . Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံး
စကားလုံးကတော့ `အပြုံး´ ပါ။ အဲဒါကို ဆောင်ထားပါ တဲ့။

(၆)The fastest spreading six-letter world is' Rumour ' .
Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့
စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ။ 

(၇)The hardest working seven-letter world is' Success' .
Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့
စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(၈)The most troublesome eight-letter world is ' Jealousy'.
Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံး
စကားလုံးကတော့ `မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ။

(၉)The most powerful nine-letter world is ' Knowledge'.
Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး
စကားလုံးကတော့ `အသိပညာဗဟုသုတ´ ပါ။
အဲဒါကို ကြိုးစားရယူပါ တဲ့။

(၁၀)The most essential ten-letter world is ' Confidence'.
Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံး
စကားလုံးကတော့ `ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

(နေဘုန်းလတ်)
ဆောင်းပါးရှင် "နေဘုန်းလတ်" ၏
"အသာလွန်ဆုံးများ"  ဆောင်းပါးမှ ...

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

Monday, March 2, 2015

TRUE IMAGES (370)

“ပျြုတဲ့သူရဲ့ အပြစ်လား?
ဖြစ်နေတဲ့သူရဲ့ အပြစ်လား?

Sunday, March 1, 2015

TRUE IMAGES (368)

"အပြောတစ်မျိုး ...
အလုပ်တစ်မျိုး ဆိုတာ ..."

"အမဲစက်လေး တစ်စက်"

"အမဲစက်လေး တစ်စက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဆရာက အဖြူရောင်စက္ကူ  ပေါ်မှာ
အနက်ရောင်မှင်စက်လေးတခုကိုချ ပြပြီး
ကျောင်းသားတစ်ယောက်ကိုမေးတယ်
"ဘာမြင်လဲ? ... ဖြေတဲ့ ...."

ကျောင်းသားကလည်း
"အနက်ရောင်အစက်လေးမြင်ပါတယ်"
လို့ဖြေတယ်။

ဆရာက
"ဒါပဲမြင်တာလား" လို့ ထပ်မေးတယ်။

ကျောင်းသားက
"ဟုတ်တယ် ဒါပဲမြင်ပါတယ်" တဲ့ ...

ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကို
မေးလိုက်တယ်
ဘာမြင်လည်းဖြေပေါ့ ....

ကျောင်းသားအားလုံးကလည်း
"အနက်ရောင်အစက်လေးပဲ မြင်ပါတယ်"
လို့ဖြေတယ်။

အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကို
ထပ်ပြီးမေးလိုက်တယ်
"ဒီလောက်ကြီးတဲ့အဖြူရောင် စက္ကူ  ကိုမမြင်ကြပဲ
အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလဲ? တဲ့ ...

အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ် ...

ကျနော်တို့လူ့လောကမှာလည်း
လူတစ်ယောက်ရဲ့
အမဲစက်လေးတစ်စက်ကိုပဲမြင်နေမဲ့အစား
သူ့မှာရှိတဲ့ အဖြူ  ရောင်စက္ကူ  လေးကို
ကိုယ်စားပြုတဲ့ ကောင်းကွက်လေးတွေကို
မြင်အောင်ကြည့်ပေးကြမယ်ဆိုရင်
လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းလာမယ်
ဆိုတာ သေချာပါတယ် ။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ... LIFE

PS ...
အောက်ဆုံးအပိုဒ်ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)