Wednesday, December 31, 2014

Happy New Year 2015

Happy New Year 2015
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မနက်၊ည မနက်၊ည နဲ့
သက်ပြင်းတွေ ခါခါချ၊ ...
တစ်ရက် တစ်ရက်
ထပ်ပေါင်းထည့်ရင်း
မကြာသလိုအချိန်တွေနဲ့
တစ်နှစ်ဆိုတာ ပြည့်တဲ့ရက်
ရောက်ခဲ့ရပြန်ပြီ။

အလွမ်း၊ အကြမ်း၊ ကြည်နူးခန်းတွေ
အငို၊ အရီ အစုံစီတဲ့ ဘ၀လမ်း
မနက်ဖန်ဆို နောက်နှစ်ကို
စလှမ်းလေပြီ။.

ကျန်ခဲ့တာတွေရော၊
ပါလာတာတွေရော
စုပြုံသိမ်းဆည်း
ရှေ့တစ်လှမ်းတော့
ငါ ... တိုးရဲပါတယ်။

ကဲ ....
၂၀၁၅ ကြီးရေ
မရောက်ခင် ကြိုနှုတ်ဆက်တယ်
ရုပ်မပျက်အောင်တော့ ကူညီဗျာ။

*****************(ကဗျာလေးနဲ့ အတူ)

"သူငယ်ချင်းများအားလုံး …
တောင်းတကြံစည်သမျှ အရာရာတိုင်းကို
အောင်မြင်မှုအပေါင်းနဲ့ ဖြတ်ကျော်နိုင်ကြပြီး ...
အဓိပ္ပါယ်ရှိသော နေ့ရက်ပေါင်းများစွာဖြင့်
"2015" နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ် … ။”

"မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
2015 ဖြစ်ပါစေ"

Happy New Year 2015

(abcd ၏ "နှစ်သစ်အပေးအယူ" အမည်ရှိကဗျာပါ။
poemscorner အား credit ပေးပါသည်။)

TRUE IMAGES (319)

“အချက်ကျကျ သတိပေးချက်”

"သက္ကရာဇ်ဟောင်းရဲ့ ဝေဒနာ"

"သက္ကရာဇ်ဟောင်းရဲ့ ဝေဒနာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ နှစ်ဟောင်းက အညံ့တွေစွန့်လို့
“နှစ်သစ်ကို ကြိုဆိုကြစို့” တဲ့
ကျုပ်လည်း ...
နှစ်သစ်ဖြစ်ခဲ့ဖူးပါရဲ့။

@ ဒါနဲ့များ
ကျုပ်ကပဲ ...
အညံ့အဆိုးတွေ ပေးခဲ့သလို
တစ်နှစ်လုံး ကျုပ်နဲ့ လက်တွဲခဲ့ပြီးမှ
တွဲလက်တွေ ခါ,
ထုတ်ခဲ့ကြတာ
နှုတ်ဆက်ဖော်တောင်
မရကြဘူး။

@ ကျုပ်မှာသာ
ရင်ဘတ်ပေါက်နဲ့ ...
လမ်းလျှောက်
အောင့်သက်သက် ညထဲ
ရေထဲ ရေရောလို့
နှလုံးသား ဟက်တက်နဲ့
အက် .. ကွဲ .. ပြီး
သံယောင်လိုက် ညာ
“ဟတ်ပီးနယူးရီးယား” ပါ။

(လေပြည်)
credit to ... littlelaypyay

PS ....
“သူငယ်ချင်းအားလုံးသို့ ….
၂၀၁၄ နှစ်ဟောင်းကို နှုတ်ဆက်ကြရင်း
၂၀၁၅ နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။

ကုန်လွန်ခဲ့တဲ့ နှစ်များကို ပြန်လည် ဆန်းစစ်လို့
မကောင်းတာတွေကို သင်ခန်းစာယူ၊
ကောင်းတာတွေကို ဆက်လက်သယ်ဆောင်သွားကြရင်း
၂၀၁၅ နှစ်သစ်ကို ဖြတ်သန်းရဦးမှာပါ ။

ဖြတ်သန်းရဦးမယ့် ၂၀၁၅ နှစ်သစ်မှာ …
ကိုယ်လိုချင်ရာ ကိုယ်ဖြစ်ချင်ရာ
အခြေအနေအားလုံးကို
ဖန်တီး လုပ်ဆောင်နိုင်ကြဖို့
ခုကတည်းက အားအင်တွေမွေးနိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ် .... ။”

(ဒီနေ့တော့ ခွဲရတော့မယ့် "၂၀၁၄" ကြီးကို
ကဗျာထဲကလို စိတ်ဆိုးနေမှာစိုးလို့
သီးသန့်ကိုနှုတ်ဆက်ပါတယ်။
bye ... bye ... 2014 :-) )

(mhp)

Monday, December 29, 2014

TRUE IMAGES (318)

“စိတ်ကူး အပြောနဲ့ လက်တွေ့ အလုပ်”

"ဖော်ကောင်"

"ဖော်ကောင်"
။။။။။။။။။။။။။။။။
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲတစ်ယောက်ကို
“အသုံးမကျတဲ့လူ၊ ဦးနှောက်မရှိတဲ့လူ” လို့ ပြောလို့ အဖမ်းခံရတယ်။
ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့
၆ရက် အမိန့်ချလိုက်တယ်။

တရားခံ ။ ။
“ကျနော့်ကို ဘာလို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ချမှတ်ရတာလဲ”

တရားသူကြီး ။ ။
“ပြစ်ဒဏ် ၆ရက်က အဲဒီ့ နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်။
ပြစ်ဒဏ် ၁၀ နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်”

credit to .... Mandalaygazette

PS .....
“အသုံးမကျတဲ့လူ” လို့ စော်ကားတဲ့အတွက် ထောင်ဒဏ်က ၆ရက်
ခေါင်းထဲမှာ “ဦးနှောက်မရှိဘူး” လို့ လျှို့ဝှက်ချက်ကိုဖော်ထုတ်တဲ့
အတွက်က ထောင်ဒဏ် ၁၀နှစ် ....

Sunday, December 28, 2014

TRUE IMAGES (317)

“ဖြစ်လာနိုင်တဲ့ အကျိုးတရားရဲ့ ဇာစ်မြစ်ဟာ
အကြောင်းတရားတွေကြောင့်ပါ။”

"ကဏန်းမျက်စိ"

"ကဏန်းမျက်စိ"
။။။။။။။။။။။။။။။။။။။
မိတ်ဆွေ တဦးက ပြောပြသည်။
ကဏန်းကောင်သည် ခြင်ကိုက်ခံရလျှင် သေသည် ဟူသတတ်။

ကဏန်းကောင်သည် ရေ သတ္တ၀ါဖြစ်သည်။
သံချပ်ကာ စစ်ယာဉ်နှင့်တူသည်ဟူ၍ နှိုင်းခိုင်းရဖွယ် ရှိလောက်အောင်
အင်အားခိုင်ဖြီးသော အကောင်မျိုးဖြစ်သည်။ နူးညံ့သောအသားကို
ထူထဲ မာကျောသော အခွံဖြင့် ဖုံးကာထားသည်။ အသား နေရာလပ်
မကျန်။ ခြေချောင်း၊ လက်ချောင်းတို့ သည်ပင်လျှင် သံချောင်းတမျှ
မာကျောသောအခွံဖြင့် လွှမ်းအုပ်လျက်ရှိသည်။

ကဏန်း၏အခွံသည် အခွံ ဟု ဆိုရသော်လည်း သာမန် ငါး ပုစွန်တို့ ၏
အကြေးခွံမျိုး မဟုတ်။ သတ္တ၀ါနှင့် မမျှအောင် မာကျောသောအခွံ၊ ထူထဲသောအခွံဖြစ်သည်။ နူးညံ့ ပျော့ပျောင်းသော ၀မ်းဗိုက်သား နေရာတွင်
ပင်လျှင် ငါးကြင်းမြီးကွက် အကြေးခွံထက် ပိုမို မာကျောထူထဲသော အခွံများ
အချပ်အချပ် ထပ်လျက် ဖုံးကာထားသေးသည်။ ကဏန်းကောင်တွင်
အသားပေါ်သည့်နေရာ အလျဉ်းမရှိဟူ၍ ဆိုရမလောက်ဖြစ်သည်။

ယင်းသို့ သော အအုပ် အခွံ၊ အကာအကွယ်ကြောင့် ထိုသတ္တ၀ါသည်
မသေနိုင်၊ မပျောက်နိုင်သော အဆင့်အခြေသို့  မရောက်။
အလွယ်နှင့်ပင် သေနိုင်သည်။ ဆင်ပြောင်ကြီး နင်းခံရ၍ သေခြင်းမျိုး မဟုတ်၊
ခြင်ကောင်လေး ကိုက်၍ သေခြင်းမျိုး ဖြစ်သည်။
ထိုအချက်သည် မယုံချင်စရာပင် ဖြစ်သည်။
မိတ်ဆွေဖြစ်သူက ထိုအချက်ကို အခိုင်အမာ ဆိုသည်။
သက်သေထူနိုင်သည်ဟု ဆိုသည်။ ရေဖြည့်အိုးခွက် စသည်တို့ တွင်
အဖုံးအကာ အလုံပိတ်၍ ကဏန်းကို ထည့်ထားမှသာ စိတ်ချရသည်ဟု
ဆိုသည်။ သို့မဟုတ်ပါက အခန်းတွင်းရှိ ခြင်ကောင်တို့ က ကဏန်းကို ကိုက်လိမ့်မည်၊ ခြင်ကိုက်ခံရလျှင် ကဏန်းသေလိမ့်မည်။
ကဏန်း၏ ကိုယ်ပေါ်တွင် ခြင်ကိုက်စရာ နေရာမရှိ။ မှန်သည်။
သို့ရာတွင် ခြင်ကောင်က ကိုက်၍ရသည့် နေရာကို ရှာတတ်သည်။
ထိုနေရာမှာ ကဏန်း၏ မျက်စိဖြစ်သော ဟူ၏။

ကဏန်းမျက်စိသည် မျက်နှာအပြင်၏ အပေါ်သို့  စူးထောင် ထွက်နေသည်။
မှိတ်၍ မရ၊ ပိတ်၍ မရ။ မျက်လုံးအိမ်အတွင်း ငုပ်လျှိုးသွင်း၍ မရ။
ဇက်ပုသလို ပုရုံ ပု၍ ရသည်။ ခရုခွံထဲ ခရုကောင် လျှိုးဝင်သလို လျှိုးဝင်၍ မရ။
မျက်စိက အပြူးသား ကျန်မြဲ ကျန်သည်။ ထိုမျက်စိကို ခြင်ကောင်က ကိုက်သည်။ မျက်စိ ခြင်ကိုက်ခံရသော် ကဏန်း သေသည်။

သံချပ်ကာ စစ်ယာဉ်လို ထူထဲသော အအုပ်အခွံ ကာဖုံးထားသည့် ကဏန်း၏ မျက်စိကို ခြင်ကိုက်နိုင်သည်။ မျက်စိ ခြင်ကိုက်ခံရလျှင် ကဏန်း သေသည်။
ထိုအချက်နှင့် ဆက်စပ်လျက် တွေးကြည့်စရာ သဘောတရပ် ပေါ်လာသည်။
ထိုသဘောမှာ ဤသို့ ဖြစ်သည်။

*** မည်မျှလောက် အထိပင် ဂုဏ်ဟိတ်သိက္ခာ၊ အင်အားစွမ်းရည် ကြီးမားသော အရာပင်ဖြစ်စေ ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် ရှိသည်သာ ဖြစ်ရသည်
ဆိုသော အချက်ပေတည်း။ ထို ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက်ကို
ထိုးနှက် ဖျက်ဆီးခြင်း ခံရသည့်အခါ ထိုအရာသည် ကြီးမားသော
အကာအကွယ်များ ရှိနေသည့်ကြားမှပင် ပြိုကွဲပျက်စီးခြင်း
အဖြစ်သို့  ရောက်ရသည်သာ ဖြစ်သည် ဆိုသော အချက်ပေတည်း။ ***

ထိုသဘောသည် ရှေးပဝေဏီအခါမှစ၍ လူ့ သမိုင်းတွင်
ထင်ရှားခဲ့သောအချက် ဖြစ်သည်။ ထိုသဘောကို ထင်ရှားစေသော ဖြစ်ရပ်များသည် မြန်မာ့သမိုင်းတွင် အကျော်အကြား
တည်ရှိခဲ့သည်။

ပုဂံ အနော်ရထာမင်း သထုံပြည်ကို ချီတက်သိမ်းပိုက်ရာ၌ မြို့အစောင့်အကြပ်
ထူပြော၍ လုပ်ကြံမရနိုင် ဖြစ်နေသည်။ နောက်ဆုံးတွင်မှ မြို့ ရိုးတနေရာ၌
အကာအကွယ် ကြက်မ တ၀ပ်စာ အလစ်အလပ်ရှိကြောင်း သိလာသည်။
ထိုနေရာမှ ၀င်တိုက်သည်။ သထုံကျသည်။
“ကဏန်းမျက်စိ” သဘောကို ထင်ရှားစေသော သမိုင်းဖြစ်ရပ်တခု ဖြစ်လေသည်။

မွန် သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သည်ကျော် ဂါမဏိတို့ ၏
စီးချင်းထိုးပွဲလည်း ထိုသဘော၏ ထင်ရှားသော ပြယုဂ်ဖြစ်သည်။
ဂါမဏိသည် သံကွန်ချာ ချပ်ဝတ်တန်ဆာကို ကိုယ်လုံးပြည့် ၀တ်လျက်
သမိန်ဗရမ်းနှင့် စီးချင်းထိုးသည်။ ဂါမဏိ၏ သံကွန်ချာ ချပ်ဝတ်တန်ဆာသည်
ဓားမပေါက်၊ လှံမပေါက်၊ မီးမပေါက် အကာအကွယ်ဖြစ်သည်။
ဤသည်မှာ အပြင်ပန်းအမြင် ဖြစ်သည်။ သမိန်ဗရမ်းက ထိုသို့ မမြင်။
သမိန်ဗရမ်း မြင်သည်မှာ ဂါမဏိ၏ သံကွန်ချာ ချပ်ဝတ်တန်ဆာ
လက်မောင်းချိုင်းကြား၌ လှံတဖျားစာ အကွက်အလပ်၊ အလစ်အဟင်း
ရှိနေသည် ဆိုသောအချက် ဖြစ်သည်။
သမိန်ဗရမ်းသည် ထိုအကွက်အလပ်ကို အဲ မောင်း လှံပျံ စိုက်သည်။
ဂါမဏိကျသည်။

အနောက်တိုင်း စာပေနှင့် သမိုင်းတို့ တွင်လည်း တသဘောတည်းသော အချင်းအရာ ဖြစ်စဉ်ဖြစ်ရပ်တို့ကို မော်ကွန်းမှတ်တမ်းများအဖြစ် တွေ့ နိုင်သည်။

(ဟံသာဝတီ ဦးဝင်းတင်)
credit to .... moemaka

Saturday, December 27, 2014

TRUE IMAGES (316)


“ကိုယ်ကျိုးအတွက် သုံးနေသူတွေ”

“ကိုယ်ကျိုးအတွက် သုံးနေသူတွေ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“အခုဆိုရင်ဖြစ်နေတာက ပြည်သူလူထု ဆန္ဒကိုလည်း မလိုက်ဘူး။
ပြည်သူလူထုနဲ့ တပ်မတော်ကြားထဲမှာလဲ စိတ်ဝမ်းကွဲအောင်
အမျိုးမျိုး လုပ်နေကြတယ်။

ဒီလို စိတ်ဝမ်းကွဲအောင် လုပ်နေတာဟာ
ပြည်သူလူထုက လုပ်နေတာ မဟုတ်ဘူး။
ကျမတို့ နိုင်ငံရေးလုပ်နေတဲ့သူတွေကလဲ
လုပ်နေတာ မဟုတ်ဘူး။

တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးနေတဲ့သူများက
လုပ်နေတာ ဖြစ်တယ်။
ဒီလိုစနစ်မျိုးကို
ကျမတို့အားလုံးက အတိုက်အခံ လုပ်ရမယ်။”

(ဒေါ်အောင်ဆန်းစုကြည်)
credit to .... nldyouthmalaysia

Friday, December 26, 2014

TRUE IMAGES (315)


"ကြေငြာလိုက်တော့
ပိုရှင်းသွားပါတယ်...။"

“သူ့တန်ဖိုးနဲ့ သူ”

“သူ့တန်ဖိုးနဲ့ သူ”
။။။။။။။။။။။။။။။။။။။
လူတိုင်း လူတိုင်းမှာ
သူ့တန်ဖိုးနဲ့ သူရှိကြတယ်။
ဘယ်သူ့ကိုမှ အထင်မသေးသင့်ဘူး၊
ဘယ်သူ့ကိုမှလည်း လျော့မတွက်သင့်ဘူး၊

တက္ကသိုလ် ပါမောက္ခတစ်ယောက်ဟာ
တက္ကသိုလ်ဝန်းကျင်မှာ
အရေးပါ အရာရောက်တဲ့သူ တစ်ယောက်
ဖြစ်ကောင်း ဖြစ်မယ်။

ဒါပေမယ့် …
မြစ်ထဲမှာ လှေစီးပြီး ခရီးတစ်ခု သွားတဲ့အခါ
လှေသမား တစ်ယောက်လောက်
အရေးမပါနိုင်ဘူး ။

(သီတဂူဆရာတော်)
credit to .... သီတဂူသံဃ၀ိဟာရ

Thursday, December 25, 2014

TRUE IMAGES (314)

"နောက်ထပ် new version နဲ့
ထွက်ဦးမယ့် စာအုပ်တွေ က …. 
သွေးခွဲ/ သပ်လျှို / ပဋိပက္ခ ..... "

“ဦးညွတ်ဖို့မလို”

“ဦးညွတ်ဖို့မလို”
။။။။။။။။။။။။။။။။။။
“အကြမ်းဖက်မှုကိုတော့
ကျွန်ုပ်ကိုယ်တိုင်မယုံကြည်လို့
မသင်ကြားလိုပါဘူး။
ဒါပေမဲ့ … သင်တို့ဘဝ
ဆုံးရှုံးအောင် ပြုမယ့်သူရှေ့မှာ
ဦးခေါင်းမညွတ်ကြဖို့တော့
သင်ကြားလိုပါတယ်။”

"I Cannot Teach You Violence,
As I Do Not Myself Believe In It.
I Can Only Teach ....
You Not To Bow Your Heads
Before Any One Even At The Cost Of Your Life.”
( Mahatma Gandhi )

credit to ... quotationspage & popularmyanmar

Wednesday, December 24, 2014

TRUE IMAGES (313)

“အသိဉာဏ် တံခါးတွေပွင့်ဖို့....
ငါတို့ စာများများဖတ်ဖို့ လိုတယ် ....”

"ကလေးတိုင်း .. သို့"

"ကလေးတိုင်း .. သို့"
။။။။။။။။။။။။။။။။။။။။။။။။
@ ကလေးရယ်
တဒိုင်းဒိုင်းနဲ့ counter game ပစ်သတဲ့လား?
ဒီအချိန် စာဖတ်
ကမ္ဘာပတ်ဖို့ ခြေလှမ်းပြင်ပါတော့ ... ။

@ အဲ့သည့် ကျည်ဆံတွေပေါ့
မာလာလာ ဘယ်ဘက်ဦးခေါင်းကို ပစ်ခဲ့တာ
ဂန္ဒီနဖူးတည့်တည့်ကို ပစ်ခဲ့တာ
ဗိုလ်ချုပ်ကို ၁၃ ချက် ပစ်ပြီး
မြန်မာပြည်ကြီးကို ဇကာဖောက်သွားတာ ... ။

@ သေနတ်တွေ အာဏာရူး လက်ထဲရောက်သွားတဲ့အခါ
ဗီယက်က ကလေးသူငယ်တွေ အတုံးအရုံး
ကမ္ဘာရဲ့ ဝက်ဆိုဒ်မှာ လေလံတင်ထားသလိုနဲ့
စစ်ကို ငိုရှိုက်နေကြရတယ် ... ။

@ ကလေးရယ် စာဖတ်ကွ
အနာဂါတ်ဟာ မင်းတို့လက်ထဲမှာ
နိုင်ငံအပျက်ကြီးကို မင်းတို့ပဲဖာထေးရမှာ
ကောင်းကင်အပေါက်ကြီးကို လည်း
မင်းတို့ပဲ ပိတ်ရဦးမှာ ... ။

@ ငါတို့မှာ အချိန်မရှိဘူး
တိုးတက်မူ့ဟာ ဘက်စ်ကားလို
အိမ်ဦးခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာမှာမဟုတ်ဘူး ... ။

@ ကလေးရယ် ,
ငါ လွန်သွားသလား?
ငါတို့ ကလေးတွေဆော့နေချိန်မှာ
ကမ္ဘာပေါ်က ကလေးတွေ
စာဖတ်နေကြလို့ပါ ... ။

@ မြန်မာနိုင်ငံ ပညာရေးဟာ
အမြစ်ကစ, အဆိပ်မိထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲ
ကျူရှင်ဆိုတဲ့ ဝေါဟာရနဲ့
ကျောင်းတွေဟာ ...
မမွှေးတဲ့ပန်းတွေကို စိုက်ပျိုးနေသလို
အနာဂါတ်ဟာ …
စနစ်တကျ ဖျက်ဆီးခံနေရတယ် ... ။

@ ငါတို့တွေ သိရမယ်
ကမ္ဘာက မြန်မာကို သိဖို့
မြန်မာက ကမ္ဘာကို သေချာသိဖို့လိုတယ် ... ။

@ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ကို
မင်းတို့ သိသလို ...
ဆွပ်တောင်ကြားက မာလာလာဆိုတဲ့
ကောင်မလေးကို မင်းတို့သိရမယ် ...
ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ချစ်သလို
ဂန္ဒီရဲ့ ရာဇဝင်ကို သိရမယ် ...
အလောင်းမင်းတရားကို မမေ့သလို
လီနင်ကိုလည်း သိရမယ် ...
ပုဂံကို အလွတ်ရသလို
တာ့ရ်မဟာကို သိရမယ် ...
ရန်ကုန်ကို ကျက်မိသလို
လက်စ်ဗီးဂတ်ကိုလည်း သိရမယ် ...
ဧရာဝတီကို မြတ်နိုးသလို
ပိရမစ်တွေကိုလည်း သိရမယ် ...
ဦးသန့်ကို သိသလို
ဘန်ကီမွန်ကိုလည်း သိရမယ် ...
ဖိုးပါကြီးကို အားပေးသလို
ရာဂျာမိုးကို သိရမယ် ...
သခင်ကိုယ်တော်မှိုင်းကို လေးစားသလို
နေရူးကိုလည်း သိရမယ် ... ။

@ ကလေးတစ်ယောက် စာဖတ်တာဟာ
နိုင်ငံအတွက် တံခါးတချပ် ဖွင့်တာပဲ ... ။

@ ငါ လောဘကြီးသွားသလား
ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုတောင်
ကမ်းစပ်နဲ့ အနားကွပ်ထားရတယ် ...
ကလေးဆိုတာ ပုံမသွင်းရသေးတဲ့
ဖယောင်းတုံးတွေပါပဲ ... ။

@ ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ...
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ... ။

@ ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ...
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ... ။

@ ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ...
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ... ။

@ မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ
တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ ... ။

@ ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ ...
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ ... ။

@ တံခါးတွေ ဖွင့်ဖို့
စာတွေ ဖတ်ရမယ် ...
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ် ... ။

@ မြန်မာနိုင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့ ...
ပညာအစစ်တွေ တက်ဖို့လိုတယ် ...
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် ........... ။

Ulay Kyi (ကိုလင်း)
credit to .... စိတ်ကူးပျော်ရာ

Tuesday, December 23, 2014

TRUE IMAGES (312)

“အောင်မြင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာ ….”

“အောင်မြင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဆိုရင်”

“အောင်မြင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဆိုရင်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ အောင်မြင်တဲ့ မိသားစု ၊ လူ့အဖွဲ့ အစည်း တခုတိုင်းမှာ
အားသာ ချက် တခုရှိတယ် ။
သူတို့က လူတကာထက် ပိုဥာဏ်ကောင်းလို့တော့ မဟုတ်ဘူး။
သူတို့ အချင်းချင်း ဖေးမ တယ် ။
သူတို့ ထဲက မအောင်မြင်သေးတဲ့ သူတွေကို အောင်မြင်ရေး
လမ်းကြောင်း ထဲ ဆွဲတင်ပေးတယ် ။
ဒီလို လူ့အဖွဲ့အစည်းက ထာဝရ ရှင်သန်နေမယ့် လူ့အဖွဲ့အစည်းပဲ။

@ နိမ့်ကျနေတဲ့ လူ့ အဖွဲ့အစည်း တခုရဲ့ အားနည်းချက်ကတော့
ပိုဥာဏ်နည်း လို့တော့မဟုတ်ဘူး ။
သူတို့ အချင်းချင်း ဖေးမရမှာကို ဂုဏ်ငယ်စရာလို့မြင်တယ်။
အောင်မြင် နေသူတွေရဲ့ ဘ၀တွေ
စုတ်ပြတ်သတ် သွားအောင် တွန်းချတယ် ။
ဒီလို လူ့ အဖွဲ့အစည်းက ဘယ်လိုမဆို ပျက်သုဉ်းသွားမဲ့
လူ့ အဖွဲ့အစည်း တခုပဲ ။

credit to .... အတွေး

Monday, December 22, 2014

TRUE IMAGES (311)

“သြော် … ကျူးကျော်ပြီး နေရာယူထားကြတာချင်း အတူတူ …
ဟိုက … အာဏာနေရာ ဆိုတော့လည်း ….”

“ပြည်သူ့ သဘောထား …”


“ပြည်သူ့ သဘောထား …”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

- ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ
အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့်
ကျသည်၊ ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်။

- လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက်
မကျေမနပ်ပြောကြသည်။
“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”
“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”
“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”

- ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က
“သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။
ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။”

- လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင်
ထွက်လာတော့သည်၊
“အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။
ဘယ်သွားသွား သူတိုချည်းပဲ။
အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ်
ကျဖို့နေရာ မရှိဘူး၊” ...... တဲ့ ...... :-)

credit to .... loveirrawaddy


Sunday, December 21, 2014

TRUE IMAGES (310)

"မီးစ တစ်ဖက်
ရေမုတ် တစ်ဖက် ဆိုတာ .... "

"ဆရာမှားက အပယ်ကျ"

"ဆရာမှားက အပယ်ကျ"
။။။။။။။။။။။။။။။။။။။။။။။။။။။။
နဖူးစွန်းနှင့် ဒူးပွန်းခံကာ
ကိုးကွယ်ပါလည်း ....
ဆရာလွဲက
ငရဲအပါယ်
အမြစ်တွယ်
ဝဋ်နွယ် ရှည်လျားရာ … ။
(လယ်တီဆရာတော်ဘုရားကြီး)
 credit to .... ဓမ္မနဒီ

PS ....
လယ်တီဆရာတော် ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒ အတိုင်း
ဆရာမှားက အပါယ်ငရဲကျ တတ်တာမို့
ဆရာမိုက်တို့နဲ့ ဝေးဝေးရှောင်ပြီး
ဆရာကောင်းများကို မှီဝဲဆည်းကပ်နိုင်ကြပါစေ။

Saturday, December 20, 2014

TRUE IMAGES (309)

“ခိုင်မာသော ယုံကြည်မှုကို မတည်ဆောက်နိုင်လျှင်
အပစ်အခတ်ရပ်စဲရေး ဆိုသည်မှာလည်း ဤသို့နှယ်….”

"ရည်ရွယ်ချက် တူမယ်ဆိုရင် …"

"ရည်ရွယ်ချက် တူမယ်ဆိုရင် …"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“လူတွေမှာ တူညီတဲ့ ရည်ရွယ်ချက်
ရှိမယ်ဆိုရင်
မတူညီတဲ့ အမြင်တွေကို
ညှိနှိုင်း လို့ရမှာ ဖြစ်တယ်။”
(ဒေါ်အောင်ဆန်းစုကြည်)

credit to ..... RFA Burmese

PS ....
ညှိနှိုင်း လို့မရအောင် ဝေ့လည် ကြောင်ပတ်
လုပ်နေတယ်ဆိုတော့ ….

Friday, December 19, 2014

TRUE IMAGES (308)

“M/Y/A/N/M/A/R တဲ့ …..........
တစ်ယောက်တစ်လမ်း ရွေးပြီးသွားနေကြရင်ဖြင့်
ဒီလိုပုံနဲ့ မိုးကြီးချုပ်ပြီးရင်း ချုပ်လိမ့်မည် … ။”

“ဘယ်မှာနေသလဲ မမေးပါနဲ့”

“ဘယ်မှာနေသလဲ မမေးပါနဲ့”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ လူသွား ပလက်ဖောင်း ပျောက်
ဈေးဆိုင်တွေ လမ်းပေါ်ရောက်နေတဲ့မြို့၊

@ မိုးတွင်းဆို အသွင်ပြောင်း
လမ်းတွေ မြောင်းဖြစ်တဲ့မြို့၊

@ လေပြင်းတစ်ချက်တိုက်ရင်
ဖုန်းလိုင်းတွေပြတ်
မီးတွေ မှောင်မိုက်တတ်တဲ့မြို့၊

@ အပြင်ပန်း အမြင်လှတဲ့
သင်တန်းဟန်ပြတွေ များတဲ့မြို့၊

@ စပွန်ဆာဆိုတဲ့ စကား ခေတ်စားပြီး
ဟိုတယ် မာဆတ်တွေ များတဲ့မြို့၊

@ ငါးပိသိပ် ငါးချဉ်သိပ် ခရီးသည်တင်
အဲကွန်းပျက်နေတဲ့
အထူးယာဉ်တွေ များတဲ့မြို့၊

@ မြို့လည်ခေါင် သေနတ်နဲ့ပစ်
အာဏာရှင် အကျင့်ဆိုးတွေ
အုပ်မိုးခဲ့ဖူးတဲ့မြို့၊

@ တစ်ခေတ်က အာရှရဲ့ရှေ့ဆောင်
ခုချိန်မှာ နန်းကျ
ချောင်ထိုးခံထားရတဲ့ မြို့
အဲဒီမြို့မှာ ကျွန်တော်နေတယ် …. ။

(ကိုရေဦး)
credit to .... jyein

Thursday, December 18, 2014

TRUE IMAGES (307)


"ခဏလေးပါ"

"ခဏလေးပါ"
။။။။။။။။။။။။။။။

အခက်အခဲတွေ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အခါ ကျွန်တော့်ကို
ကျွန်တော် အမြဲခွန်အားပေးတဲ့စကားလေးတစ်ခွန်းရှိပါတယ်။
အဲဒါကတော့ "ခဏလေးပါ “ ဆိုတဲ့ စကားလေးပါပဲ။
ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ အချိန်ပြည့်ဖြစ်နေတာ
မဟုတ်ပါဘူး။တစ်ခဏပါပဲ။
အဲဒီတစ်ခဏကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ လိုပါတယ်။
"ဒီဒုက္ခတွေဟာ အမြဲရှိနေမှာမဟုတ်ဘူး။ ခဏတာပဲဖြစ်တယ်။
အဲဒီတော့ ဒီဒုက္ခတွေကို ငါ ဘာကြောင့် အရှုံးပေးမှာလဲ။
ဒီခဏလေးအတွင်းမှာ ငါအစွမ်းကုန်ကြိုးစားမယ်။ ဒီခဏလေးကို ကျော်
လွန်သွားရင် အဆင်ပြေသွားပြီ။ ”
ဒါကြောင့် ဘ၀မှာ အခက်အခဲတွေ ကြုံရတဲ့အခါ စိတ်ပျက်
အားလျှော့မသွားပါနဲ့။

အရေးကြီးတဲ့အတွက် တစ်ခါ ထပ်ပြောပါရစေ။
ဒုက္ခတွေဟာ ဘ၀မှာ အချိန်ပြည့် ဖြစ်နေတာမဟုတ်ပါဘူး။
ဘ၀ရဲ့ ခဏတာလေးတွေထဲက ခဏတာမျှသာ ဖြစ်ပါတယ်။
အဲဒီခဏတာလေးကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားလိုပါတယ်။
*** ဒီတော့ ဘ၀မှာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါတိုင်း
"ခဏလေးပါ ” ဆိုတဲ့စကားလေးကို သတိရလိုက်ပါ။ ***
ရှေ့မှာ ပျော်ရွှင်စရာတွေ၊ ကြည်နူးစရာတွေ၊
အခွင့်အလမ်းတွေ၊ အောင်မြင်မှုတွေအများကြီးက
သင့်ကို စောင့်ကြိုနေပါတယ်။

**********************************

“ဆိုးတဲ့ အခိုက်အတန့်ကလေးတွေရဲ့
လွှမ်းမိုးသွားမှုကို မခံပါနဲ့။
သည်းခံလိုက်စမ်းပါ။
သူတို့ ကျော်လွန်သွားပါလိမ့်မယ်။”

Don’t Let Bad Moments
Overcome You;
Be Patient,
And They Will Pass.

(Nancye Sims)
credit to .... Ko Luthank &
Freedom Sky

Wednesday, December 17, 2014

TRUE IMAGES (306)

“ဟုတ်တာပေါ့ … ခေါင်းမရှိလို့ ခေါင်းရှောင်တာ …
ခေါင်းရှိရင် ခေါင်းရှောင်စရာ မလိုဘူးပေါ့နော် …”

"လိုတိုရှင်း ဒီမိုကရေစီ"

"လိုတိုရှင်း ဒီမိုကရေစီ"
။။။။။။။။။။။။။။။။။။။။။။။။။။။
“ဒီမိုကရေစီဆိုတာ …
သင့်တုတ်ကို လွတ်လပ်စွာ ဝှေ့ယမ်းခွင့် ရှိပါသည်၊
သို့သော် အခြားသူခေါင်းကို မထိ ပါစေနှင့်။”

(အမည် ဖော်ပြမထားပါ)
"ပလီပလာဖုန်းနှင့် ဒီမိုကရေစီတုတ်"
(Editorial) မှ ....

credit to ... The Voice Daily

Tuesday, December 16, 2014

TRUE IMAGES (305)

"ခွင့်လွှတ်လိုက်ပါနော် ...
သူတို့က ...
သူငယ်နာမစင်ကြသေးလို့ပါ။"

"ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့လိုတယ်"

"ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့လိုတယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူကြီးလူကောင်းတစ်ယောက်ဟာ ဆောက်လုပ်ဆဲ ဘုရားကျောင်း
တစ်ခုကို အလည် သွားခဲ့ပြီး အဲဒီမှာ ဘုရားသခင်ရဲ့ ရုပ်တုကို
ထုလုပ်နေတဲ့ ပန်းပုဆရာတစ်ယောက်ကို မြင်တွေ့ ခဲ့တယ်။
ချက်ချင်းဆိုသလို အနီးအနားမှာ ရှိနေတဲ့ ပုံစံတူ ရုပ်တုတစ်ခုရှိနေ
တာကို သူ သတိထားမိ သွားတယ်။

သူက
“ခင်ဗျားက တူညီတဲ့ ရုပ်တု နှစ်ခု လိုတာလား” လို့
ပန်းပုဆရာကို အံ့အားသင့်စွာနဲ့ မေးလိုက်ပါတယ်။
“မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ခုတည်း လိုတာပါ။ ဒါပေမယ့်
ပထမရုပ်တုက နောက်ဆုံး အဆင့်မှာ ထိခိုက်မှု ရှိသွားလို့ပါ” လို့
မော့မကြည့်ဘဲ ပြန်ဖြေပါတယ်။
လူကြီးလူကောင်းဟာ ရုပ်တုကို စစ်ဆေးကြည့်တော့ ထိခိုက်မှု
လက္ခဏာကို မတွေရပါဘူး။

သူက
“ထိခိုက်မှုက ဘယ်မှာလဲဗျ” လို့ မေးလိုက်ပါတယ်။
“ရုပ်တုရဲ့နှာခေါင်းပေါ်မှာ အစင်းရာလေးထင်သွားလို့လေ” လို့
သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေတဲ့ ပန်းပုဆရာက ပြန်ပြောပါတယ်။
“ဒီရုပ်တုကို ခင်ဗျားက ဘယ်နေရာမှာ ထားမှာလဲ” လို့ သူက
ထပ်မေးပါတယ်။
“နှစ်ဆယ့်ငါးပေမြင့်တဲ့ တိုင်လုံးကြီးပေါ်မှာထားမှာ” လို့
ပန်းပုဆရာက ပြန်ဖြေပါတယ်။
“ရုပ်တုက အဲဒီလောက်မြင့်ရင် နှာခေါင်းပေါ်က အစင်းရာကို
ဘယ်သူက သိမှာလဲ” လို့ လူကြီးလူကောင်းက ပြောပါတယ်။

ပန်းပုဆရာဟာ သူ့အလုပ်ကို ရပ်လိုက်ပြီး
လူကြီးလူကောင်းကို မော့ကြည့်ကာ ပြုံးလိုက်ပြီး
“ကျွန်တော် သိတယ်။ ဘုရားသခင်လည်း သိတယ်လေ” လို့
ပြန်ဖြေလိုက်ပါတယ်။

ကိုကို (B.Agr.Sc)
credit to .... Ko Ko B.Agr.Sc Inspirational Short Stories

PS ...
အထက်က ဆောင်းပါးလေးကိုဖတ်ပြီး အတွေးလေးတစ်ခု
ဝင်လာခဲ့ပါတယ်။
မှန်ပါတယ်။
ကျမတို့ အားလုံးဟာ …
ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ ။
ဘာလုပ်လုပ် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုပါတယ် ။

အထူးသဖြင့် …
နိုင်ငံကိုဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်များ အနေနဲ့
“သန့်ရှင်းသော အစိုးရဖြစ်ဖို့” ဆိုတဲ့
အပြောသက်သက်ထက်
မိမိတို့လုပ်ဆောင်ရမယ့် အလုပ်တိုင်းကို
ပြည်သူတွေအပေါ်လိမ်ညာ၊လှည့်ဖြားမှု့ မပါဘဲ
လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြပါစေလို့
ဆုတောင်းပြုမိပါတယ် … ။

(mhp)

Monday, December 15, 2014

TRUE IMAGES (304)


" ခြင်္သေ့လို ဖြစ်ဖို့ "

" ခြင်္သေ့လို ဖြစ်ဖို့ "
။။။။။။။။။။။။။။။။။။။။။
“အကြောင်းတရားကို နားလည်ရင်
အကျိုးတရားက ပြေလည်သွားတယ်။

ဥပမာ ....
ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ကို ခွေးလိုက်ကိုက်နေရင်
အဲဒီ ခွေးကို ခဲသာပစ်ပေးလိုက် ခွေးကလူကို မကိုက်တော့ဘဲ
ခဲ နောက်ကိုလိုက်သွား လိမ့်မယ်။
နောက် … ခြင်္သေ့ကလိုက်လာလို့ ခြင်္သေ့ကို
ခဲပစ်ပေးလိုက်ရင် ခြင်္သေ့က ခဲကို သွားမကိုက်ဘူး။
အဲဒီခဲကိုဘယ်သူက ပစ်တာလဲဆိုပြီး ကြည့်တယ်။
ပြီးမှ အဲဒီလူကိုကိုက်မှာ။

အဲဒီလိုပဲ ပြဿ      နာ တစ်ခု ဖြစ်ပြီဆိုရင် …
သူ့ရဲ့နောက်ကွယ် မှာ
driven force ခေါ်တဲ့အကြောင်း တရားတွေရှိတယ်။
အဲဒီတော့ ပြဿ     နာ တစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင်
ခဲကို ကိုက်တဲ့ခွေးလိုတော့မဖြစ်သင့်ဘူး။
ခဲ ဘယ်ကပစ်လိုက်သလဲ လိုက်ကြည့်တတ်တဲ့
ခြင်္သေ့လိုမှ ပြဿ     နာကပြေလည် သွားမှာ။”
(သီတဂူဆရာတော်)

credit to .... The Hot News Weekly

Sunday, December 14, 2014

TRUE IMAGES (303)


"ကျိန်စာသင့်နေတဲ့နိုင်ငံတော်"

"ကျိန်စာသင့်နေတဲ့နိုင်ငံတော်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ မှားခဲ့ကြတဲ့လူတွေက
မသိချင်ယောင်ဆောင်နေကြတဲ့အခါ
တိုင်းပြည်မှာ ....
တစ်ခါ ကျိန်စာသင့်တယ် … ။

@ တာဝန်ယူမှု မရှိတဲ့လူတွေက
ကြောရယုံ ကြံသွားကြတဲ့အခါ
တိုင်းပြည်မှာ .....
နောက်တစ်ခါ ကျိန်စာသင့်တယ် ... ။

@ အပြစ်ကျူးလွန်ခဲ့တဲ့သူတွေက
ဝန်ချတောင်းပန်ခြင်း မပြုတဲ့အခါ
ဒီလိုနဲ့ပဲ ကျော်သွားတဲ့အခါ
တိုင်းပြည်မှာ ....
နောက်တစ်ခါ ကျိန်စာသင့်ပြန်တယ် ... ။

@ “ကိုယ့်ကြောင့် ဒုက္ခရောက်သွားကြတဲ့
လူတွေရဲ့ ငိုသံတွေကို
ကြားနေရတာတောင်မှ
*** ငါတို့မှငါတို့ ဆိုတဲ့လူတွေ
ကြီးစိုးခြယ်လှယ်နေသမျှတော့ ***
တို့တွေရဲ့ တိုင်းပြည်ဟာ
နောင်လာမယ့် အနာဂတ်မှာလည်း
ထပ်ခါ ထပ်ခါ
ကျိန်စာသင့်နေဦးမှာပဲ … ။”

(နိုင်မြန်မာ)
ပြည်စောင့်ခွေး ကဗျာစာအုပ်မှ …
credit to .... စုံ စီ န ဖာ

Saturday, December 13, 2014

TRUE IMAGES (302)

“အချိန်ယူလေလေ …
မိုက်တွင်းက နက်သထက် နက်လေလေ …
အကုသိုလ်က များပြီးရင်း များလာမှာဆိုတော့ …”

"ဘာကြောင့်လဲ ?”

"ဘာကြောင့်လဲ ?”
။။။။။။။။။။။။။။။။။။။။။။
“အခြားဒီမိုကရေစီနိုင်ငံများမှာ နိုင်ငံသားတိုင်းရရှိတဲ့
အခွင့်အရေး၊ အကျိုးအမြတ်တွေနဲ့ တန်းတူ
ကျမတို့ မြန်မာပြည်သူများ
ရရှိခံစားဖို့ စောလွန်းနေသေးတယ်ဆိုတဲ့
အယူအဆဟာ သိပ်စော်ကားလွန်းပါတယ်။

အဲ့ဒီလို ပြောနေတဲ့ အာဏာပိုင်တွေကျတော့
ဒီမိုကရေစီ နိုင်ငံက အာဏာပိုင်တွေနဲ့ယှဉ်ရင်
အခွင့်အရေး အကျိုးအမြတ်တွေ တန်းတူရုံမက
ပိုလို့တောင်ယူနေကြတာ
ဘာကြောင့်လဲ ?”

(ဒေါ်အောင်ဆန်းစုကြည်)

"The proposition that the Burmese are not fit to enjoy
as many rights and privileges as
the citizens of democratic countries is insulting.
It also makes questionable the logic
of a Burmese government considering itself
fit to enjoy more rights and privileges
than the governments of those same countries."

credit to .... tripnld

Friday, December 12, 2014

TRUE IMAGES (301)

အဘအရေးက ... ပထမ
ပြည်သူ့အရေးက ... ဒုတိယ

"ဘ၀နှင့် အလှ"

"ဘ၀နှင့် အလှ"
။။။။။။။။။။။။။။။။။
@ မြင်မြင်သမျှ
ဤလောကတွင်၊
အလှတို့ဖြင့် ပြည့်ဘိ၏။

@ မြင်မြင်သမျှ၊ ဤလောက၀ယ်
အလှတို့ဖြင့်၊ ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ၊ မြင်စွမ်းရသည်။

@ အလှဟူငြား၊ မြင်သည်ထားဦး
ခံစားသိတတ်၊ ခံယူတတ်မှ
ကျိုးမြတ်ပီတိ၊ ရင်ဝယ်ငြိ၏။

@ သြော်...
လူ့ဘုံလောက၊ ရခဲစွာကို
ရလှာခဏ၊ တစ်ဘ၀၀ယ်
အလှမမြင်၊ လှ မမင်ဘဲ
မြင်ရန်မဖွေ၊ ဖွေရန်မသိ
ငါဖြစ်ဘိမူ၊ ငါ၏ဘဝ
ထိုခဏသည်၊
မည်မျှ ရှုံးလိုက်လေမည်နည်း။

(မောင်စွမ်းရည်)
credit to .... Ko Luthank

PS ....
သက်ရှိ သက်မဲ့ အရာအားလုံး၏
(ဖြူ စင်သော) မတူကွဲပြားမှု့ကို
ပကတိအလှတရားများအဖြစ် မြင်ပြီး
မှတ်ယူဆင်ခြင်နိုင်ကြမည်ဆိုလျှင်ဖြင့် …..

Thursday, December 11, 2014

TRUE IMAGES (300)

"ဒါက ... ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ သွားတဲ့
[ မြင်းစီးရုပ်] ပါ ... သူလည်း လှုပ်တော့လှုပ်ပါရဲ့
ဒါပေမယ့် …"

"မြင်းစီးရုပ်"

"မြင်းစီးရုပ်"
။။။။။။။။။။။။။
"လှုပ်ရှားမှုနဲ့ တိုးတက်မှုဆိုတာကို
ရောထွေးမမှတ်ယူလိုက်ပါနဲ့။
မြင်းစီးရုပ်ဟာ လှုပ်တော့လှုပ်ပါရဲ့
ဒါပေမယ့် ဘာတိုးတက်မှုမှမရှိဘူး။”

"Do Not Confuse Motion And Progress.
A Rocking Horse Keeps Moving
But Does Not Make Any Progress.
(Alfred A. Montapert)

credit to ... English-မြန်မာ စာပဒေသာ

PS .....
"ရှေ့ မတိုး နောက်မဆုတ်နဲ့
တ၀ဲလည်လည် ဖြစ်နေအောင်
ဖန်တီးတဲ့ အခြေအနေတိုင်းကို ဆိုလိုတာပေါ့နော် …
ဥပမာ အနေနဲ့
တောင်းဆိုထားတာက (၄) ပွင့်ဆိုင် …
ရလာတာက (၁၄) … (၆) ခုနာက်ဆုံး (၁၂) ပွင့်ဆိုင်တဲ့ …။
"မြင်းစီးရုပ်" လို လှုပ်တော့လှုပ်ပါရဲ့
ဒါပေမယ့် …

Wednesday, December 10, 2014

TRUE IMAGES (299)


"နာရီရဲ့သီချင်း"

"နာရီရဲ့သီချင်း"
။။။။။။။။။။။။။။။။။
@ " မြစ်တစ်ခုလို အချိန်များ စီးဆင်းဆဲ
လူ့ဘဝကို တို့ရရှိခဲ့တယ် ...
လောကကို ပေးဆပ်ဖို့ပဲ
ဘဝအတွက် နှစ်သိမ့်ခဲ့ ...
ရေဆန်လေဆန် ဒီခရီးလမ်းထဲ
လူ့ဘဝတစ်ခုတော့
အခိုင်အမာ ဆောက်တည်မယ် ... ။"

@ “လောကမှာ
ကိုယ်အသက်ဆက်ဖို့ အတွက်
တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ ....
နှလုံးသားမှာ သတိရှိနေ
စွန့်လွှတ်ဖို့ အသင့်ပဲ ...
ကိုယ်ရည်ရွယ်တာတွေ မဖြစ်သေးလဲ
သန့်သန့်ရှင်းရှင်း နေထိုင် အသက်ရှင်မယ် ...။”

@ “လူ့ဘဝဟာ ရခဲလွန်းလှတယ်
ကိုယ့်ဘဝကိုယ် အလွဲသုံးစားမလုပ်နဲ့
တစ်နေ့နေ့ သေခြင်းတရားမှာ
အားလုံးအဆုံးသတ်ရမယ်
ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ်
မကောင်းမှုလုပ်ဖို့
အချိန်တွေ နှမျောပါတယ်....။”

@ " လောဘ ဒေါသ မီးတောက်တွေ
မောဟ သောက မီးတောက်တွေ
ငြိမ်းရ သတ်ရ ခက်ခဲ့ရင်
သီချင်းလေး နားဆင်ဦး
နာရီရဲ့သီချင်း … သတိပြုကွယ် ... ။"

(ထူးအိမ်သင် )

PS ....
ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ ထူးအိမ်သင် ရဲ့
သီချင်လေးတစ်ပုဒ်ပါ။
တန်ဖိုးရှိတဲ့ စာသားလေးတွေမို့ အားလုံးသိပြီးသားဖြစ်ပေမယ့်
သူငယ်ချင်းတို့ ပြန်အမှတ်ရအောင် တင်တာပါ။
“လောကမှာ ကိုယ်အသက်ဆက်ဖို့ အတွက်
တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ ....” ဆိုတဲ့နေရာလေးကိုတော့
သူတို့ တစ်တွေ ကြား/သိ နိုင်ပါစေလို့ ဆန္ဒပြုမိပါရဲ့ …. ။
သူငယ်ချင်းတို့ သီချင်းလေးပြန်နားထောင်ချင်ရင် အောက်က
link မှာပါ။

https://www.youtube.com/watch?v=fqQiEXxFnNU

Tuesday, December 9, 2014

TRUE IMAGES (298)

"ကျားကွက်ရွှေ့တာ ဆိုရင်တော့ 
မြင်တတ်ဖို့လိုမှာပေါ့နော် …
မမြင်ရင် king ပေါက်သွားလိမ့်မယ်
ထင်တယ်နော်"

"အဖြူ မဟုတ်ရင်"

"အဖြူ မဟုတ်ရင်"
။။။။။။။။။။။။။။။။။။။။။
ဆရာက ကျောင်းသားတစ်ယောက်ကို မတ်တတ်
ရပ်ခိုင်းပြီး မေးပါတယ်။
[အဖြူ ရောင်မဟုတ်ရင် ဘာလဲကွ]
ကျောင်းသားက သေသေချာချာ
မစဉ်းစားဘဲ ပြန်ဖြေပါတယ်။
[အဖြူ မဟုတ်ရင် အမည်းပေါ့ ဆရာ]
ဆရာက ခေါင်းခါပါတယ်။ ပြီးတော့ ဒီလိုပြောပါတယ်။
[အဖြူ မဟုတ်ရင် မဖြူ တာတွေ အားလုံးဖြစ်နိုင်တာပေါ့ဟ]

******************************

ကျွန်တော်တို့လည်း လူ့လောကထဲက ပြဿ      နာ ရပ် တော်တော်
များများမှာ အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (possibility)
များစွာကို မစဉ်းစားမိဘဲ၊ ဆန့်ကျင်ဘက်အမြင် (negative view) တွေ
ကိုသာ ရုတ်တ ရက် စဉ်းစားမိတတ်ကြပါတယ်။

ဥပမာ .... ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ့ အခြားလူပေးလာတဲ့
အဖြေတစ်ခုနဲ့ ကိုက်ညီမှုမရှိတဲ့အခါမျိုးမှာ ကျွန်တော်တို့အားလုံးဟာ
သူ မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ကြ ပါတယ်။
တကယ်ဆို သူ အခြေခံပြီးစဉ်းစားတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်မယ်
ဆိုရင် သူ့ရဲ့အဖြေကလည်း မှန်နိုင်တာပဲလေ။ ကိစ္စရပ်တိုင်း
မှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊
စဉ်းစားပုံ စဉ်းစားနည်း (the way of thinking) အပေါ် မူတည်ပြီး
အဖြေ ဒါမှမဟုတ် ရလာ ဒ်တွေဟာ တစ်နည်းတစ် ဖုံ ပြောင်းလဲ
သွားနိုင်တယ်ဆိုတာတွေကို ကျွန်တော်တို့ နားလည်ထားရပါမယ်။

*** ဒါမှ ငါမှန်တယ်၊ မင်း မှားတယ်ဆိုတဲ့အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်း မှန်တယ် ဒါပေမဲ့ ဘယ်သူ့ရဲ့ လမ်းကြောင်းက ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ။ ***

ကျွန်တော်ရဲ့ စိတ်ကူးထဲမှာရှိတဲ့ စာသင်ခန်းလေးထဲက ဆရာတစ်ယောက်နဲ့ ကျောင်းသားတွေရဲ့ ဖြစ်ပျက်နေကြတဲ့ ဖြစ်ရပ်လေးတွေ
ကနေ အတွေးနယ်ချဲ့ကြည့်မိတာပါ။ လူမှုဆက်ဆံရေးတွေကို ပြေ
လည်စေဖို့၊ ပြဿ     နာ ဆိုတဲ့ စကားလုံးနဲ့တတ်နိုင်သမျှ ကင်းဝေးနိုင်
ဖို့၊ နောက် ...နောင်တတွေ ခဏခဏ မရဖို့၊ အနည်းဆုံး လောကထဲ
မှာ ပြုံးပြုံးကလေး နေနိုင်ဖို့ ကျွန်တော့်ရဲ့စိတ်ကူး စာသင်ခန်းလေးက
သင်ခန်းစာ တစ်စွန်းတစ်စတွေ ပေးနိုင်မယ်ဆိုရင်
ကျွန်တော် ကျေနပ်ပါပြီ။

(NayPhoneLatt)
credit to .... ကျွန်တော်လွတ်ကျ ခဲ့တဲ့မြို့တော်

Monday, December 8, 2014

TRUE IMAGES (297)


“လမ်းပိတ်တယ်ဆိုတာ"

“လမ်းပိတ်တယ်ဆိုတာ"
။။။။။။။။။။။။။။။။။။။။။။။။။။။
“လမ်းပိတ်တယ်ဆိုတာ
အဖြေရှာချင်တဲ့သူတွေအတွက်
လမ်းက ဘယ်တော့မှ မပိတ်ဘူး။
အဖြေမရှာချင်လို့ ရှိရင်တော့
လမ်းက ဘယ်တော့မှ ပွင့်မှာမဟုတ်ဘူး။”
(ဒေါ်အောင်ဆန်းစုကြည်)

credit to ... ဗွီအိုအေ( မြန်မာ)

Sunday, December 7, 2014

TRUE IMAGES (296)


"တာဝန် မမဲ့ကြနဲ့"

"တာဝန် မမဲ့ကြနဲ့"
။။။။။။။။။။။။။။။။။။။။။
*** ဘယ်သူတက်တက် တို့မငတ်ဘူး
ကိုယ်လုပ်ပါမှ ကိုယ်စားရမှာ....
ဘယ်သူ အုပ်ချုပ် မင်းလုပ်နေလည်း
ကိုယ့်ရှိပါမှ ကိုယ်စားရမှာ......"တဲ့" ...။ ***

@ ပြောတတ်လိုက်တာ...
တာဝန်မရှိ ပီဘိ ကလေးတယောက်နှယ်...

@ အသက်ကို မငှဲ့ကွက်
ကိုယ်ကျိုးမဖက်ပဲ ချီတက်ခဲ့တဲ့
ရာဇ၀င်ထဲက သူရဲကောင်းတွေကို အားနာတယ်။

@ ခန္ဓာကို ပေး
အသက်ကို စတေး ခဲ့တဲ့
သမိုင်းထဲက အာဇာနည်တွေကို အားနားတယ်။

@ လွတ်လပ်ဖို့ အရေး
မျှော်တွေးရင်း ပေးဆပ်ခဲ့တဲ့
သူ့ကျွန်အောက်က ရဲဘော်တွေကို အားနာတယ်။

@ ပုဂံခေတ်
ပထမ မြန်မာနိုင်ငံရဲ့ အရှင်
ပုဂံကို ဗဟိုပြု၊ သူရဲကောင်းကို အလေးထား
အရည်းကြီးသာသနာကို အမြစ်ဖြုတ်လို့
သာသနာကို ရောင်ဝါလင်းစေခဲ့တဲ့
အနော်ရထာဘုရင်ကို အားနာတယ်။

@ တောင်ငူခေတ်
ဒုတိယ မြန်မာနိုင်ငံရဲ့ အရှင်
လက်သဲကြားကိုအပ်စိုက်
ဘက်မလိုက်တဲ့သူရဲကောင်း
... ဖောင်ဖျက်ပြီးစစ်တိုက်တဲ့ နောင်ရိုးရဲ့သခင်
ဘုရင့်နောင် ကိုလည်း အားနားတယ်။

@ ကုန်းဘောင်ခေတ်
တတိယမြန်မာနိုင်ငံရဲ့ အရှင်
အရပ်ရပ်ကိုစု ပြည်ပြုလို့ နန်းတက်
ယိုးဒယားရဲ့ ရာဇ၀င်မှာ ၀ါးရင်းတုတ်နဲ့နယ်ကိုသိမ်းတဲ့
ထန်းလုံးတပ်ရဲ့ သခင်
အလောင်းမင်းတရားကြီးကို အားနာတယ်။

@ ကိုလိုနီခေတ်
စတုတ္ထမြန်မာနိုင်ငံရဲ့ အရှင်
အင်္ဂလိပ်နဲ့ ဂျပန် လက်လံခဲ့တဲ့ နတ်မောက်သား
အကြောက်တရားကိုခ၀ါချ၊ မြန်မာကွလို့ ကြွေးကြော်ရင်း
တိုင်းရင်းသားတွေစု ပြည်ပြုခဲ့တဲ့
အသက်အငယ်ဆုံး ပြည့်ဥသျှောင်
ဗိုလ်ချုပ်အောင်ဆန်းကို အားနာတယ်။

@ နိုင်ငံတော် တိုးတက်ဖို့
နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်
တာဝန်မမဲ့နဲ့။

@ သူတို့တွေ စွန့်စားခဲ့လို့ ငါတို့တွေ လူဖြစ်နေတာ ...
သူတို့တွေ သေပေးခဲ့လို့ ငါတို့တွေ ရှင်နေရတာ ...
သူတို့တွေ အငတ်ခံခဲ့လို့ ငါတို့တွေ စားနေရတာ ...
တာဝန်မမဲ့နဲ့။

@ နင်းထားတဲ့ မြေပေါ်က သူတို့သွေး ...
ရှုသွင်းလိုက်တဲ့ လေထုထဲက သူတို့ အော်သံ ...
သောက်သုံးလိုက်တဲ့ ရေခွက်ထဲက သူတို့ပုံရိပ် ...
စားလိုက်တဲ့ ထမင်းလုတ်ထဲက သူတို့အသား ...
မြင်အောင်ကြည့် ---
သိအောင်လုပ် ---
အချောင်မခိုနဲ့ ---
တာဝန်မမဲ့နဲ့ ---
ရှက်တတ်ကြပါ ရွှေမြန်မာတို့ .... ။

(တိုင်းပြည်အတွက် သဲတပွင့်ဖြစ်ပါစေ။)

(YaeTayZa)
credit to .... MyanmarDailynet