Friday, August 29, 2014

"အဲဒါသူပဲ။”



"အဲဒါသူပဲ။”
။။။။။။။။။။။။။။

တကယ်တော့ ပင်လယ်ပြာနှင့် တံငါအို ဆိုသည့် စာအုပ်ကို ကျွန်တော်
ခပ်ငယ်ငယ်က ဖတ်ဘူးခဲ့သည်။ အဲဒီအချိန်က ငါးကြီးနှင့်
ငါးမန်းတွေကို စိတ်က လိုက်ဖတ်ကြည့်နေတာနဲ့ ဆရာကြီး ဘာပြော
ချင်သလဲဆိုတာ သတိမထားမိခဲ့။ အလွန်ကောင်းသည်ဆိုသည့်
စာအုပ်တွေကို တစ်ခေါက်မက ဖတ်ရမယ်ဆိုသည့် အသိက စေ့ဆော်
သည်ထင်သည်။ စာအုပ်ကို ပြန်စဖတ်လိုက်ကတည်းက စိတ်က အလုပ်
လုပ်နေရင်တောင် အဘိုးအိုကြီး စင်တီယာဂိုဆီရောက်နေသည်။ ပင်လယ်ပြင်ကျယ်ကြီးထဲက လှေခပ်ငယ်ငယ်ပေါ်က လူသား အဖိုးကြီး၊
ဘ၀ရှင်သန်ရပ်တည်မှု ရဖို့ အဖိုးအိုကို ရသလောက် ငြင်းဆန်နေသည့်
ငါးကြီး၊ ကြောက်စရာ ငါးမန်းအုပ်ကြီးနှင့် အဖိုးအိုကြီး။

စာအုပ် ပါးပါး လေး တစ်အုပ်နဲ့ နိုဗယ်ဆု ဘာကြောင့်ရပါသလဲ ဆိုသည့်
ကျွန်တော့် သံသယတွေကို ဆရာကြီး မောင်ဆုရှင်နှင့် ဟဲမင်းဝေးက
တစ်မျက်နှာချင်း၊ တစ်မျက်နှာချင်း ရှင်းလင်းပြသသွားသည်။

"ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို အခက်အခဲတွေ၊ အတားအဆီးတွေ၊ ချောင်ပိတ်မိနေတတ်တာတွေ သူသူငါငါ ကြုံကြ
ရတာဘဲ မဟုတ်လား။ တစ်ချို့က တည်တည်ငြိမ်ငြိမ်၊ တစ်ချို့က
ဆူဆူပူပူ တုံ့ပြန်ကြသည်။ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ဆိုတာ
ရှာကြသည်။ သိချင်ကြသည်။ ကျွန်တော်တို့လို သာမန်လူတွေက
မပြတ်သားနိုင်။ စူးစူးစိုက်စိုက်မရှိနိုင်။ ပါရမီ မရှိ။ သို့ပေသိ မိမိတတ်နိုင်
သလောက် ရုန်းကန်လှုပ်ရှားကြရတာဘဲ မဟုတ်ပေဘူးလား။

အဖိုးကြီး စင်တီယာဂို လို ရိုးရိုးရှင်းရှင်းနဲ့ ဘ၀ကို အရှုံးမပေးစတမ်း၊
ဖြူဖြူစင်စင် တုံ့ပြန်ကြလျှင် ဘယ်လောက် ကောင်းလေမလဲလို့ စာအုပ်ကို
ဖတ်ရင်း ကျွန်တော် အတွေးတွေ ချဲ့နေမိသည်။

စာအုပ်ကို သဲသဲမဲမဲ ဖတ်နေစဉ်မှာဘဲ မိတ်ဆွေတစ်ယောက်က FB မှာ
Post တစ်ခု ကောင်းတယ်။ ဖတ်ကြည့်စမ်း ဆိုတာနဲ့ ဖတ်ကြည့်မိသည်။ အမေးကောင်းကောင်းတစ်ခုနှင့် အဖြေကောင်းကောင်းတစ်ခု။
အဖြေက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဖတ်နေသော ပင်လယ်ပြာနှင့်
တံငါအိုကို ကိုးကားပြီး ဖြေသွားသည်။

မေးခွန်းက …..

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး
နိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း စွမ်းဆောင်ရွက်ချက်များ
ကြောင့်ရခဲ့တာပါလဲ။ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ 
ပါသလဲ။”

မေးခွန်းမေးသူက ဘယ်ကို ရည်ရွယ်သလဲ မသိ။ တကယ်ရိုးရိုးသားသား
မေးတာလဲ ဖြစ်နိုင်သည်။ ခါးအောက်ပိုင်း လက်သီး ထိုးဖို့ ကြိုးစားတာလဲ
ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အဖြေပေးသူရဲ့ အဖြေက အလွန်သဘော
ကျဖို့ ကောင်းသည်။

ဖြေပုံက .…

“အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။
Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။
သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ
လည်း ဘာသာပြန် ကြပါတယ် "ပင်လယ်ပြာနဲ့ တံငါအို" တဲ့ ဖတ်ဖြစ်အောင်
တော့ ဖတ်ကြည့်လိုက်ပေါ့။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။ ပြောပြ
ချင်တဲ့ အကြောင်းအရာက တော့ ရှင်းရှင်းလေးပါ။

"အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်း
လေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်း
ချမ်းရေးလို စာအုပ်ကြီး မဟုတ်ဘူး။ စာမျက်နှာ က ၁၂၇ မျက်နှာပဲ ရှိတယ်။
သူထဲပါတဲ့ အကြောင်းအရာကသာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား
ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော်နိုဗယ်ဆုရရှိသွားတာလဲ။
ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ
အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ ငါးမဖမ်း နိုင်တော့ဘူး
လို့ ထင်မြင်လာကြတယ်။ ၈၄ ရက်လောက် ငါးမှမမိတာကိုး။ နောက်ဆုံးသူ့
နောက်ကို လည်းဘယ်သူမှ မလိုက်တော့ဘူ။
မယုံကြည်ကြတော့လို့။တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့... အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။မာလင်ငါးအကြီးစားလေ။ ဒီငါးမိလို့
ကံဆိုးသွားတယ်။ သူမှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေ
တယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ် ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမ
လွှတ်ပေးဘူး။ ကံကောင်းသွားတယ် ငါးကို သူသတ်နိုင်ခဲ့တယ်။ ကံဆိုးတာက
ငါးရဲ့သွေးကြောင်း ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။နောက်ဆုံး သူကမ်းပေါ်ပြန်ရောက်သွားတယ်။ ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။
အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတ္တိကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။
သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်
ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂၇ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက
စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။

“လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။
သူမှာ ပန်းတိုင်ရှိတယ်။
သူမှာ ဇွဲရှိတယ် … သတ္တိရှိတယ်။
စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့
မြန်မာတွေ စိတ်ထဲမှာ
မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။
သူစိတ်ဓါတ်ကျသွားလား ? လက်လျော့သွားလား?
သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။
မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲ့တယ်။
အဲဒါသူပဲ။”

(ဖိုးထက်)
ဆောင်းပါးရှင် "ဖိုးထက်" ၏ " စင်တီယာဂို၊ အဘွားကြီးနှင့်
ပင်လယ်ထဲသို့" ဆောင်းပါးမှ ......

PS ....
“အမေစုတန်ဖိုး မသိသူများ
နားလည်ခြင်းများစွာဖြင့်
တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

credit to ..... မိုးမခမဂ္ဂဇင်း

No comments:

Post a Comment