Saturday, August 9, 2014

"ရေးချင်မိတဲ့ စာ"



"ရေးချင်မိတဲ့ စာ"
။။။။။။။။။။။။။။။။။။။။။

ရှစ်လေးလုံးသမိုင်းရဲ့ ဖြစ်ရပ်မှန်ပုံရိပ်တွေ၊ post တွေ FB ပေါ်
တင်ထားတာတွေကို ဖတ်မိပြီး ဒီ post လေးကို ရေးဖြစ်တာပါ။

၈၈ တုန်းက ဆယ်ကျော်သက်လူငယ်ပိုင်းဖြစ်နေပြီဖြစ်တဲ့
ကျမအတွက် ရင်နင့်ဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်ပေါင်း
များစွာဟာ မနေ့တစ်နေ့ကလိုပါပဲ။
အဲ့ဒီ အချိန်က မြင်၊ သိ၊ ကြား ရသမျှ ရင်နင့်ဖွယ်
အဖြစ်ဆိုးတွေကို ယနေ့ထိ စက်ဆုတ် မုန်းတီး ရွံရှာ ဆဲပါ။
ဒီအဖြစ်ဆိုးတွေကို ကိုယ်တိုင်နောက်ထပ် မကြုံချင်သလို
နောက်လာမယ့် မျိုးဆက် - လူငယ် လူရွယ်များကိုလည်း
မတွေ့ကြုံ မခံစားစေချင်ပါ။ ဘယ်အရေးအခင်းမျိုးဘဲ ဖြစ်ဖြစ်
ထိပ်ဆုံးက သေကြ ကျေကြ ရမှာ ကျောင်းသားလူငယ်
ရဟန်းရှင်လူ ပြည်သူတွေပါ။

ယုတ်မာ ရက်စက် ကောက်ကျစ် တတ်တဲ့နိုင်ငံရေး
လှည့်ကွက် (အရေးအခင်း) တွေကို "မှန်ကန်တဲ့ အသိတရား၊
စဉ်ဆက်မပြတ်ရှိသင့်တဲ့ သတိတရား" များကို
ကျမတို့တစ်တွေ လက်ကိုင်ထား ပြီးရှောင်ရှားဖို့ လိုအပ်မယ်လို့
ထင်ပါတယ်။

"အသိတရား"တွေမှန်ကန်ဖို့ ဆိုတာ ကျမတို့ဖြတ်သန်းခဲ့ရတဲ့
ဘဝပေးသင်ခန်းစာတွေနဲ့အတူ ဗုဒ္ဓရဲ့အဆုံအမတွေ၊
မှန်ကန်တဲ့လမ်းညွှန်မှု့ကိုပေးနိုင်တဲ့ စာကောင်းပေကောင်း
တွေကနေ တစ်ဆင့်ရရှိနိုင်ပါတယ်။ ဖတ် မှတ် လေ့လာစရာတွေ
အလွန်ပေါများတဲ့ ယခုခေါတ်အခါမှာ ဆင်ခြင်တုံ "သတိတရား"
လေးတွေတော့ ကပ်ထာပြီး ဖတ်မှတ် စေချင်ပါတယ်။

ကျမတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး၊
နိုင်င်ငံရေး (နိုင်ငံအရေး)တွေ ကို မှန်ကန်တဲ့ "အသိတရား"တွေနဲ့ တည်ဆောက်မှသာ အောက်ခြေခိုင်မယ့်
လူ့ဘောင်တစ်ရပ် ဖြစ်လာမှာပါ။

ဒီနေရာမှာ အလျဉ်းသင့် လို့ ကျမ ဥပမာ အမြင်လေး တစ်ခုနဲ့
ပြောချင်ပါတယ်။

ဗိုလ်ချုပ်ဟာကျမတို့ရဲ့ ကိုယ့်မြေ ကိုယ့်ရေ ကို တစ်ပါးသူ
လက်ထဲကပြန်ရအောင် အသက်စွန့်ယူပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ပြန်ယူပေးတဲ့ ဒီမြေပေါ်မှာ အလုံပိတ် အိမ်ကြီးကို
ဆောက်ပြီး အာဏာရှင်တို့က အိမ်ကြီးရှင်အဖြစ်ခံယူကာ
မတရား သဖြင့် မင်းမူအုပ်စိုးခဲ့ပါတယ်။

သည်းမခံနိုင်တဲ့ တစ်ချိန်မှာတော့ ၈၈ ဆိုတဲ့ လူထုကြီးဟာ ဒီအလုံပိတ်အိမ်ကြီးကိုဖြိုချခဲ့ကြပါတယ်။

အိမ်ကြီးရှင်တို့ကလည်း ဖြိုချမှု့ကြောင့် ယိုင်နဲ့နဲ့ဖြစ်သွားတဲ့ ဒီအိမ်ကြီးကိုပြန်ဆောက်ဖို့ကြိုးစားကြတယ်။

ဒါပေမယ့် ၈၈ ကတည်းက ပြည်သူ့ရှေ့ကနေအမြဲတမ်းကြံ့ကြံ့
ခံရပ်တည်ပေးခဲ့တဲ့ အမေစု ရဲ့ခေါင်းဆောင်မှု့နဲ့ ယိုင်နဲ့နဲ့ဖြစ်
သွားတဲ့ အိမ်အိုကြီးရဲ့ နေရာမှာ ဒီမိုကရေစီအုတ်မြစ်ကို
ချခဲ့ပါတယ်။

အမြော်အမြင် အတွေးအခေါ် အင်မတန်ကြီးမားတဲ့ အမေစု
ရဲ့ ခေါင်းဆောင်မှု့အောက်မှာ ကျန်မတို့တစ်တွေဟာ
မည်သည့် သံသယစိတ်မှမထားဘဲ ဒီ ဒီမိုကရေစီ
အုတ်မြစ်ပေါ်မှာ လှပတဲ့ အိမ်ကြီးကိုဆောက်လုပ် ရမှာပါ။

အဲဒီလို ဆောက်ကြဖို့ရာ မှာ ကျမတို့တွေ နားလည်မှု့ အပြည့်နဲ့
( ဒီမြေပေါ်မှာနေ ဒီရေကို အေးအတူ ပူအမျှ သောက်နေကြတဲ့
"မြန်မာနိုင်ငံသား" မည်သူမဆို ) စည်းလုံးညီညွတ်စွာ
"အသိတရား၊သတိတရား" များကို လက်ကိုင်ထား ပြီး
လက်တွဲ ဆောက်မှသာ ရမှာပါ။

ဆောက်ကြရမယ့် သူတွေကိုယ်တိုင်က ဘေးထိုး စကားတွေနဲ့
တစ်ခု မဟုတ် တစ်ခု အချင်းများ ရန်ပွားနေကြရင် ကျမတို့
ဘယ်လိုဆောက်လို့ ပြီးနိုင်မှာလဲ။

(ဒါပေမယ့် ဒီနေမှာ သာမန်မဟုတ်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကို
ဖျက်စီးဖို့ကြိုးစားနေတဲ့ virus တွေကိုတော့ အဝင်ခံဖို့ မလိုပါ။)

နိဂုံးအနေနဲ့ ....
ကျမတို့ရဲ့ လွတ်လပ်ရေးကို အသက်ပေးပြီး ယူပေးခဲ့တဲ့ ဗိုလ်ချုပ်၊
ကိုယ့်ဘဝကို အလောင်ကျွမ်းခံပြီး ဒီမိုကရေစီ လမ်းပြပေးခဲ့ -
အုတ်မြစ်ချပေးခဲ့တဲ့ အမေစု နဲ့ ၈၈မျိုးဆက်တွေ၊
ဒီမိုကရေစီရရှိရေးအိပ်မက်များနဲ့ ရှစ်လေးလုံး အရေးအခင်း မှာ
စွန့်လွတ်သွားခဲ့ကြတဲ့ အသက် ဝိဥာဉ်တွေကို
လေးစားတန်ဖိုးထားရင် ........

ကျမတို့တွေ စည်းလုံးညီညွတ်စွာ လက်တွဲကြရင်း
"အသိတရား၊သတိတရား" များကို လက်ကိုင်ထားကာ
အေးချမ်းသာယာသော၊ ဖွံဖြုးတိုးတက်သော ဒီမိုကရေစီ
လူ့ဘောင်သစ်ဆီသို့ ကိုယ်နိုင်တဲ့ ဝန်လေးတွေနဲ့ အတူ
တစ်ထောင့် တစ်နေရာ ကနေ ထမ်းရင်း
ဆက်လက်လျှောက်လှမ်းရအောင်ပါ ........ ။

(moe hnin pwint)

No comments:

Post a Comment