Sunday, November 30, 2014

" ဘောင်တွေကို ကျော်တွေး "

" ဘောင်တွေကို ကျော်တွေး "
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(လွန်ခဲ့သော လ အနည်းငယ်ခန့်က ဖေ့စ်ဘွတ် အင်တာနက်
စာမျက်နှာပေါ်တွင် ပျံနှံခဲ့ဘူးတဲ့)
“အိပ်ဆေးနဲ့ ဖမ်းခေါ်သွားတာ ရေချိုးကန်ထဲနိုးလာလို့ ကြည့်တော့
မှ ကျောက်ကပ်တွေ အခိုးခံလိုက်ရတယ်”ဆိုတဲ့ပို့စ်မျိုးကို သောင်းနဲ့ချီ
Like လုပ်ပြီး ထောင်နဲ့ချီ Share လုပ်ကြတယ်။ ကွန်မင့်တွေမှာ
မိန်းကလေးတွေ သတိထားရမှာ ပေါ့ဆိုတာမျိုးတွေ၊ တော်တော်
ယုတ်မာ ပက်စက်ပါလားဆိုတာမျိုးတွေ ထောင်နဲ့ချီတွေ့ရမယ်။

ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကို ဆန်းစစ်ဖို့ထက် ချပေးလိုက်တဲ့ဘောင်
အတိုင်း လမ်းကြောင်းအတိုင်းမှာ မျောသွားတယ်။ ဒါက ဥပမာအများကြီး
ထဲက ဥပမာတစ်ခုပါ။ အဲဒါ ကျွန်တော်တို့ရဲ့ အကြီးဆုံးအားနည်းချက်ပဲ။ တကယ်တမ်းမှာ ဖြစ်သင့်တာက ကျွန်တော်တို့ကိုကန့်သတ်ထားတဲ့ဘောင် ကို ကျော်တွေးရမှာ။ ပေးထားတာထက် ပိုအောင်ဆန်းစစ်ကြည့်ရမှာ။

အဲလိုမှ မတွေးဘူးဆိုရင် လူညွန့်တုံးလာလိမ့်မယ်။
အလွယ်တကူ ပုံသွင်းရလွယ်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ ပျောက်ဆုံးလာလိမ့်မယ်။
ကျွန်တော်တို့ဆီမှာ ပညာရေးစနစ်က ၁ဝဝ ဖိုး သင်ပေးပြီး
၅ဝ ဖိုး လောက်ပြန်မေးတယ်။ သူများနိုင်ငံမှာ ၅ဝ ဖိုးပဲသင်ပေးပြီး ၁ဝဝ ဖိုး ပြန်မေးတယ်။ ခြားနားချက်က ကျွန်တော်တို့က ဘောင်ထဲမှာ အသားကျလာတယ်။ ပေးသလောက်နဲ့ ရောင့်ရဲလာတယ်။ သူများတွေက ဘောင်ကိုကျော်ပြီး တွေးတတ်လာတယ်။
ကိုယ့်အားကိုယ်ကိုး တတ်လာတယ်။ ရှာဖွေစူးစမ်းတတ်လာတယ်။

ဦးနှောက်ဟာ စဉ်းစားဖို့ ပေးထားတာပါ။ သူများ ဘာပြောပြော
ဘာရေးရေး ဟုတ်တာပေါ့၊ မှန်တာပေါ့ဆိုပြီး ယုံလွယ်လက်ခံ
တတ်အောင် ပေးထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာဆိုရင်လည်း
ဗုဒ္ဓက ကိုယ့်ဘာသာ ချင့်ချိန်တတ်အောင် ကာလာမသုတ်ကို ဟောခဲ့
တယ်။ ဒါပေမဲ့ ဟိုနေရာမှာ နဂါးပေါ်နေတယ်ဆိုလည်း ယုံတာပဲ။
ဒီနေရာမှာ သိုက်စောင့်တွေရှိတယ်ဆိုလည်း ယုံလိုက်တာပဲ။ ဘောင်
ကိုကျော် မတွေးချင်ဘူး။ ယုံလွယ်တာ ဘာဖြစ်လဲဆိုတော့
“အ” လာ “န” လာတာပေါ့။

ဆိုလိုချင်တာက ပုံပြင်တွေ၊ အကြောင်းအရာတွေက ပေးချင်တဲ့အရာ
ထက် အဖြစ်အပျက်တွေမှာ ချပေးထားတဲ့ လမ်းကြောင်းတွေထက်
ကိုယ့်ဘက်က ပိုတွေးစေချင်တာပါ။

ရေခဲတုံးရဲ့ မြင်နေရတဲ့ထိပ်ပိုင်းကိုပဲကြည့်ရင် ထိပ်ပိုင်းကိုပဲ မြင်ရမယ်။ ရေ
ထဲမှာ နစ်နေတဲ့ ရေခဲတုံးအစိတ်အပိုင်းတွေ
ရှိနေသေးပါလားဆိုတာ တွေးမြင်တတ်ရင် ဖြစ်ရပ်တစ်ခုလုံးကို ပုံရိပ်ဖော်နိုင်
ပါလိမ့်မယ်။

စဉ်းစားပါတွေးခေါ်ပါ။ ဦးနှောက်တွေ သံချေးတက်ခံမနေပါနဲ့။ အတွေး
တိမ်တိမ်နဲ့ ယုံလွယ်တဲ့ လူအလူနတွေလို့တော့ အထင်မြင် မခံရစေချင်ဘူး။

(သူရိန်လှိုင်ဝင်း)
ဆောင်းပါးရှင် "သူရိန်လှိုင်ဝင်း" ၏
"ဘောင်တွေကို ကျော်တွေးကြည့်ပါ " ဆောင်းပါးမှ

credit to .... Eleven Media Group

No comments:

Post a Comment