Saturday, November 15, 2014

"အနာဂတ်အတွက် ... ပြုံး"

"အနာဂတ်အတွက် ... ပြုံး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်တော့ မတွက်ထားနဲ့ မောင်ကျော်
အနတ္တဆိုတာ … ဘုရားဟောပဲ
တကယ်မရှိတဲ့အတ္တကို မဆုပ်ကိုင်စမ်းပါနဲ့
မင်း လမ်းပျောက်သွားမယ်။

အစွဲအလမ်းမကြီးစမ်းပါနဲ့ မောင်ကျော်
ကျေကျေနပ်နပ် ရစ်ပတ်ခံနေတတ်ပြီလား
ကြိုးထုံးတွေကို ဖြတ်ဖို့ခက်တာ
ငါ ကိုယ်ချင်းစာပါတယ်ကွာ။

အားမလျှော့စမ်းပါနဲ့မောင်ကျော်
“ဘ၀” … အဲဒါကိုရပြီဆိုတာနဲ့
မင်းမနားတမ်း “က”ရမှာပဲ …
ဒသဂီရိလို … ကမလား
ဦးဖိုးစိန်လို … ကမလား
မင်း သေသေချာချာစဉ်းစား။

မယုတ်ညံ့မိစေနဲ့ မောင်ကျော်
ဘယ်ကိုပဲ သွားချင်သွားချင်
မင်းဘာသာ မင်းသွားပါကွာ
ပထမတွေ … ဒုတိယတွေကအရေးမကြီးဘူး
အရေးကြီးတာက မင်းလိုရာရောက်ဖို့ပဲ
အဆင့်တွေမဟုတ်ဘူးကွ။

တန်ရာတန်ရာပဲရမယ် မောင်ကျော်
မင်းက … ၀က်သားဆိုရင်
ဝက်သားကြိုက်တဲ့လူက ၀ယ်လိမ့်မယ်
မင်းက … ပဲပင်ပေါက်ဆိုရင်
ပဲပင်ပေါက်ကြိုက်တဲ့လူက ၀ယ်လိမ့်မယ်
ဒါပေမယ့် … မင်းစိတ်ဓာတ်မကျပါနဲ့
လူတော်တော်များများကတော့
တန်ဖိုးဆိုတာကို …
အပေါစားပေတံတွေနဲ့ပဲ
တိုင်းတတ်ကြတယ်ကွ။

ပြုံးထားစမ်းပါ မောင်ကျော်
မင်းရှုံးမယ်ဆိုရင်တောင် ပြုံးလိုက်စမ်းပါ
သေတဲ့အထိတော့ မင်းမရှုံးနေပါဘူး
ကျိန်းသေပေါက်ရောက်လာမယ့်
အနိုင်တွေအတွက်
မင်းကြိုပြီးပြုံးထားလိုက်တော့ မောင်ကျော်။

မင်းပြုံးတာကြီးက မလှပေမယ့်
မှုန်သုန်နေတာထက်တော့
မဆိုသလောက်လေး သာပါတယ် မောင်ကျော်။

ဟုတ်တယ်
မင်းပြုံးလိုက်တော့မောင်ကျော် ……. ။

(werewolf)

credit to .... poemscorner

No comments:

Post a Comment