Sunday, November 23, 2014

“စစ်”

“စစ်”
။။။။။။
ရုတ်တရက်၊ ထွက်ပေါ်လာတယ်
လူတစ်ချိုရဲ့
… ဒေါသတွေဆီကနေ
လူတစ်ချိုရဲ့
… အမိန့်ပေးသံတွေဆီကနေ
လူတစ်ချိုရဲ့
… သေနတ်ပြောင်းဝတွေဆီကနေ ။

ရုတ်တရက်၊ ကျရောက်လာတယ်
နှစ်ရှည်လများ ....
လှပနေတဲ့မြို့ငယ်လေးတွေရဲ့အပေါ်
နှစ်ရှည်လများ ....
ဖူးပွင့်နေခဲ့တဲ့ပန်းခင်းလေးတွေရဲ့အပေါ်
နှစ်ရှည်လများ .....
စီးဆင်းနေခဲ့တဲ့မျှော်လင့်ချက်တွေရဲ့အပေါ် ။

ရုတ်တရက်၊ ပေါက်ကွဲသွားတယ်
လမ်းမပေါ်ကလူတစ်ချို့
ဗုံးခိုကျင်းတွေထဲ မရောက်ကြသေးခင်
ဘုရားကျောင်းဆီက
ဆုတောင်းဝတ်ပြုသံ အဆုံးမသတ်ရသေးခင်
စာသင်ကျောင်းဆီက
ကလေးငယ်တွေ အိမ်ပြန်မရောက်ကြသေးခင် ။

ရုတ်တရက်၊ ခိုးယူသွားခဲ့တယ်
ဖခင်များရဲ့ သွေးစက်တွေ
မိခင်များရဲ့ မျက်ရည်တွေ
ကလေးငယ်များရဲ့ အနာဂတ်တွေ။

ရုတ်တရက်၊ ချန်ထားပစ်ခဲ့တယ်
လေထဲမှာ စိမ့်နေတဲ့
အဆိပ်ဓာတ်ငွေ့တွေ
နံရံတွေပေါ်မှာ နစ်မြုတ်နေတဲ့
… သေနတ်ကျည်ဆံတွေ
လူတစ်ချို့ရဲ့ကိုယ်ပေါ်မှာ
တပ်ဆင်ထားတဲ့ခြေလက်အတုတွေ ။

“နောက်ဆုံးမှာတော့
မိခင်နဲ့ဖခင်တွေ နာကျင်သေဆုံးခဲ့ရတဲ့
အကြောင်းကို
သူတို့ရဲ့ကလေးငယ်တွေ
စက်ရုပ်ဆန်ဆန်ရွတ်ဆိုကျက်မှတ်နိုင်ဖို့
သမိုင်းစာအုပ်များရဲ့
စာမျက်နှာတွေပေါ်မှာ
အနက်ရောင်စာလုံးများအဖြစ်
စွန်းထင်းပေကျံသွားတော့တယ် ။”

(မြင့်မိုးအောင်)

credit to .... poem echo

PS ...
“ပြည်သူအချင်းချင်း သတ်နေကြတဲ့
ပြည်တွင်း စစ်ပွဲ နဲ့ ပဋိပက္ခ တွေ အမြန်ဆုံး ရပ်တန့်သွားပြီး
ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပါစေ …..”

No comments:

Post a Comment