Saturday, November 7, 2015

“(မနက်ဖြန်) မဲပေးမယ်”

“(မနက်ဖြန်) မဲပေးမယ်”
။။။။။။။။။။။။။။။။။။။။။။။။။။။။


@ သေနတ်တွေကို ငါကြောက်တယ်။
သေနတ်ပစ်ခံရပြီး မချိမဆန့်သေသွားတဲ့
ပြည်သူရာချီ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
သေနတ်မကိုင်သူတွေကိုပဲ မဲပေးမယ်။

@ မီးလောင်ဗုံးတွေကို ငါကြောက်တယ်။
မီးလောင်ဗုံးပစ်ခံရပြီး မချိမဆန့်တွန့်လိတ်နေတဲ့
ဒါဏ်ရာဗရပွနဲ့ ရဟန်းတော်တွေ
ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
မီးလောင်ဗုံးမပစ်တတ်သူတွေကိုပဲ မဲပေးမယ်။

@ နံပါတ်တုတ်တွေကို ငါကြောက်တယ်။
လဲကျ လက်မြှောက်နေတာတောင်
နံပါတ်တုတ်ကွေးအောင်
ဆင့်ကာဆင့်ကာ အရိုက်ခံနေရရှာတဲ့
ကျောင်းသားလေးတွေ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
နံပါတ်တုတ်မကိုင်တတ်သူတွေကိုပဲ မဲပေးမယ်။

@ စွမ်းအားရှင်တွေကို ငါကြောက်တယ်။
ဆံပင်နီကြောင်ကြောင် ကလေကချေရုပ်နဲ့
ပေရေစုတ်ပြတ်နေတဲ့ လက်ပတ်နီပတ်ထားသူတွေက
လမ်းမလည်ခေါင် လည်ပင်းညှစ်ဖမ်းတာ
ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
စွမ်းအားရှင်နဲ့ ဆန့်ကျင်ဘက်ကိုပဲ မဲပေးမယ်။

(Thorn Nay Soe)

***********************

"မဲပေးခြင်းဟာ အခွင့်အရေးဖြစ်သလို
တာဝန်လည်းဖြစ်တယ်။
နိုင်ငံအတွက် အဓိကတာဝန်ယူရမှာက
နောက်ဆုံးတော့ ပြည်သူတွေပါပဲ။
နိုင်ငံအတွက်တာဝန်ယူတယ်ဆိုတာ
ကိုယ့်ရဲ့ဘ၀အတွက်
တာဝန်ယူတာဖြစ်ပါတယ်"

“သတ္တိရှိရှိ၊ ယုံကြည်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲမှာ
ဘယ်ဘက်က ပြည်သူတွေရပ်တည်လဲဆိုတာ
ပေါ်လွင်ပါ စေ။
ပြည်သူတွေရဲ့ သဘောထားဟာ
မရှင်းလို့၊ မပြတ်လို့ဆိုတဲ့ ဆင်ခြေနဲ့
ပြည်သူလူထု လိုချင်တဲ့အစိုးရကို မဖွဲ့ရအောင်လို့
မဖြစ်ပါစေနဲ့။
ဒါကြောင့်မို့ အဖွဲ့ချုပ်ကို ၁၀၀ရာနှုန်းပြည့် ထောက်ခံပါ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ....
7daydaily/ Eleven Media Group  & လူဗိုလ်ဟူသည်

(စာကြွင်း)

နောင်အနာဂတ်မှာ
အကြောက်တရားတွေ ဖိနှိပ်မှုတွေကနေပြီးတော့
လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့်
တစ်ခုတည်းသော ဒီအခွင့်အရေးကို
လက်လွှတ် အဆုံးရှုံးမခံပါနဲ့။

သဘာဝမကျတဲ့ အကြောက်တရားတွေ
ခြိမ်းခြောက်ဖိနှိပ်မှုတွေကနေ ကင်းရှင်းတဲ့
လှပလာမယ့် အနာဂတ် လူ့ဘောင်သစ်တစ်ခု
ဖြစ်လာစေဖို့ အတွက်
ကိုယ့်လက်ထဲကမဲတစ်ပြားသည်
တည်ဆောက်ရေး အုတ်တစ်ချပ် ဖြစ်ပါစေကြောင်း
အကြံပြုပါတယ်။

(mhp)

No comments:

Post a Comment