Friday, July 31, 2015

"လမြတ်ဝါဆို"

"လမြတ်ဝါဆို"
။။။။။။။။။။။။။။။။


ဝါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာအများ
ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့
ဝါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်း
ကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟို
ဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ
အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ လွဲနေတဲ့ ရှေးအယူအဆ
တွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်
လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှု
တွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်း
မှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင်
စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ
ဖြစ်ပါတယ်။

ဝါတွင်းဆိုလို့ တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲ
ဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်း
ဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့
အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ
ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေ
အထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ
အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ
ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာ
ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု
ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာ
သက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့
သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့်
- ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊
- အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တော
ထွက်သွားတဲ့နေ့ရယ်၊
- အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့)
ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက်ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်
ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။

ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့်
ဝါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့အတူတူပဲ
ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆို
လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့
ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့
နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို
လမြတ်ဝါဆိုလို့ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာ
တော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို
"ဓမ္မစက္က ပ၀တ္တနသုတ်"လို့ အမည်ပေးပါတယ်။

တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး
လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း
ဟောကြားတော်မူတဲ့ အတွက်ကြောင့် "ဓမ္မစက္ကပ၀တ္တန" လို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်
ကူကူပဲဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့
ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့
လို့အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို
ဝါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို
ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်
အကျွေးပြုခဲ့ကြတဲ့ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို
နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို
စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို
ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်
ပါတယ်။ ဒီတရားဦးဒေသနာမှာမြတ်စွာဘုရားရှင်က
ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါး
တတ်တဲ့ ကာမသုခလ္လိကာနုယောဂအကျင့်နဲ့
မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့
အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး
အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို
ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ
တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆို
ရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်
အတွက်

*** မှန်ကန်တဲ့အမြင် - သမ္မာဒိဋ္ဌိ
*** မှန်ကန်တဲ့အတွေး - သမ္မာသင်္ကပ္ပ
*** မှန်ကန်တဲ့စကား - သမ္မာဝါစာ
*** မှန်ကန်တဲ့အလုပ် - သမ္မာကမ္မန္တ
*** မှန်ကန်တဲ့အသက်မွေးမှု - သမ္မာအာဇီဝ
*** မှန်ကန်တဲ့ကြိုးစားအားထုတ်မှု - သမ္မာဝါယမ
*** မှန်ကန်တဲ့သတိရှိမှု - သမ္မာသတိ
*** မှန်ကန်တဲ့သမာဓိရှိမှု -သမ္မာသမာဓိ ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို
လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်
အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ဒီလို အလယ်အလတ်
လမ်းစဉ်ကို သွားနိုင်ရေးအတွက်အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို
*** မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး
မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။***

*** နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့တွယ်တာမှုတဏှာလို့
ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို
ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။***

ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့
အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း
ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့
လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။တရားဦးဒေသနာ
တော် မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး
ဖြစ်စေတတ်တဲ့ အကျင့်တွေကိုရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်
အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ
ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲ
လုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစား
အားထုတ်ရမှာ ဖြစ်ပါတယ်။

ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။လမြတ်
ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံး
ဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ်ပြည့်ဝစေပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

********************
ဒီနေ့ ကျရောက်တဲ့
"ဓမ္မစကြာ အခါတော်နေ့" အတွက်
ကျေးဇူးတော်ရှင် (ယော)ဆရာတော်ဘုရားကြီး
(အရှင်သိရိန္ဒာဘိဝံသ) ၏ ဆုတောင်းမေတ္တာပို့
ပါ တင်ပေးလိုက်ပါတယ် ...

“လူ(နတ်)သတ္တ၀ါတွေအားလုံး
စိတ်ကောင်းထားလို့
စာနာထောက်ထား
သနားညှာတာတတ်ကြပါစေ၊
မေတ္တာတရား ရှိကြပါစေ၊
ဘယ်သူမဆို သတ္တ၀ါအားလုံး
ကောင်းတာ တွေ့ကြပါစေ။

ဘေးရန်ကင်းကြပါစေ၊
ကြောင့်ကြကင်းကြပါစေ၊
ဆင်းရဲကင်းကြပါစေ၊
ကျန်းမာကြပါစေ၊
ချမ်းသာကြပါစေ၊

အဆိုးကင်းကြပါစေ၊
အကောင်းပြည့်စုံကြပါစေ၊
အဆိုးနိုင်ကြပါစေ၊
အကောင်းပိုင်ကြပါစေ၊၊”

credit to ...... Popular Journal &
Young Buddhist's Association

No comments:

Post a Comment