Thursday, June 25, 2015

"ဦးဝင်းမြင့်၏ ဆွေးနွေးချက်"

"ဦးဝင်းမြင့်၏ ဆွေးနွေးချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဇွန်လ ၂၃ ရက်နေ့က ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း” ကို ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်မှ ပါဝင် ဆွေးနွေးချက် -
  
ကျွန်တော့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးကို
သဘောတူပါတယ်။ ဒါပေမယ့် ပြောင်းလဲပုံပြောင်းလဲနည်းနဲ့ပတ်သက်၍
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားနဲ့ ကွဲလွဲ နေပါတယ်ဆိုတာကို ဦးစွာ လေးစားစွာတင်ပြအပ်ပါတယ်။

*** ပုဒ်မ ၅၉(စ)***

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄(က)တွင် -
မိမိကိုယ်တိုင်နှင့် မိမိ၏မိဘနှစ်ပါးသည် နိုင်ငံတော် အတွင်း
မွေးဖွားသော နိုင်ငံသားဖြစ်ပြီး ပါလီမန်အမတ်အဖြစ်
ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့်အရည်အချင်းနှင့်ပြည့်စုံလျှင်
နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်တင်မြှောက်ခံနိုင်ခွင့်ရှိကြောင်း အတိအလင်းပြဋ္ဌာန်းထားပါတယ်။

၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
ပုဒ်မ ၆၄မှာ -
ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားတယ်။
ပုဒ်မ ၆၅ မှာ -
နိုင်ငံတော် ကောင်စီဝင်များသည် မိမိတို့ထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို ရွေးချယ် တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားခြင်း၊
ပုဒ်မ ၆၆ မှာ -
နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတ ဖြစ်ရမည်လို့
ပြဋ္ဌာန်းထားခြင်းတို့ကိုတွေ့ရှိရပါတယ်။
ယင်းပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းများနှင့်ပြည့်စုံလျှင် လုံလောက်ကြောင်းထင်ရှားနေပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျင့်သုံးခဲ့တဲ့
အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ
နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့စပ်လျဉ်းပြီး
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင်ပါရှိသော
ပြဋ္ဌာန်းချက်မျိုး လုံးဝမတွေ့ရှိရပါ။

ကျွန်တော်လေ့လာမိသမျှ
ကမ္ဘာ့နိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း
ဤကဲ့သို့ပြဋ္ဌာန်းချက်မျိုး လုံးဝမရှိပါ။

ဥပမာအားဖြင့် -
ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော အမေရိကန်နိုင်ငံတွင်
သမ္မတဖြစ်ရန် အနည်းဆုံး အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ အမေရိကန်နိုင်ငံတွင် မွေးဖွားသူဖြစ်ရမည်။
၁၄ နှစ်ကြာ နေထိုင်သူဖြစ်ရမည်ဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်ပဲရှိကြောင်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ မှာလည်း
သမ္မတဖြစ်ရန် အသက် ၃၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်။
အောက်လွှတ်တော် ရွေးကောက်ပွဲ အတွက် အရည်အချင်းပြည့်သူဖြစ်ရမည်။ အစိုးရရုံးတွင်ဖြစ်စေ၊ အစိုးရလက်အောက်ခံရုံးတွင်ဖြစ်စေ
တာဝန်ထမ်းဆောင်သူ မဖြစ်စေရဆိုတဲ့ အရည်အချင်းပဲသတ်မှတ်ထားကြောင့် လေ့လာတွေ့ရှိရပါတယ်။

ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမှာ
၂၅ ရာခိုင်နှုန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို
ပုံတူကူးယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဖွဲ့စည်းပုံမှာဆိုရင်လည်း - သမ္မတဖြစ်ရန် နိုင်ငံသားဖြစ်သူ၊ ၃၅ နှစ်ထက် မငယ်သူ၊
လာဘ်စားမှု၊ ရာဇဝတ်မှုများ မကျူးလွန်ထားသူ၊ နိုင်ငံအတွင်းနေထိုင်သူ၊ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မိမိ၏ပိုင်ဆိုင်မှုများ သတင်းပို့ပြီးသူ၊ တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့် အကြွေးမယူထားသူ၊
လွတ်လပ်ရေးကြေညာစာတမ်းကို သစ္စာစောင့်သိသူ၊
အနည်းဆုံးအခြေခံပညာ အထက်တန်းအောင်မြင် ပြီးသူ၊
သမ္မတရုံးကိုအုပ်ချုပ်ရန် အမြင်ရှိသူ စသည်ဖြင့် အသေးစိတ်ပါရှိသော်လည်း
ပုဒ်မ ၅၉(စ)မှာပါတဲ့ အချက်မျိုး
"ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ဖက်သတ် သတ်မှတ်ထားခြင်းမျိုး" မတွေ့ရပါ။

***ပုဒ်မ ၄၃၆(က)***

ပုဒ်မ ၄၃၆(က)မှာ ပါရှိတဲ့ပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ တင်းကျပ်စွာသတ်မှတ်ထားပါတယ်။

ဒါဟာ "ကမ္ဘာမှာပြင်ဆင်ရန်အခက်ခဲဆုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း" ပေါ်လွင်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အခြေအနေ၊အချိန်အခါနဲ့အညီ
ပြောင်းလဲပြင်ဆင်ရပါတယ်။
လိုအပ်လို့ အချိန်နဲ့တပြေးညီ မပြောင်းလဲ မပြင်ဆင် နိုင်ပါက
တိုင်းပြည်မှာ မလိုလားအပ်တဲ့ပြဿ      နာများ၊ ပဋိပက္ခများ၊ ဆိုးကျိုးများ
ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်သမ္မတဟောင်း ရုစဘဲ့က
"အခြေခံဥပဒေဟူသည် ပြည်သူတို့၏ စရိုက် လက္ခဏာများ၊ လိုလားချက်ဆန္ဒများနဲ့ကိုက်ညီအောင် အစဉ်ရှင်သန်နေသောအရာဖြစ်သည်" လို့ အဆိုအမိန့် ရှိပါတယ်။

၄၃၆(က)ရဲ့ ပြဋ္ဌာန်းချက်အတိုင်းဆိုပါက
"ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များက ဘယ်လိုပဲ ပြင်ဆင်စေချင်ကာမူ
တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံမှု မရှိပါက ဘယ်လိုမှမပြင်ဆင်နိုင်ကြောင်း" တွေ့ရှိရပါတယ်။

ဒါဟာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီမှု မရှိကြောင်းဖြစ်နေပါတယ်။
*** ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ယင်းဥပဒေကိုပြန်လည်ဖျက်ဆီးမယ့်
မျိုးဥများ မပါရှိစေရ၊၊*** ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များရဲ့ သုံးသပ်ချက်ကိုလည်း အထူးသတိပြုသင့် ကြပါတယ်။

ယခုပြင်ဆင်ထားတဲ့ ....
"၇၀ ရာခိုင်နှုန်း အောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက
ပြင်ဆင်ရန် သဘောတူလက်ခံခြင်းဆိုတဲ့ ပြင်ဆင်ချက်ဟာလည်း
လုံလောက်မှုမရှိသေးပါ။
ဒါဟာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမပါဘဲ
ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်ချည်းဖြင့်သာ
တွက်ကြည့်ရင် ၉၄ ရာခိုင်နှုန်းရမှ ပြင်ဆင်ခွင့်ရှိသလို ဖြစ်နေပါတယ်။"

ဒါဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အထက်မှာတင်ပြခဲ့တဲ့နိုင်ငံတွေထက် ဒီမိုကရေစီယဉ်ကျေးမှု ခေါင်းပါးနေပြီလား၊
ဒီမိုကရေစီရေချိန်ကျနေပြီလား၊
ဉာဏ်ရည်မမီတော့ဘူးလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

"ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး
ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ သတ်မှတ်ထားခြင်းဟာ တရားမျှတသလို
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ စံချိန်စံညွှန်းနဲ့လည်း ညီညွတ်သဖြင့် ဒါကိုတော့ ထောက်ခံပါတယ်။"

လေးစားအပ်တဲ့ နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။
ယခုကာလကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ပြောကြပါတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့လည်း ကြွေးကြော် နေကြပါတယ်။ အမျိုးသားပြန်လည်ညီညွတ်ရေး ခိုင်မာစေရန်ဆိုပြီး
နိုင်ငံရေးဦးတည်ချက်တစ်ခုလည်း ချမှတ်ထားပါတယ်။

ဒါဆိုရင် ...
"ဒီပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ခြင်း၊ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ခြင်းမရှိသမျှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မဟုတ်သေးကြောင်း၊
ဒီမိုကရေစီနိုင်ငံတော် မတည်ဆောက်သေးကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကို ဦးမတည်နိုင်သေးကြောင်းတို့ကို အလိုလိုပေါ်လွင်ပြီးသား ဖြစ်ပါတယ်။"

credit to ... 7daydaily

1 comment:

  1. လူတိုင်း​လို၂သိပါတယ်​မ​ပေးချင်​လို့တမင်​လုပ်​ထားတာ

    ReplyDelete