Tuesday, April 7, 2015

"ရွေးချယ်မှု"

"ရွေးချယ်မှု"
။။။။။။။။။။။။။။   


ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို
အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။
သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း
အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်း
တစ်ယောက်လည်းဖြစ်ပါတယ်။
ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက
သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။

ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။
သူ့ပင်ကိုယ်စိတ်ထားကိုက လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။

တစ်နေ့တော့ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။
“ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊
မင်းဟာ အမြဲတမ်းတော့ အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။
ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။
အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

ဂျယ်ရီကပြန်ဖြေပါတယ်
“ကျွန်တော် မနက် အိပ်ယာထတိုင်း ထတိုင်းမှာ
ရွေးချယ်စရာ နှစ်ခုရှိပါတယ်။
တစ်ခုက လန်းဆန်း တက်ကြွစွာနဲ့ အိပ်ယာထမလား?
ဒါမှမဟုတ်
တစ်မှိုင်မှိုင် တစ်တွေတွေနဲ့ အိပ်ယာထမလား?
ဆိုတဲ့ နှစ်ခုကိုပါ။
ကျွန်တော်က လန်းဆန်းတက်ကြွစွာ အိပ်ယာထမယ့်နည်းကို ရွေးတယ်။"

"အင်း နောက်ပြီးတော့ စိတ်ညစ်စရာ၊ အဆင်မပြေစရာ
တစ်ခုခုကြုံလာရင်လည်း ရွေးချယ်စရာ နှစ်မျိုးရှိတယ်။
ဒီ စိတ်ညစ်စရာတွေထဲမှာ ကျွန်တော် သားကောင်အဖြစ်ခံမလား?
ဒါမှမဟုတ်
ဒီစိတ်ညစ်စရာတွေကို အတွေ့အကြုံတစ်ခုလို သင်ယူမလား?
ဆိုတာကိုပါ။
ဒီတော့ ကျွန်တော်က အတွေ့အကြုံတစ်ခုကို သင်ယူသလို ခံယူလိုက်တယ်။"

"အမြဲတမ်းလိုလို အခြားတစ်ယောက်ယောက်က
ကျွန်တော့်ကို မကျေနပ်ကြောင်း အပြစ်တင်လာရင်လည်း
ဒီအပြစ်တင်မှု့တွေကို ဒီအတိုင်းဘဲ လက်ခံမှာလား?
ဒါမှ မဟုတ်
အကောင်းမြင်စိတ်နဲ့ကြည့်မလား? ဆိုတာကိုပါ။
ကျွန်တော်ကတော့ အကောင်းမြင်တတ်တဲ့ စိတ်နဲ့ ကြည့်လိုက်တယ်”

“အင်း၊ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် သိပ်မလွယ်လှဘူးနော်” လို့ ကျွန်တော်ကပြန်ပြောလိုက်ပါတယ်။

ဂျယ်ရီက ပြုံးရင်းပြန်ဖြေပါတယ်
“ဟုတ်တယ်၊ သိပ်မလွယ်ပါဘူး။”

“တစ်ကယ်တမ်းတော့ ဘ၀ဆိုတာ ရွေးချယ်မှုတွေနဲ့ပဲ ပြည့်နေတာပါ။
ပြသနာတိုင်းရဲ့ အပေါ်ယံကိုဖယ်လိုက်၊
နောက်ဆုံးမှာ ဘယ်အခြေအနေမဆို တစ်ခုခုတော့ ရွေးချယ်ရမှာဘဲလေ။

ဒီတော့ ခင်ဗျား ကြုံတွေ့နေတဲ့အခြေအနေကို ဘယ်လိုတုန့်ပြန်ချင်တယ်
ဆိုတာကို မူတည်ပြီး ခင်ဗျားရွေးချယ်ရမှာဘဲ။

အဲ့ဒီတော့ ခင်ဗျားရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့
ခင်ဗျားဘေးကလူတွေကလည်း ခင်ဗျား အပြုအမူအပေါ်မူတည်ပြီး
တုံ့ပြန်ကြမှာဘဲ။" .... တဲ့ ။

(Aung Htut)

ဆောင်းပါးရှင် "Aung Htut" ၏ "အကောင်းမြင် စိတ်ကလေး တစ်ခု"
ဆောင်းပါးမှ

credit to .... ရွှေအိမ်စည်စာကြည့်တိုက်

No comments:

Post a Comment