Friday, December 5, 2014

"စည်းလုံး ညီညွတ်ကြပါစေ”

"စည်းလုံး ညီညွတ်ကြပါစေ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဖွဲ့အစည်းတွေရဲ့ဒဏ်ကို ခံစားခဲ့ဖူးသူတစ်ယောက် အနေနဲ့
တစ်ဖွဲ့ဖွဲ့မှာ ပါဝင်ရမယ် ဆိုရင်ကို အလိုလို ကြောက်နေမိခဲ့တယ်။
သို့သော်လည်း….
လုပ်ငန်းဆိုတာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ပြီးနိုင်တာမျိုး
ရှိသလို၊အများနှင့် ပူးပေါင်းဆောင်ရွက်ပါမှ ပြီးမြောက်နိုင်တာတွေ
လည်း အပုံကြီးပဲဆိုတာကိုတော့ လက်ခံယုံကြည်တယ်။

အဖွဲ့အစည်းတွေ ကွဲကြကွာကြတဲ့ သတင်းတွေ ဖတ်ရလေတိုင်း ရင်မော
မိတယ်။ ညီညွတ်ဖို့ဆိုတာ အတော်ခဲယဉ်းတဲ့အရာပဲ ဆိုတာကိုလည်း
သတိပြုမိတယ်။ "ညီချင်ရင် ညွတ်ပေးရတယ်" ဆိုတဲ့ သီအိုရီကို လက်ခံဖို့ဆိုတာ မြင့်တဲ့လူတိုင်းအတွက်အဆင်သင့် မဖြစ်မှန်း
တဖြည်းဖြည်း သဘောပေါက်မိလာတယ်။

"မြေပြင်မှာလဲနေတဲ့ သစ်တစ်လုံးကို ပြိုင်တူ ထူမကြဖို့ဆိုရင်
မြင့်သူတွေက ညွတ်ပေးမှ နိမ့်တဲ့သူတွေ သက်သာမယ်။"
တကယ်တော့ ညီမျှမှုတစ်ခုရဖို့ဆိုတာ မြင့်တဲ့လူတွေရဲ့
အညွတ်ကိုချည်း စောင့်နေလို့ကလည်း မဖြစ်သေးဘူး၊
အခြေအနေအရ နိမ့်တဲ့လူတွေကလည်း ခါးကိုဆန့်ပြီး
ခြေဖျားထောက်ကြွပေးတန်ရင် ထောက်ကြွပေးရမယ် လို့ မြင်မိတယ်။

"မြေပေါ်ကသစ်တုံး ပုခုံးတွေပေါ်ရောက်လာပြီဟေ့ဆိုရင်
နိမ့်တဲ့လူတွေက ခြေဖျားထောက်ကြွပေးမှ မြင့်တဲ့လူတွေ
သက်သာမယ်။"

အဲသလိုပဲ…
@ ဘယ်အရာမှာမဆို ညီချင်ရင် ညွတ်ပေးသင့်တန် ညွတ်ပေးကြ
ရမှာ ဖြစ်သလို၊ကြွပေးသင့်တန်ရင်လည်း ကြွပေးကြရမှာ ဖြစ်ပါတယ်။
@ ညွတ်ပေးရမယ့်သူတွေက ညွတ်ပေးခဲ့ကြပေမယ့်
ကြွပေးရမယ့်သူတွေ အလှည့်ရောက်တဲ့အခါ မကြွပေးခဲ့ကြရင်၊
@ ကြွပေးကြရမယ့်သူတွေက ကြွပေးကြပေမယ့်၊
ညွတ်ပေးရမယ့်သူတွေအလှည့် ရောက်တဲ့အခါ မညွတ်ပေးခဲ့ကြရင်
ညီမျှမှုဆိုတာ အလှမ်းဝေးနေကြဦးမှာပါပဲ။
*** မညွတ်ပေးချင်ကြတဲ့ “မာန” နဲ့
မကြွပေးချင်ကြတဲ့ “အရွဲ့တိုက်မှု” တွေကို
ကိုယ်စီကိုယ်စီ မဖယ်ရှင်းနိုင်ကြသေးသမျှ ကာလပတ်လုံး
သစ်တုံးကြီးကတော့ ဒုံရင်း ဒုံရင်းရှိနေဦးမှာပါဘဲ …. ။ ***
ဘယ်သူညွတ်ညွတ် မညွတ်ညွတ်၊
ဘယ်သူကြွကြွ မကြွကြွ၊ အမြင်မတော်သူတွေစုပြီး
အတင်းကာရော ဆွဲထူခဲ့ကြရရင်တောင်မှ
စည်စည်ကားကား စိုစိုပြေပြေရှိမှာတော့ မဟုတ်ဘူး... ။

အရှင်ဝိသာရဒ (ရမ္မာဝတီ)
ပြည်မြန်မာ

credit to ..... lwanmapyay

No comments:

Post a Comment