Thursday, October 1, 2015

"၈ရက် ၁၁လ ၂၀၁၅"

"၈ရက် ၁၁လ ၂၀၁၅"
။။။။။။။။။။။။။။။။။။။။။။။။


* ဒီပွဲဟာ ...
ချစ်ကြည်ရေးပွဲ မဟုတ်ဘူး။
ခြေစမ်းပွဲ မဟုတ်ဘူး။
ဖလားလုပွဲ ဖြစ်တယ်။
ရလာဒ်ဟာ သေရေးရှင်ရေးထက်ကို
ပိုအရေးကြီးတယ်။

* ဒီပွဲဟာ ...
ဘေးကထိုင်ကြည့်ရမယ့်
စစ်တုရင်ထိုးပွဲမဟုတ်ဘူး။
ကိုယ်တိုင်ဝင်နွှဲရမယ့်
လွန်ဆွဲပွဲဖြစ်တယ်။
ကိုယ်အားမစိုက်ရင်
သူများဘက်ပါသွားမယ်။

* ဒီပွဲဟာ ...
ထီတစ်စောင်ထိုးပြီး
သိန်းတစ်ထောင်မျှော်ရမယ့်
အောင်ဘာလေထီဖွင့်ပွဲ မဟုတ်ဘူး။
ကိုယ့်ရွေးချယ်မှုအတိုင်း
အလျော်အစားလုပ်မယ့်
တစ်ချပ်မှောက်ဖဲဝိုင်း
ဖြစ်တယ်။
လောင်းကြေးက
ဘဝပေါင်းသန်းခြောက်ဆယ်။

* ဒီပွဲဟာ...
ရှော့ပင်းစင်တာမှာ ဈေးဝယ်သလို
ရွေးချယ်စရာတွေအများကြီး မရှိဘူး။
ပြည်တန်ပတ္တမြားတစ်လုံးကို
လေလံဆွဲသလို
ရှိသမျှပုံအောပြီး ဝယ်ရမယ့်ပွဲ။
အနာဂတ်တွေကိုအပေါင်
ထားထားရတယ်။

* ဒီပွဲဟာ ...
ဒီတစ်စီးလွတ်သွားလည်း
အရေးမကြီးဘူး။
ခဏနေနောက်တစ်စီးလာလိမ့်မယ်ဆိုတဲ့
ဘန်ကောက်က စကိုင်းထရိန်းမဟုတ်ဘူး။
သေချာပြင်ဆင်ပြီးမှ
လွှတ်တင်ရမယ့်
အာကာသလွန်းပြန်ယာဉ်။
အမှားမခံဘူး။
နောက်တစီးမသေချာဘူး။

* ဒီပွဲဟာ...
လမ်းဘေးမျက်လှည့်ပွဲ မဟုတ်ဘူး။
ခလေးကစားတဲ့ မိုနိုပိုလီပွဲ မဟုတ်ဘူး။
လွတ်လပ်ရေးနေ့အပြေးပြိုင်ပွဲ မဟုတ်ဘူး။
သေခွက်ကိုမြှောက်ကစားတဲ့ နတ်ကန္နားပွဲ မဟုတ်ဘူး။

ဓမ္မနဲ့ အဓမ္မ
တစ်ဘက်စီကရိုက်ခွဲကြမယ့်
အသက်လုပွဲဖြစ်တယ်။
ကွဲတဲ့သူတသက်လုံး ရှုံးလိမ့်မယ်... ။

(Okka Kyi Winn)

credit to ... Okka Kyi Winn

No comments:

Post a Comment