Saturday, July 19, 2014

"ဦးအောင်ဆန်း၏ နောက်ဆုံးနေ့"


"ဦးအောင်ဆန်း၏ နောက်ဆုံးနေ့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လွှတ်တော်ရုံး ၀င်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ
ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး
အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည် ။ သခင်နု
ရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ ။
သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်း
ပုတ်ကြီးလည်း ဆွဲ၍ထားသည် ။ ရုံးစေနှစ်ယောက်မှာ
နံရံကိုမှီကာ ရပ်နေကြသည် ။ ခါတိုင်းလို စကားပြောမနေကြ ။
သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေကြ သည်ဟု
အောက်မေ့လိုက်သည် ။

ကျွန်တော်က ငိုင်တိုင်တိုင် နေသော ရုံးစေတစ်ဦးအား “ဦးသိန်းဟန်
ရှိသလား” ဟုမေးသည် ။ “ရှိပါတယ်ခင်ဗျ” ဟု ခပ်တိုးတိုး
သာသာ အေးအေးဖြေသည် ။ သည်တော့မှ မျက်နှာပျက်နေကြောင်း
အသေအချာ သိလိုက် တော့သည် ။ စိတ်ထဲတွင်ကား မရှင်း ။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ
တံခါးဝတွင်ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍
အထဲမှာ အစည်းအဝေးလုပ်နေသလား” ဟု မေးရသည် ။
ရုံးစေသည် ဘာမှမပြောဘဲ အသာအယာစေ့ထားသော
တံခါးကို ဖွင့်ပေးသည် ။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင်
ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့
ဝင်လိုက်သည် ။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက် ။ စေ့ထားသော ပြတင်း
တံခါးမှ ပြာစိမ်းစိမ်း မှန်ရောင် ရိုက်ဟပ်သဖြင့် အခန်းသည်
စိမ်းစိမ်းပြာပြာ ဖြစ်နေသည် ။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား
တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ
ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည် ။ ဇော်ဂျီသည် ကျွန်တော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်
စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကို သာ လက်ဖြင့်ညွှန်ပြသည် ။
သူသည် ငေးငိုင်၍ နေသည် ။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည် ။
ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော
အတွင်းဝန်များရုံးသည် ဘာကြောင့်ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်၊
ဆိတ် ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည် ။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ “အားလုံးတော့ ဒုက္ခ ဖြစ်ကုန်ပြီ ”
ဟု ဇော်ဂျီက တိုးတိုးညည်းလေသည် ။ ကျွန်တော်ကား ဘာမှန်း
မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာ
လက်ပြ၍ အပြင်သို့ ခေါ်ခဲ့ သည် ။ ကျွန်တော်သည်
ထိတ်ခနဲ ဖြစ်သွားသည် ။
“ လက်ဖက်ရည်ဆိုင် သွားရအောင်”
မိုးဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ် ရောက်မှ
ကျွန်တော်က မနေနိုင်၍ “ ဘာဖြစ်လို့လဲဆရာ” ဟု မေးမိသည် ။
“မင်းမကြားသေးဘူးလား” ဟုဇော်ဂျီက အံ့သြနေသည် ။
“ ဟင့်အင်း … ကျွန်တော်အခုဘဲ ဘတ်စကားပေါ်က ဆင်းပြီး
ရုံးကိုတန်းလာတာ” သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည် ။
ခြင်္သေ့တပ် စစ်ယူနီဖေါင်းကို ၀တ်ဆင်ထားသော လက်နက် ကိုင်
လူ ၄ ယောက်သည် အလယ်ဆင်ဝင်အောက်မှ တက်လာကာ
ဦးအောင်ဆန်း ရုံးခန်းတွင်းသို့ အတင်းတွန်းဝင်၍ အစည်း
အဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့်
ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး
လွတ်မြောက်သွားသည် ။ ကျွန်တော် မရောက်မီ ၁ နာရီ ကျော်ကျော်
ခန့်က ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့်
တုန်လှုပ်၍ သွားသည် ။ အသားများ တဆတ်ဆတ် တုန်လာသည် ။
အတွင်းဝန်ရုံး လဘက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီစသော
ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်
နေကြသည် ။ တစ်စားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန်
ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ် ဆက်လိုက်သည် ။ သူသည်
ခပ်အေးအေးခပ်တွေတွေပင် လဘက်ရည်ကို သောက်နေသည် ။

“အင်မတန် နှမြောဘို့ကောင်းတယ်ဗျာ ၊ သိပ်ပြီးရက်စက်ကြမ်းကြုတ်တဲ့
နိုင်ငံရေး လုပ်ကြံမှုဘဲ” စသည်ဖြင့် လူတစ်ချို့သည် ညည်းတွားလျက်
ရှိကြသည် ။

ဇော်ဂျီက “အမျိုးသားပျက်စီးခြင်း တရပ်ဘဲ” ဟု တသသ ပြောသည် ။
“ကျွန်တော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။
ဒါပေမဲ့ ကျွန်တော်ဝင်လာတာ မတားကြပါဘူး ၊ ဆင်ဝင်အောက်မှာတောင် အသိစာရေးတစ်ယောက်နဲ့ တွေ့သားဘဲ ။ သူကလဲ ဘာမှမပြောဘူး”
“လူတွေဟာ မပြောရက်ကြဘူး” ဟု ဇော်ဂျီက ဆိုလေသည် ။
လဘက်ရည်သောက်နေစဉ် ခုတင်ဘဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး
အပါးကပ်လာ၍ “ဘယ့်နဲ့လဲ“ ဟု ကျွန်တော်တို့က ၀ိုင်း၍ မေးမြန်းကြသည်။
သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံးဆုံးရှာပြီဟု ပြောသည် ။
သူ၏ အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည် ။
“ဗိုလ်ချုပ်ကော” ဟု တယောက်က တိုးတိုးမေးသည် ။
“မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်”

ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း တံခါးပေါက်မှ
ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့ သည် ။ မိုးသည် တစိမ့်စိမ့်ရွာလျက်
ပင် ။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍ ၊ အချို့ ထီးမပါဘဲ ၊
အချို့ ပလက် ဖေါင်းပေါ်တွင် ရပ်ကာ အတွန်းဝန်ရုံးဘက်သို့
မျှော်ကြည့်နေကြသည် ။ ကုလားနှင့် တရုတ်လည်းပါသည် ။

လူတယောက်က ကျွန်တော်၏ လက်မောင်းကို ဆွဲကိုင်၍ “ဒီမယ်…
ခုနက ၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ် ၊ ဟုတ်သလား
ခင်ဗျာ ” ဟုမေးသည် ။ သူကားအကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည် ။
“ဟုတ်ကဲ့ …” ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီး လိုက်သည် ။
ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည် ။

ကားထဲတွင် လူမနည်းလှပေ ။ ခရီးသည်အားလုံး မျက်စိမျက်နှာ
မကောင်းကြ ။ ခပ်ရွယ်ရွယ် မိန်းမပျိုတစ်ဦးက
“ဖြစ်မှ ဖြစ်ရဘေနော် ၊ ဖြစ်မှဖြစ်ရလေ” ဟု မြည်တမ်းလျက်ရှိသည် ။
ဈေးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား
“ဗိုလ်ချုပ် အသက်ရှင်ပါစေတော်” ဟု ဆုတောင်း၍ နေကြသည် ။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို “မပြောကြနဲ့ ၊
မပြောကြနဲ့”ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်ကြသည် ။
သူတို့သည် မပြောရက်ကြ ။

သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦးက “အားကီးရက်စက်တာဘဲ” ဟု ကျွန်တော်ဘက်သို့လှည်၍ ရေရွတ်လျက်ရှိသည် ။ မျက်နှာထား တင်းတင်းနှင့်ဘတ်စကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည် ။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ ။
ဈေးဆိုင်များ ပိတ်ထားလေပြီ ။ သတင်း သည် တမဟုတ်ချင်း ပျံ့နှံ့၍
သွားလေပြီ ။ မော်တော်ကား ၊ လန်ချားတို့ကား ခပ်မြန်မြန်
သွားလာနေကြသည် ။

ကားပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်သောအခါ အိမ်ဝတွင် လူတို့သည်
မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည် ။ လူတို့သည်
အငြိမ် မနေနိုင်ကြ ။မိုးသည် မစဲဘဲ ရွာလျက်ပင် ။

လူတို့သည် “ ဖြစ်မှဖြစ်ရလေ ၊ ဖြစ်မှဖြစ်ရလေ” ဟု တတွတ်တွတ်
မြည်တမ်းရင်းပင် ညနေစောင်းလာတော့ သည် ။ ဗိုလ်ချုပ်ဆုံးကြောင်းကား
ညနေထုတ် သတင်းစာများမှ ကြားရလေပြီ ။ မည်သူ့မျက်နှာကြည့်ကြည့်
မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့် ။ လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏
မိန်းမ ပါးစပ်မှ “ကျုပ်တို့တော့ ထမင်းလဲမချက်တော့ဘူး ၊ စားချင်စိတ်လဲ
မရှိတော့ပါဘူး ရှင်” ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည် ။

နေ၀င်မီးညိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ
မှောင်လှသည် ။ အိမ်သားများဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ
ပြောကြသည် ။ ရှိုက်သံ ၊ တမ်းတသံ ၊ ညဉ်းညူသံ ၊ တသသံ ။

တိတ်ဆိတ်မှောင်မဲသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း
အိပ်မပျော်နိုင်ကြ ။ နေ့ခင်းကဟာ အိပ်မက်ဘဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည် ။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ ၊ လူးလွန့်သံတို့သည် ဆက်၍ နေသည် ။ ရှဲကနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည် ။
တရေးနိုးဆုံလျှင် “ ဘယ်တော့များမှ မေ့ပျောက်ပါ မလဲနော် ” ဟု
အိပ်ချင်သံနှင့် ဆိုကြသည် ။ တရေးနိုးတိုင်း သတိရလျက်ရှိသည် ။
မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ ၊ တသသ နှင့်
ထိုညကို လွန်မြောက်ရသည် ။

(ဒဂုန်တာရာ)

PS ....... "ထိုနေ့မှစ၍ … မြန်မာပြည် ၏ ကံကြမ္မာသည် …............."

၁၉၄၇ သြဂုတ်လ တာရာမဂ္ဂဇင်း

*************************************************************
*** (ပစ္စုပ္ပန်) ***

"အာဇာနည်နေ့"
။။။။။။။။။။။။။။။။။။။

ဒီနေ့မှာ…..
ငါမျက်နှာမသစ်၊သွားမတိုက်ဘူး
နံနက်စာမစားဘူး
အိပ်ရာကနိုးနိုးချင်း
သုံးမိနစ် ငြိမ်သက်နေလိုက်တယ်
ဝမ်းနည်းခြင်းအထိမ်းအမှတ်ပေါ့…..

လက်ကြားက ငါးဆယ်တန်အနွမ်းတရွက်နဲ့
အဲဒီအာဇာနည် ဗိမ္မာန်ကိုလည်း
ငါမရောက်ခဲ့ဘူး ......

ဆေးလိပ်တို တလိပ်ကို
အံကြိတ်ခဲပြီး
ကျဆုံးလေပြီးတဲ့
အာဇာနည်သူရဲကောင်းတွေအတွက်
ငါဝမ်းနည်း
ငါကိုယ်ငါ အတွက်လည်း
ငါဝမ်းနည်း
လူငယ်တွေအတွက်လည်း
ငါဝမ်းနည်း

“တိုက်တိုက်ဆိုင်ဆိုင်
ဗိုလ်ချုပ်ဟာ
အာဇာနည်နေ့မှာမှ သေရတယ်လို့”
အဲသလို….
စကားတခွန်း
လူငယ်တယောက်ဆီက
ငါကြားလိုက်မိတဲ့အခါ
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ
ခေါင်းထဲမှာ ရှော့(shock) ဖြစ်သွားတယ်

ငါ့အတွက်တော့
အမှတ်တရ အာဇာနည်နေ့ ဖြစ်ခဲ့လေတော့တယ်…….

ကျတော်နဲ့အတူဘယ်သူတွေ
အလေးပြုနေမှာလဲ…….

(laminpaing)

*** "ဗိုလ်ချုပ်ပြောခဲ့/မှာခဲ့သော စကားများကို
နှလုံးသွင်းရင်း အာဇာနည်နေ့ကို ဂုဏ်ပြုကြပါစို့ ......" ***

credit to ..... ex-absdf & poemscorner

No comments:

Post a Comment