"ရှုထောင့်"
။။။။။။။။။။။။
ဆရာက ကျောင်းသားတစ်ယောက်ကို
သူ့ရဲ့စားပွဲရှေ့မှာ ထိုင်ခိုင်းပြီး ငါ့ကို [က] တစ်လုံးရေးပြလို့
ပြောပါ တယ်။
ကျောင်းသားကလည်း သူ့ရှေ့က စာရွတ်အလွတ်ထဲမှာ
[က] အကြီးကြီးတစ်လုံး ရေးပြီး ဆရာ့ရှေ့ကို
ထိုးပေးလိုက်ပါတယ်။
ဆရာက သူ့အဖြေကို လက်မခံပါဘူး။
ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက
[ယ] ဖြစ်နေတာကိုး။
နောက်ကျောင်းသားတစ်ယောက်ကို
ဆရာက ခေါ်ပါတယ်။
ခုနကအတိုင်းပဲ [က] ရေးခိုင်းပါတယ်။
ကျောင်းသားကလည်း စာရွက်ပေါ်မှာ [က] လို့ရေးပြီး
စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။
ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။
ဒီအဖြစ်အပျက်လေးမှာ
ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင်
ကိစ္စရပ်တိုင်းမှာ Angle of vision လို့ခေါ်တဲ့
ရှုထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။
ဒီအဖြစ်အပျက်လေးမှာဆိုရင်
ကျောင်းသားနှစ်ယောက် လုံးရဲ့အဖြေက
မှန်နေတာပါပဲ။
ဒါပေမဲ့ ဆရာက ပထမကျောင်းသားရဲ့ အဖြေကို
ဘာကြောင့် လက်မခံရတာလဲ။
တစ်ခုတည်း ကွာသွားတာပါ။
ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း
ဆရာ့ကို သွားပြတာကိုး။
ဒုတိယ ကျောင်းသားကတော့ ဆရာ့ရဲ့ရှုထောင့်ကနေ
အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။
ဒီနေရာမှာ သတိထားရမှာတစ်ခုက
ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို [က]မြင်ရအောင်
သူက [ယ]လို့ အမှားကြီးရေး လိုက်တာ မဟုတ်ပါဘူး။
သူလည်း အမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း
အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်
အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။
အဲဒီကျောင်းသားလေးကို နမူနာယူပြီး
ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ
သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့
စဉ်းစားတွေးခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ
မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့ လိုပါလိမ့် မယ်။
အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို
သူနားလည်လက်ခံနိုင်လာမှာပါ။
အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ် ဆိုတာကို
ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ့ကြည့်ပြီး
ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့
လိုလားအပ်တဲ့ အခြေအနေတစ်ခုကို
ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။
(Nay Phone Latt)
credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်
No comments:
Post a Comment